သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ၂၀၁၈ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှု ၁၀% ကျဆင်းဟု ကုလအစီရင်ခံစာဆို


မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားကြောင်း UNODC ရဲ့အစီရင်ခံစာ (ဇန်နဝါရီ ၁၁၊ ၂၀၁၉)
မြန်မာနိုင်ငံအတွင်း ဘိန်းစိုက်ပျိုးမှု ကျဆင်းသွားကြောင်း UNODC ရဲ့အစီရင်ခံစာ (ဇန်နဝါရီ ၁၁၊ ၂၀၁၉)

မြန်မာနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးမှုဟာ ၁၀% ကျဆင်းသွားတယ်လို့ မူယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု ဆိုင်ရာ ကုလသမဂ္ဂရုံး UNODC က အခုနောက်ဆုံး ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ပြောထားပါတယ်။

၂၀၁၇ ခုနှစ်က ဘိန်းစိုက်ဧက ၁ သိန်းကျော်ကနေ ၂၀၁၈ ခုနှစ်မှာ ဧက ၉ သောင်းကျော်ကို ကျဆင်းသွား တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ UNODC ရဲ့အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဘိန်းစိုက်သမျှနေရာတိုင်းမှာ စိုက်ပျိုးမှု ကျဆင်းသွားတာဖြစ်ပြီး အထူးသဖြင့် ရှမ်းပြည်တောင်ပိုင်းမှာ ၁၇% နဲ့ ကချင်ပြည်နယ်မှာ ၁၅% အထိ သိသိ သာသာ ကျဆင်းသွားပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းနဲ့ မြောက်ပိုင်းတွေက စိုက်ပျိုးမှုတွေလည်း ကျဆင်းသွားခဲ့ ပါတယ်။

မတည်မငြိမ်ဖြစ်နေတဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ စိုက်ပျိုးမှုအများဆုံးဖြစ်တဲ့အတွက် ပဋိပက္ခနဲ့ ဘိန်းစိုက်ပျိုးမှု တိုက်ရိုက်ဆက်စပ်နေတယ်ဆိုတာကိုလည်း UNODC အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ဘိန်းစိုက်တဲ့နေရာတွေမှာ လုံခြုံမှုပိုရှိဖို့ လိုအပ်သလို ရေရှည်ခံတဲ့ အစားထိုးစီးပွားရေးလုပ်ငန်းတွေ လိုအပ်တယ် လို့ မြန်မာနိုင်ငံဆိုင်ရာ UNODC တာဝန်ခံ Troel Vester က ပြောပါတယ်။ ရာဇဝတ်မှုကျူးလွန်နေသူတွေဟာ နိုင်ငံထဲက မတည်ငြိမ်၊ မလုံခြုံတဲ့နေရာတွေကို အသုံးချနေတာမို့၊ အဲဒီနေရာတွေမှာ ဥပဒေမဲ့ဖြစ်နေတဲ့ အခြေအနေကို မကိုင်တွယ်နိုင်ရင်တော့ မူးယစ်ဆေးဝါးထုတ်လုပ်သူတွေ ဆက်ပြီး ဘေးမဲ့ဖြစ်နေလိမ့်မယ်လို့ သူကပြောပါတယ်။

ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် အများကြီးလုပ်ဖို့လိုနေသေးတယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်ကြီး အောင်သူက ပြောပြီး ဘိန်းအစားထိုး အစီအစဉ်တွေကို ဆက်ပြီးအားပေးသွားမယ်လို့ ပြောကြားခဲ့တာကို UNODC အစီရင်ခံစာမှာ ကိုးကားဖော်ပြထားပါတယ်။ အရှေ့အာရှနဲ့ အရှေ့တောင်အာရှမှာ Methamphetamine လို စိတ်ကြွဆေးသုံးစွဲမှု ပိုများလာတာကြောင့် ဘိန်းနဲ့ ဘိန်းဖြူဝယ်လိုအား ကျဆင်းလာတယ်လို့ UNODC က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG