သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မမျှတရင် နိုင်ငံတကာ ဆက်လက် အရေးယူရမည်


ရွေးကောက်ပွဲ မမျှတရင် နိုင်ငံတကာ ဆက်လက် အရေးယူရမည်
ရွေးကောက်ပွဲ မမျှတရင် နိုင်ငံတကာ ဆက်လက် အရေးယူရမည်

နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲဟာ အများက လက်ခံနိုင်အောင် မြန်မာစစ်အစိုးရက ဆောင်ရွက်သွားဖို့နဲ့ ဒီလိုလုပ်ဖို့ ပျက်ကွက်ခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ အရေးယူသွားဖို့ လိုအပ်ကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်ပါတယ်။ စစ်အစိုးရ အနေနဲ့ တရားမျှတမှု၊ တာဝန်ခံမှုတွေကို ပြသသွားဖို့ လိုနေဆဲ ဖြစ်တဲ့အကြောင်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ တိုမာ့စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောဆိုလိုက်တာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

စစ်အစိုးရက ကျင်းပပေးမယ့် ရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ နိုင်ငံတကာ အသိုင်းအဝန်းက အားမလို အားမရ ဖြစ်သံတွေ ထွက်ပေါ်လာနေတဲ့အထဲ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း အခြေအနေတွေ တိုးတက်အောင် မလုပ်နိုင်တဲ့အတွက် စိတ်ပျက်လက်ပျက် ဖြစ်ရကြောင်း ပြောဆိုလိုက်တာပါ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံကို သူ့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ တင်သွင်းအပြီး နောက်တနေ့ဖြစ်တဲ့ ကြာသပတေးနေ့မှာပဲ နယူးယောက်မြို့က သတင်းစာ ရှင်းလင်းပွဲအတွင်း အထူးကိုယ်စားလှယ် တိုမာ့စ် အိုဟေး ကင်တားနားက စစ်အစိုးရရဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ အများက လက်ခံဖို့ ခက်ခဲနေဆဲ အခြေအနေတွေ ပိုလို့သာ တွေ့လာနေရကြောင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

မစ္စတာ တိုမာ့စ် အိုဟေး ကင်တားနား။ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀။
မစ္စတာ တိုမာ့စ် အိုဟေး ကင်တားနား။ ဖေဖော်ဝါရီ ၁၉၊ ၂၀၁၀။

“မြန်မာနိုင်ငံက ရွေးကောက်ပွဲအတွက် လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်လို့ ကျနော် စိတ်ပျက်မိတယ်ဆိုတာ ပြောချင်ပါတယ်။ ဒီလုပ်ငန်းစဉ်မှာ အကြီးအကျယ် လွဲချော်နေဆဲ ဖြစ်တယ်ဆိုတာ သိသိသာသာ တွေ့နိုင်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ စုဝေးခွင့်တွေကိုလည်း ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လုပ်ထုံးလုပ်နည်းတွေ၊ ညွှန်ကြားချက်တွေနဲ့ နောက်ထပ် ကန့်သတ်မှုတွေလည်း လုပ်ခဲ့တာပါ။”

မြန်မာစစ်အစိုးရကတော့ ဒီတပတ်ထဲမှာပဲ ရွေးကောက်ပွဲကို ပြည်ပက ကျွမ်းကျင်သူတွေ၊ သတင်းမီဒီယာတွေလို အကဲခတ် စောင့်ကြည့်သူတွေကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာပါ။ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျင်းပမှာ ဖြစ်ပေမဲ့လို့ ရွေးကောက်ပွဲ အတွေ့အကြုံတွေ ရှိပြီးသားဖြစ်တဲ့ မြန်မာနိုင်ငံအတွက် ဒီလိုလူတွေ မလိုဘူးဆိုပြီး ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက တနင်္လာနေ့ကပဲ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒါဟာ ရွေးကောက်ပွဲအပေါ် အများက လက်ခံနိုင်မယ့် အခြေအနေတွေ ပိုပြီး အားနည်းစေကြောင်းလည်း နိုင်ငံတကာ အသိုင်းအဝန်းက ပြစ်တင်ခဲ့ကြတာပါ။

ဒီလို အခြေအနေမှာ ကျင်းပမယ့် ရွေးကောက်ပွဲကနေ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲတွေ ထွက်ပေါ်လာဖို့၊ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်လာစေမယ့် အလားအလာတွေဟာလည်း မရေမရာ ရှိနေဆဲ ဖြစ်တယ်လို့ အထူးကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။ မြန်မာနိုင်ငံက နိုင်ငံရေး ပြဿနာမှာ အခရာကျသူတွေ မပါဝင်နိုင်ဘဲ ဖြစ်နေတာကလည်း ရွေးကောက်ပွဲ လုပ်ငန်းစဉ်ရဲ့ အားနည်းချက်အဖြစ် သူက မြင်ပါတယ်။

“ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျနော့်အမြင် ပြောရရင် အရေးအကြီးဆုံး ကိစ္စတွေထဲက တခုအဖြစ် အားလုံး ပါဝင်ခွင့်ရှိဖို့ အားနည်းနေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်သလို တချို့ နယ်စပ်ဒေသတွေမှာ ပဋိပက္ခတွေ ရှိနေတာတွေကြောင့် သိပ်မကြာလှတဲ့ အနာဂတ်မှာ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စကို အစိုးရက ကိုင်တွယ်ဖို့ လိုပါတယ်။ အခု ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေက အားလုံး ပါဝင်ခွင့်ရှိဖို့၊ တိုင်းရင်းသားတွေ ပါဝင်ဖို့ ကိစ္စတွေကို ဖြေရှင်းဖို့ မပါဝင်ပါဘူး။”

ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲဟာ စစ်မှန်တဲ့ လုပ်ငန်းစဉ်တရပ်အဖြစ် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးတာ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကို ခိုင်မာတဲ့ လုပ်ရပ်တွေနဲ့ ပြသသွားဖို့ လိုတယ်လို့လည်း လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုခဲ့တာပါ။ ဒီလိုလုပ်ဖို့ အချိန်မနှောင်းသေးပေမဲ့ ပျက်ကွက်ခဲ့မယ်ဆိုရင် နိုင်ငံတကာ အသိုင်းအဝန်းက စစ်အစိုးရအပေါ် ထိထိရောက်ရောက် ကိုင်တွယ်ဖို့ အတွက်လည်း လူ့အခွင့်အရေး စုံစမ်းစစ်ဆေးသူ ကင်တားနားက တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

“အစိုးရအနေနဲ့ ဒီတာဝန်တွေကို ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မယ် ဆိုရင်တော့ နိုင်ငံတကာ အသိုင်းအဝန်း အနေနဲ့ အရေးယူ ကိုင်တွယ်သွားရမှာ ဖြစ်ပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးဟာ ဒီလိုဆောင်ရွက်ရမယ့် ကိစ္စတွေထဲက အဆိုပြုချက် တခုအဖြစ် အလေးအနက်ထား စဉ်းစားသွားရမယ့် ကိစ္စတခုပါ။ ဒီကော်မရှင်က မြန်မာအစိုးရကို အပြစ်ပေးဖို့ လုပ်တဲ့ ကော်မရှင်တရပ် အဖြစ်တော့ မမြင်သင့်ပါဘူး။ မြန်မာနိုင်ငံမှာ အပြစ်ကျူးလွန်သူတွေ လွတ်ငြိမ်းခွင့်ရနေတဲ့ ကိစ္စကို ကိုင်တွယ်သွားနိုင်ဖို့နဲ့ နောက်ထပ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဟန့်တားနိုင်မယ့် ဖြစ်နိုင်စရာ ကိစ္စတခုအဖြစ်သာ ကြည့်သင့်ပါတယ်။”

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေဟာ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု မြောက်မမြောက် ကော်မရှင်တရပ် ဖွဲ့စည်း စုံစမ်းသွားဖို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က မတ်လထဲ ကုလသမဂ္ဂကို တင်သွင်းတဲ့ သူ့ရဲ့ အစီရင်ခံစာမှာ တိုက်တွန်းခဲ့တာပါ။ ဒီတိုက်တွန်းချက်ကိုတော့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အနောက်နိုင်ငံ တချို့က အားပေး ထောက်ခံမှုတွေ ရှိပေမဲ့လည်း ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း အစီရင်ခံစာ တင်သွင်းရာမှာ လက်မခံလိုသူတွေလည်း ရှိတဲ့အကြောင်း အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG