သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကသိုလ်တွေအပေါ် ချုပ်ချယ်မှုကင်းစေလို


ရာဇူး (RASU) ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ဝန်းအတွင်းက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အဓိပတိလမ်း။
ရာဇူး (RASU) ရန်ကုန်ဝိဇ္ဇာနဲ့သိပ္ပံတက္ကသိုလ်ဝန်းအတွင်းက ဘွဲ့နှင်းသဘင်ခန်းမနဲ့ အဓိပတိလမ်း။
ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရေးဆွဲတင်ပြလာတဲ့ အဆင့်မြင့် ပညာရေး ဆိုင်ရာမူဝါဒများ (မူကြမ်း) ကို ရန်ကုန်တက္ကသိုလ် ဆရာများအသင်းနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသား သမ္မဂတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ အဓိကအားဖြင့် တက္ကသိုလ်တွေကို ဗဟို ဦးစီးချုပ်ကိုင်မှုတွေနဲ့ ဒီမူဝါဒမှ အသက်သွင်း ထားတာကြောင့်လို့ တက္ကသိုလ်ဆရာများအသင်း အတွင်းရေးမှူးက ပြောပါတယ်။
အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ရန်ကုန်အခြေစိုက်၊ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် တင်ပြပေးထားပါတယ်။

အဆင့်မြင့်ပညာရေးဆိုင်ရာမူဝါဒများ (မူကြမ်း) မှာပါရှိတဲ့ တက္ကသိုလ်မူဝါဒမှာ ဗဟိုဦးစီးချုပ်ကိုင်မှုကို ပြန်လည် အသက်သွင်းတဲ့ ပုံစံမျိုးဖြစ်နေတာကြောင့် ရန်ကုန်တက္ကသိုလ် ဆရာများအသင်းနဲ့ တက္ကသိုလ်အသီးသီးက ကျောင်းသား သမ္မဂတွေက ဒီဇင်လာလ ၂၆ ရက်နေ့အထိ တောက်လျှောက် ကန့်ကွက်နေကြတာလို့ ရန်ကုန်တက္ကသိုလ် ဆရာများအသင်း UTA ရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ ရန်ကုန်တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာနရဲ့ လက်ထောက်ကထိကလည်းဖြစ်တဲ့ ဒေါက်တာ စိုင်းဆိုင်မျိုးထွန်းက ပြောပါတယ်။

“ကျနော်တို့ကတော့ လောလောဆယ်မှာ ကန့်ကွက်စာပေါ့နော်- မနေ့က ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကနေပြီး ကန့်ကွက်စာထုတ်ပါတယ်။ ကျနော်တို့ ထပ်ထုတ်ပါ့မယ်- ဒီဟာတွေကို၊ တဖက်ကလည်း တက္ကသိုလ်အာဏာပိုင်တွေက ဘာလဲဆိုတော့ ဒီဆရာတွေကို- ကျနော်တို့အသင်းအဖွဲ့တွေကို တနည်းအားဖြင့် ချိတ်ဆက်ပြောဆိုလာတာတွေတော့ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့က သူတို့ချိတ်ဆက်ပုံကို မကြိုက်ပါဘူး။ ကျနော်တို့ကို အသင်းဆို အသင်းအဖွဲ့အနေနဲ့ တရားဝင်ချိတ်ဆက်ဖို့ ဖြစ်စေချင်ပါတယ်။ ဒါပေမယ့် ချိတ်ဆက်လာတဲ့ပုံက လူမှုရေးသဘောအရ ခေါ်ပြောတယ်ဆိုတဲ့ ပုံစံမျိုးပဲရှိတယ်လေ။”

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရေးဆွဲတင်ပြလာတဲ့ အဆင့်မြင့်ပညာရေး ဆိုင်ရာ မူဝါဒများ (မူကြမ်း) ကို ဒီဇင်ဘာလ ၂၄ ရက်နေ့က နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေကို ချပြခဲ့တာပါ။

အဲဒီ မူဝါဒ မူကြမ်းမှာပါဝင်တဲ့ တက္ကသိုလ်များ ဗဟိုကောင်စီဟာ တက္ကသိုလ်တွေ အပေါ်မှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးတဲ့ သဘော မသက်ရောက်ဘဲ မူလက အဆင့်မြင့် ပညာရေးဦးစီးဌာနကို ပြန်ပြီး အသက်သွင်းတဲ့သဘော သက်ရောက်နေတာကြောင့် ပညာရေးလောက အသိုင်းအဝိုင်းက လက်မခံနိုင်တာ ဖြစ်တယ်လို့ ဒေါက်တာ စိုင်းဆိုင်မျိုးထွန်းက ပြောပါတယ်။

“အဓိက-ကတော့ သူတို့ကတော့ တက္ကသိုလ်များ ဗဟိုကောင်စီဆိုပြီး ဖွဲ့မယ်။ အဲဒီအထဲမှာ ပါမောက္ခချုပ်တွေက ၇၅ % လောက်ပါမယ်။ နောက် ဖွဲ့စည်းပုံထဲမှာ ညွှန်ချုပ်တို့၊ ဒုချုပ်တို့ - ကျနော်တို့ ဖတ်မိသလောက်ပေါ့- အဲဒါတွေ ပါမယ်ပေါ့။ နောက် ကျောင်းသားကိုယ်စားလှယ်တွေထဲက တက်ရောက်ခွင့်ရှိတယ်။ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ သိပ် အရေးပါတဲ့ပုံ မရှိဘူး။ သူတို့ရေးထားတဲ့ ဟာက… အဲဒီတော့ နောက်တခုထူးခြားတာက ဗဟိုကောင်စီလို့ ပြောပြီးတော့ တက္ကသိုလ်တခုချင်းနဲ့ဆိုင်တဲ့ အုပ်ချုပ်ရေးကောင်စီတွေ မရှိတာတွေ့ရတယ်။ သူက တက္ကသိုလ်ဆိုပြီးတော့ အစုအဖွဲ့ အဲလိုမျိုး၊ တနည်းအားဖြင့်တော့ ဒါက ဘာထူးမလဲ၊ အရင်ပုံစံနဲ့ မထူးဘူးပေါ့ဗျာ။ အရင်က အဆင့်မြင့်ပညာဦးစီးဌာန အသွင်ပြောင်းပြီးတော့မှ တနည်းအားဖြင့် တက္ကသိုလ်တွေကို ပြန်ပြီးတော့ ချုပ်ကိုင်ဖို့ ကြိုးစားတယ်လို့ပဲ ကျနော်တို့က ယူဆတယ်။”

လာမဲ့ လွှတ်တော် အစည်းအဝေးတွေအတွင်းမှာ တင်သွင်းဖို့ရှိတဲ့ ဒီမူဝါဒ (မူကြမ်း) ကို ပညာရေးဝန်ကြီးဌာနကလည်း အဆင့်မြင့်ပညာရေးနဲ့ပတ်သက်တဲ့ မူဝါဒကို တင်သွင်းမှာဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပညာရေး ကွန်ယက်က ဦးစီးတဲ့ နိုင်ငံလုံးဆိုင်ရာ ပညာရေးကွန်ယက်ကလည်း မူဝါဒတစ်ရပ်ကို အပြိုင်တင်သွင်းဖို့ ရှိပြီးတော့ ပညာရေးဝန်ကြီးဌာနဘက်က မူဝါဒမှာ ကန့်သတ်မှုတွေ ရှိနေတာလို့ ရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အဖွဲ့ဝင် ကိုစည်သူမောင်က ဗွီအိုအေကို ပြောပါတယ်။

“သူတို့ပြဌာန်းတဲ့ ဥပဒေမူကြမ်းက လွှတ်တော်မှာ အပြိုင်တင်မှာပေါ့နော်။ ကျနော်တို့ NIER လို့ခေါ်တဲ့ အမျိုးသား ပညာရေး ဥပဒေမူကြမ်းဆွဲထားတဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ကွန်ယက်က လွှတ်တော်ကို ရေးဆွဲတင်သွင်းမယ့် ဥပဒေဆိုတာလည်း တဘက်က ရှိလာမယ်၊ ပညာရေးဝန်ကြီးဌာနက ပညာရေး အဆင့်မြှင့်တင်ရေးကော်မတီကဆွဲတဲ့ တက္ကသိုလ်များ ဗဟိုကောင်စီဖွဲ့စည်းရေး မူကြမ်းဆိုတာလည်း ရှိလာမယ်။ ဒီနှစ်ခုကို ယှဉ်တွဲလေ့လာလိုက်တဲ့အခါမှာ ဘာသွားတွေ့ရသလဲဆိုတော့ အခု ပညာရေးဝန်ကြီးဌာနကနေပြီးတော့ ရေးဆွဲ တင်သွင်းတဲ့ ဒီဥပဒေဟာ ကျနော်တို့ လိုချင်တဲ့ Autonomous University ကို ဦးတည်ထားတာ မတွေ့ရတဲ့အပြင် ဗဟိုက ပြန်ချုပ်ကိုင်ဖို့အတွက်ကို ပြန်ပြီးတော့ ပြင်ဆင်ထားတာကို တွေ့ရတယ်။”

ပညာရေးမြှင့်တင်မှု အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက ရေးဆွဲတင်ပြလာတဲ့ အဆင့်မြင့်ပညာရေး ဆိုင်ရာ မူဝါဒတွေကို ပညာရေး လောက အသိုင်းအဝိုင်းက လုံး၀ လက်မခံနိုင်တဲ့အတွက် ဒီဇင်ဘာလ ၂၉ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ် ဆရာများအသင်းနဲ့ ကျောင်းသားသမ္မဂတွေ အကြား အစည်းအဝေးကျင်းပပြီး ကန့်ကွက်ဖို့တွေ ထပ်မံလုပ်ဆောင်မှာ ဖြစ်တယ်လို့ ကိုစည်သူမောင်က ပြောပါတယ်။

ဖဆပလ အစိုးရလက်ထက်က တက္ကသိုလ်တွေဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ရှိခဲ့ပြီးတော့ တက္ကသိုလ်တွေဟာ ပညာရေး ဝန်ကြီးဌာနအောက်မှာမဟုတ်ဘဲ သီးခြား ရပ်တည်နိုင်ခဲ့တာပါ။ ဒါပေမဲ့ တော်လှန်ရေးကောင်စီ တက်လာပြီးတဲ့ နောက်မှာ တော့ တက္ကသိုလ်တွေရဲ့ ကိုယ်ပိုင် အုပ်ချုပ်ရေးတွေဟာလည်း ဆုံးရှုံးသွားခဲ့ရတာ အခုနောက်ဆုံး သမ္မတဦးသိန်းစိန် လက်ထက်ထိ ဖြစ်တယ်လို့ ပညာရေးအသိုင်းအဝိုင်းက ပြောဆိုနေကြတာပါခင်ဗျား။
XS
SM
MD
LG