သုံးရလွယ်ကူစေသည့် Link များ

ဘန်ကီမွန်း ရွေးကောက်ပွဲ သဘောထား မြန်မာ့နိုင်ငံရေးသမားတွေ ကြိုဆို


မြန်မာစစ်အစိုးရက ဒီနှစ်ထဲ ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲ အပါအဝင် နိုင်ငံရေး လုပ်ငန်းစဉ်တွေအပေါ် အားမလို အားမရ ဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုလိုက်တာဟာ လက်ရှိ အခြေအနေတွေကို ထင်ဟပ်နေတယ်လို့ နိုင်ငံရေး အသိုင်းအဝန်းက ပြောပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ သူတွေကတော့ အပြောင်းအလဲတွေကို မျှော်လင့်မှုတွေလည်း ရှိနေကြတာပါ။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရ ကျင်းပပေးမယ်ဆိုတဲ့ ရွေးကောက်ပွဲရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေအပေါ် စိုးရိမ်မကင်း ဖြစ်တယ်ဆိုတဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ ပြောဆိုမှုဟာ လက်ရှိကြုံနေရတဲ့ အခက်အခဲတွေ အပေါ်မှာ အမှန်အကန် ပြောဆိုလိုက်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ပြောပါတယ်။ ကုလသမဂ္ဂလို အဖွဲ့ကြီးအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေရော ပြည်တွင်းက လူထုရဲ့ ဆန္ဒတွေကိုပါ နားထောင်ပြီး စစ်အစိုးရ အနေနဲ့ တုံ့ပြန်ပြောဆိုခြင်း မရှိတာဟာ မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့ စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို လျစ်လျူရှုထားတာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ပြောတာကတော့ သူ့သုံးသပ်ချက်ကတော့ အမှန်အကန် သုံးသပ်ချက်ပဲလေ။ ပြီးတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ဥပဒေတွေက တင်းတင်းကျပ်ကျပ်တွေ လုပ်ထားတယ်။ အမျိုးသား ရင်ကြားစေ့ရေးအတွက် ဆိုရင် လိုအပ်တဲ့ ညှိနှိုင်းမှု လုပ်ရမယ်၊ Dialogue လုပ်ရမှာပေါ့။ Dialogue မရှိဘဲနဲ့ ဘယ်ဟာမှ ဖြစ်မလာဘူးလေ။ ကုလသမဂ္ဂ အနေနဲ့ ကောင်းစွာ မတုံ့ပြန်ဘူးဆိုတာ ဘယ်အချက်တွေလဲ ဆိုတာ မပါတော့ အသေးစိတ်တော့ ကျနော်တို့ မသိရဘူးပေါ့။ ဘယ်အချက်တွေ၊ ဘယ်အချက်တွေ သတင်းထုတ်ပြန်ဖို့ လိုမယ်လို့ ကျနော်တော့ အဲဒီလို ထင်ပါတယ်။”

NLD ပါတီက ဦးဉာဏ်ဝင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ ဘန်ကီမွန်း သုံးသပ်ခဲ့သလိုပါပဲ၊ အခု ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေ အနေနဲ့ ပါတီနိုင်ငံရေးဆိုင်ရာ လုပ်ငန်းစဉ်တွေအတွင်း အခက်အခဲတွေ ကြုံနေရပါတယ်လို့ ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဒီရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေးအတွက် ကောင်းသော အပြောင်းအလဲ ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်လို့လည်း ဦးသုဝေက ပြောပါတယ်။

“ကျနော်တို့ လက်တွေ့ တွေ့ရတာတော့ အခက်အခဲတွေ အများကြီး ရှိပါတယ်။ ဥပမာအားဖြင့် ရွေးကောက်ပွဲ ကော်မရှင်ကို ပါတီဝင်စာရင်း ၁,၀၀၀ တင်ရမယ်ဆိုလို့ ကျနော်တို့ တင်ထားတယ်။ အဲဒီတင်ထားတဲ့ စာရင်းကို ယူပြီးတော့ ထောက်လှမ်းရေးတွေက တအိမ်တက်ဆင်း စာရင်းထဲပါတဲ့ လူတွေကို ကိုယ်ရေးရာဇဝင်တွေ တောင်းတယ်၊ ဓာတ်ပုံတွေ တောင်းတယ်ဆိုတော့ လူတွေက နည်းနည်း လန့်တာပေါ့။ လန့်တယ်ဆိုတော့ တချို့က ပါတီဝင်က ထွက်ရမလား၊ ဘာလား ဒီလိုဖြစ်တယ်။ စသည်ဖြင့် အဲဒီလို အခက်အခဲတွေတော့ ရှိနေတာပဲပေါ့။ ကျနော်တို့ကတော့ အခက်အခဲတွေ ဒီလို ရှိသော်လည်းပဲ မျှော်လင့်ချက်ကတော့ ရွေးကောက်ပွဲသာ ပြီးသွားလို့ စနစ်အပြောင်းအလဲတခု ဖြစ်သွားရင် အခြေအနေဟာ ပိုကောင်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်ကို မျှော်ပြီးတော့ ကျနော်တို့က လုပ်နေတာပဲ။”

ဒီမိုကရက်တစ်ပါတီ မြန်မာပြည်ရဲ့ ဥက္ကဋ္ဌ ဦးသုေ၀ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနေ့က နယူးယောက်ခ်မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာတဝန်း ရင်ဆိုင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဟန့်တားနိုင်ရေး အဆင့်မြင့် အဖွဲ့တရပ်ကို ကမ္ဘာ့နိုင်ငံ အသီးသီးက ပုဂ္ဂိုလ်တွေနဲ့ ဖွဲ့စည်းလိုက်ပြီဆိုတာ ကြေညာခဲ့အပြီး ကုလသမဂ္ဂ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စတာ ဘန်ကီမွန်းက မြန်မာ့နိုင်ငံရေး ပြဿနာတွေကို ထည့်သွင်း ပြောဆိုခဲ့တာပါ။ သူ အဓိက ပြောဆိုတဲ့ အထဲမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်အတွက် စစ်အစိုးရဟာ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်း မရှိလို့ စိတ်ပျက်မိတယ်လို့လည်း ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ကျပြီးသားဖြစ်တဲ့ ကရင်ပြည်သူ့ပါတီက အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါးကတော့ အတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုချက်ဟာ လက်ရှိ နိုင်ငံရေး အခြေအနေတွေအပေါ် ရောင်ပြန်ဟပ်ခြင်း မရှိဘူးလို့ ဆိုပါတယ်။

“သူတို့ကတော့ အဝေးကြီးမှာလည်း နေတယ်၊ သူတို့ခံစားချက်နဲ့ သူတို့ ပြောနေကြတာကိုး။ တို့ ပြည်တွင်းမှာနေတဲ့ ပုဂ္ဂိုလ်တွေက တို့ခံစားချက်နဲ့ အမြင် ရှိတယ်လေ။ ဘောင်အရ မတူတော့ အမြင်ချင်းလည်း တူမှာမဟုတ်ဘူး။ ခံစားချက်လည်း မတူဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ရင် အခုထက်ထိတော့ ပြဿနာ မရှိပါဘူး။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စက တော်တော်ကျယ်ဝန်းပါတယ်။ အဲဒါကို တဖြည်းဖြည်း ကျော်လွှားဖို့အတွက်လည်း လုပ်နေကြတယ်လေ။ နိုင်ငံတော်ကလည်း လုပ်နေတယ်လို့ မြင်ပါတယ်။”

ကရင်ပြည်သူ့ပါတီ အထွေထွေ အတွင်းရေးမှူး ဦးစောစေးဝါး ပြောပြခဲ့တာ ဖြစ်ပါတယ်။

အများပြည်သူဆန္ဒ မပါဝင်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအတွက် ၂၀၁၀ ရွေးကောက်ပွဲကနေ မြန်မာပြည်အတွက် ကောင်းတဲ့ အပြောင်းအလဲ ဖြစ်လာဖို့ လုံး၀ မမြင်ဘူးလို့ ဇိုမီး ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင်ရှင်းထန်က ပြောပါတယ်။

“အခု ရွေးကောက်ပွဲ လုပ်မယ်ဆိုတာ ရွေးကောက်ပွဲမှာ ဝင်တဲ့လူတွေ ပါတီက စပြီးတော့ သူတို့လှုပ်ရှားမှု လွတ်လွတ်လပ်လပ်ပေးတာ တခုမှမရှိဘူးဆိုတာ ကျနော်တို့ အထင်အရှား တွေ့နေတယ်။ နေ့ရက်တွေလည်း အခုထက်ထိ ကြေညာတာ မရှိသေးတော့ ဒါတွေက စိုးရိမ်စရာ အများကြီးဖြစ်တယ်ဆိုတာ မြင်ပါတယ်။ ဒီလောက် အခြေအနေမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ ရင်ကြားစေ့ရေး လုပ်လို့ရမယ် ဆိုတာကတော့ အတော်လေးကို ခက်ခဲလိမ့်မယ်လို့ ကျနော် အဲဒီလိုပဲ မြင်ပါတယ်။”

ဇိုမီး ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင်ရှင်းထန် ပြောပြခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်လို့ စိတ်ပျက်မိတယ်၊ စိုးရိမ်မိတယ်လို့ ကုလသမဂ္ဂက မကြာခဏ ပြောနေပေမဲ့လည်း ဒီအပေါ်မှာ မြန်မာစစ်အစိုးရဘက်က တုံ့ပြန်ခြင်း တခါမှ မရှိသေးသလို ကုလသမဂ္ဂ အဖွဲ့ကြီး အနေနဲ့လည်း မြန်မာ့အရေးကို ဒီ့ထက်ပိုပြီး လုပ်ဆောင်ဖို့ လိုသေးတယ်လို့ တိုက်တွန်း ဝေဖန်နေကြတာလည်း ရှိပါတယ်။

XS
SM
MD
LG