သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး တရုတ်ကူညီဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း


မြန်မာ့အရေး တရုတ်ကူညီဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း
မြန်မာ့အရေး တရုတ်ကူညီဖို့ ကုလ အတွင်းရေးမှူးချုပ် တိုက်တွန်း

မြန်မာစစ်အစိုးရက ရွေးကောက်ပွဲတွေ ကျင်းပပြီးတဲ့နောက် အပေါင်းလက္ခဏာ ဆောင်တဲ့ လမ်းကြောင်းနဲ့ ဆက်သွားအောင်လို့ အိမ်နီးချင်း တရုတ်နိုင်ငံကြီး အနေနဲ့ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို အသုံးပြုပေးပါလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုလေ့ကျင့်ရေးကျောင်းမှာ အင်္ဂါနေ့က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲ ကုလ အတွင်းရေးမှူးချုပ်က အဲဒီလို ထည့်သွင်း ပြောကြားသွားတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ နှစ် ၂၀ အတွင်း ပထမဆုံး အကြိမ်အဖြစ် ပါတီစုံ ရွေးကောက်ပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ အာရှဒေသဘက် ခရီးထွက်နေတဲ့ ဘန်ကီမွန်းက သူ့ရဲ့ ခရီးစဉ်တလျှောက် မြန်မာ့အရေးကို မကြာခဏ ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အရေးကြီးတဲ့ စမ်းသပ်ချက် တခုအဖြစ် သူမြင်တယ်လို့ မစ္စတာဘန်က ပြောပါတယ်။ ရွေးကောက်ပွဲဟာ ခိုင်မာမှုမရှိတဲ့ ပိုနေမြဲ၊ ကျားနေမြဲ အခြေအနေကို ဆက်ပြီး ခိုင်မြဲနေစေမလား၊ ဒါမှမဟုတ် ပိုပြီးပွင့်လင်းတဲ့၊ ဒီမိုကရေစီနဲ့ ကိုက်ညီတဲ့၊ အားလုံး ပါဝင်မှုရှိတဲ့ နိုင်ငံရေး အနာဂတ်ဆီကို ဦးတည်သွားစေမလား ဆိုပြီးတော့လည်း သူက မေးခွန်းထုတ်ခဲ့ပါတယ်။

ယုံကြည်ရတဲ့ အိမ်နီးချင်း မိတ်ဆွေနိုင်ငံတခု အနေနဲ့ မြန်မာနိုင်ငံ ရှေ့ခရီးအတွက် နည်းလမ်း ရှာဖွေတာမှာ ကုလသမဂ္ဂကို ကူညီရေး တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍဟာ အထူး အရေးပါလိမ့်မယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာ ပြောခဲ့ပါတယ်။

XS
SM
MD
LG