သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပင်လုံကတိအတိုင်း အကောင်အထည်ဖော်ဖို့ တိုင်းရင်းသားများလိုလား


 (၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့
(၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့

တိုင်းရင်းသားပြည်သူအားလုံး တန်းတူညီမျှအခွင့်အရေးရပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စု တရပ်တည်ထောင်နိုင်ဖို့ ၁၉၄၇ ပင်လုံစာချုပ်ပါ ကတိကဝတ်တွေအတိုင်း အပြောမဟုတ်ပဲ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ လိုပါတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။ အုပ်ချုပ်သူပြည်ထောင်စုအစိုးရနဲ့ တပ်ဘက်က တိုင်းရင်းသားတွေနဲ့ အမျိုးသားရင်ကြားစေ့ရေး ဆောင်ရွက်နိုင်ရေး ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်မှသာ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ (၁၂)ရက်နေ့မှာ ကျရောက်တဲ့ (၇၁)ကြိမ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် မြန်မာနိုင်ငံတဝှမ်းပြည်နယ်နဲ့တိုင်းအသီးသီးမှာ ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနားတွေကို နိုင်ငံတော်သမ္မတဦးထင်ကျော်က ပြည်ထောင်စုနေ့ သဝဏ်လွှာပေးပို့ပြီး ပြည်သူအများ လိုလားတောင့်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး တိုင်းရင်းသားတွေက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအောင်မြင်အောင် ဖော်ဆောင်ဖို့ကိုလည်း သမ္မတရဲ့ ပြည်ထောင်စုနေ့ဦးတည်ချက်(၄)ရပ်ပါ မိန့်ခွန်းမှာ တိုက်တွန်းနိုးဆော်ထားပါတယ်။

ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး အခြေခံအုတ်မြစ်ချနိုင်ဖို့ ရှမ်းပြည်နယ် ပင်လုံမြို့မှာ ၁၉၄၇ခုနှစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ဦးဆောင်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ လက်မှတ်ထိုးခဲ့ကြတဲ့ပင်လုံစာချုပ်ပါ ကတိကဝတ်တွေနဲ့အညီ တိုင်းရင်းသားတွေ တန်းတူညီမျှစွာနဲ့ ကိုယ့်ကြမ္မာကိုယ်လွတ်လပ်စွာဖန်တီးနိုင်ခွင့်တွေကို ဖော်ဆောင်ပေးဖို့ အရေးကြီးတယ်လို့ ကချင်ဒီမိုကရေစီပါတီရဲ့ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာက ပြည်ထောင်စုမှာ တိုက်တွန်းလိုက်ပါတယ်။

"ပြည်ထောင်စုနေ့ ဖြစ်စေချင်တာပေါ့နော်။ ဒီအနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စုနေ့ ဖြစ်စေချင်ပါတယ်။၄၇ခုနှစ်က ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ကတိပေးခဲ့တဲ့အတိုင်းဒီအားလုံး ပူးပေါင်းနေထိုင်နိုင်တဲ့ တန်းတူညီမျှမှု ခွဲခြားဆက်ဆံမှုမရှိ ၊ ကိုယ့်ကြမ္မာကို ဖန်တီးခွင့်ရှိတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိတဲ့ ဖက်ဒရယ်ပြည်ထောင်စုပုံစံမျိုး ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပုံစံမျိုး ဖြစ်စေချင်တာပေါ့နော်။ပြည်ထောင်စုနေ့ ကို အသိအမှတ်ပြုပါတယ်။ ကြိုဆိုပါတယ် တန်ဖိုးထားပါတယ်။ အနှစ်သာရပြည့်ဝတဲ့ ပြည်ထောင်စုနေ့ ဖြစ်စေချင်တာပေါ့ဗျာ။"

ရှမ်းပြည်နယ်အစိုးရနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ပြီး ဒီကနေ့ ရှမ်းပြည်နယ် ပင်လုံမြို့က ပြည်ထောင်စုနေ့အခမ်းအနားကို ကိုယ်တိုင်သွားတက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်း ဗဟိုလူငယ်လုပ်ငန်းအဖွဲ့ ကော်မတီဝင် မအိရွှေစင်ညွန့်က ပင်လုံစိတ်ဓာတ်နဲ့အညီ စစ်မှန်တဲ့ဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရေး နိုင်ငံရေးအင်အားစုတွေနဲ့အတူ တိုင်းရင်းသားတွေက ဝိုင်းဝန်းအကောင်အထည်ဖော်ဆောင်ရွက်ကြဖို့အရေးကြီးတယ်လို့ ပြောဆိုလိုက်ပါတယ်။

"ပင်လုံဆိုတာက ကိုယ့်တိုင်းပြည်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍ၊ တကယ့်ကို တိုင်းပြည်ရဲ့ တိုင်းရင်းသားအားလုံး တောင်တန်းပြည်မမခွဲခြားပဲနဲ့ လွတ်လပ်ရေးရအောင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ရေးထိုးခဲ့တဲ့အတွက် ဒီပင်လုံရဲ့ အထိမ်းအမှတ် ၊ ပြီးတော့ အမဒီပွဲကို တက်ရတဲ့အတွက် ပိုပြီးတော့ ခိုင်မာတဲ့ သန္နိဋ္ဌာန်တွေချဖြစ်တယ်။ အဲဒါ ဘာလဲဆိုတော့ အမတို့ ပြည်ထောင်စုကြီးကို ဒီထက်ဖြစ်အောင် ကြိုးစားပြီးတော့ တောင်တန်းပြည်မမခွဲပဲနဲ့ တန်းတူအခွင့်အရေးတွေကို ရရှိဖို့ အမတို့ ကိုယ်တိုင်လည်း ကြိုးစားဆောင်ရွက်ဖို့ကို ပိုပြီးတော့ အားမာန်တွေ ဖြစ်တယ်။ အမတို့ကိုယ်တိုင် ပါဝင်ဆင်နွဲရမယ်လို့ အမတို့မျှော်လင့်တယ်ပေါ့နော်။ ဗိုလ်ချုပ်ကိုယ်တိုင် ဦးဆောင်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေအများစုက ဒီနိုင်ငံကို နိုင်ငံရဲ့ စည်းလုံးညီညွှတ်ရေး ၊ တကယ့် ငြိမ်းချမ်းရေးအတွက် ခိုင်မာဖို့အတွက် ကြိုးစားခဲ့တဲ့ အထိမ်းအမှတ်နေရာကို အမကိုယ်တိုင်ရောက်ခဲ့တဲ့အတွက် အမကတော့ အင်မတန်ပျော်ပြီးတော့ ဝမ်းသာပီတိဖြစ်ပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ဦးဆောင်ပြီး ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေချိန်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေမှာ အားလုံးပါဝင်ရေးနဲ့ တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုတည်ဆောက်နိုင်ရေး အရေးကြီးဆုံးဖြစ်တယ်ဆိုတာကိုလည်း ကရင်ပြည်သူ့ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစောဆေးဝါးကလည်း ပြည်ထောင်စုနေ့ သတင်းစကားပါးပါတယ်။

"ပထမဦးဆုံး ငြိမ်းချမ်းရေးရပြီးတော့ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ပါစေလို့ ကျနော်ဆန္ဒပြုပါတယ်။ပထမဦးဆုံး နိုင်ငံတော်အတွက်ပေါ့နော်။ မမျှော်လင့်ပဲနဲ့ပြဿနာတွေ အမျိုးမျိုး ကြုံတွေ့နေရတဲ့ ကာလမှာ တိုင်းသူပြည်သားတွေအားလုံး စည်းလုံးညီညီညွတ်ညွတ်နဲ့ ဒီအခက်အခဲတွေကျော်လွှားပြီးတော့ ငြိမ်းချမ်းသာယာတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ရောက်ရှိတဲ့အထိ အားလုံးဝိုင်းဝန်းပြီးလုပ်ကြဖို့ တာဝန်ရှိတယ်။ လုပ်ကြရမယ်။ စိတ်ရှည်လက်ရှည်နဲ့ ဒီမိုကရေစီအကူးအပြောင်းကြီးကို အောင်မြင်အောင် အားလုံး စိတ်ရှည်လက်ရှည်နဲ့ သီးခံစိတ်နဲ့ တယောက်နဲ့ တယောက်နားလည်မှု အပြည့်အဝနဲ့ နိုင်ငံကြီးသားကောင်း ပြီသအောင် ဒါတွေ ကျော်လွှားပြီးတော့ ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီး ရောက်ရှိပါစေလို့ ဆန္ဒပြုပါတယ်။"

ပြည်ထောင်စုနေ့မှာ သမ္မတရဲ့ မိန့်ခွန်းပါ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ရာစုပင်လုံမှသည် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖော်ဆောင်နိုင်ရေးဆိုတဲ့တိုက်တွန်းချက်အပေါ်မှာတော့ ဒေါက်တာတူးဂျာက အမျိုးသားရင်ကြားစေ့ရေးအတွက် ခိုင်မာတဲ့ယုံကြည်မှုတည်ဆောက်နိုင်ဖို့က အရေးကြီးဆုံးဖြစ်တယ်လို့ဆိုပါတယ်။

"သမ္မတဦးထင်ကျော်ပြောတဲ့ ပြည်ထောင်စုနေ့မိန့်ခွန်းက တော်တော်ကောင်းပါတယ်။ ဒါကို လိုက်ပြီးအကောင်အထည်ဖော်နိုင်ဖို့က အရေးကြီးပါတယ်။ လက်တွေ့အကောင်အထည်ဖော်နိုင်ဖို့ဆိုတာကတော့ နိုင်ငံတော်အတိုင်ပင်ခံ အမြဲပြောနေတဲ့ အမျိုးသားရင်ကြားစေ့ရေးကို အမြန်တည်ဆောက်နိုင်ဖို့ လိုအပ်တာပေါ့။ အမျိုးသားရင်ကြားစေ့ရေးမှာ တိုင်းရင်းသားတွေနဲ့ရော တပ်မတော်နဲ့ရော အမျိုးသားရင်ကြားစေ့ရေးတည်ဆောက်ပြီးတော့မှ အားလုံးသဘောတူစွာနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေး စကားဝိုင်းမှာ ဝိုင်းဝန်းဖြေရှင်းတဲ့ နည်းနာကို ကျနော်တို့ အားလုံး ကျင့်သုံးနိုင်ဖို့ လိုအပ်တယ်။ ၂၁ ရာစု ပင်လုံလမ်းကြောင်းဟာ အင်မတန် မှန်ကန်တဲ့ လမ်းကြောင်းဖြစ်တယ်။"

ပြည်ထောင်စု တည်ဆောက်နိုင်ရေး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရယူနိုင်ရေး ဆောင်ရွက်ဖို့ဆိုရင်တော့ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ၊ နားလည်မှု ရအောင် လက်တွေ့ကျတဲ့ လုပ်ငန်းစဉ်တွေနဲ့သက်သေပြဖို့လိုတယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ဆိုထားတာပါ။ ဒီကနေ့ ကျရောက်တဲ့ ၇၁နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကိုတော့ နေပြည်တော်အပါအဝင် နိုင်ငံတဝှမ်းမှာ ပြည်နယ်အစိုးရတွေဦးစီးပြီး လွှတ်တော်တာဝန်ရှိသူတွေ နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးအင်အားစုတွေက ဦးစီးပြီး ပြည်ထောင်စုနေ့အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေလိုလားတဲ့ပြည်ထောင်စုထူထောင်ရေး တိုင်းရင်းသားမျိုးနွယ်စုတွေရဲ့ မတူခြားနားမှုတွေကို အသိအမှတ်ပြုလက်ခံပြီး ဒီမတူခြားနားမှုတွေကနေ စုစည်းညီညွတ်တဲ့ အင်အားအဖြစ် ပြောင်းလဲစွမ်းဆောင်ပြီး ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး ဆောင်ရွက်သွားမယ်လို့ အနိုင်ရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြည်ထောင်စုနေ့မှာ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG