သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ပဋိပက္ခတွင်း အရပ်သားတွေ ဘေးကင်းရေးကြိုးပမ်းပေးဖို့ မြန်မာသံအမတ်ကြီး ကုလမှာ ကတိပေး


ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း က လုံခြုံရေးကောင်စီမှာ ပြောကြားနေစဉ်

လက်နက်စွဲကိုင် ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေကြတဲ့ အုပ်စုအားလုံး နိုင်ငံတကာ ဥပဒေတွေကို လိုက်နာပြီး အရပ်သားတွေကို အကာကွယ်ပေးဖို့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို အကောင်ထည်ဖေါ်ဖို့ ကြိုးပမ်းနေကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် တိုက်ပွဲတွေကြား ပိတ်မိနေသူတွေရဲ့ လုံခြုံရေးအတွက် အထူးတိုးမြင့် လုပ်ဆောင်ပေးမယ်လို့လည်း ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အင်္ဂါနေ့ အစည်းအဝေးမှာ ကတိပေးခဲ့ပါတယ်။

အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အရပ်သားတွေကို အကာကွယ်ပေးဖို့အတွက် ပဋိပက္ခဖြစ်ပွါးရာမှာ ပါဝင်တဲ့ နိုင်ငံအစိုးရတွေ၊ အစိုးရနဲ့ မပတ်သက်တဲ့ အဖွဲ့အစည်းတွေ လိုက်နာဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၁၆ မှာ ဆုံးဖြတ်ချက်အမှတ် ၂၂၈၆ ကို ချမှတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ကနေ လက်နက်ကိုင်ပဋိပက္ခတွေမှာ ပါဝင်နေသူတိုင်း နိုင်ငံတကာဥပဒေကို လေးစားဖို့၊ တိုက်ပွဲဖြစ်ပွါးရာဒေသတွေကို ဆေးနဲ့ လူသားချင်းစာနာမှု ဆိုင်ရာ ဝန်ထမ်းတွေ ဘေးကင်းကင်းနဲ့ သွားရောက်ခွင့်ပေးဖို့၊ ဆေးနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ထမ်းတွေအပေါ် အကြမ်းဖက်မှုတွေမရှိစေဖို့ အကာကွယ်ပေးရမှာ ဖြစ်သလို နာမကျန်း၊ ဒဏ်ရာရသူတွေ အတွက်ပါ တဆက်တည်း လက်တွေ့ကျတဲ့ အကာအကွယ်တွေပေးဖို့ အပါအဝင် အရပ်သားတွေကို အကာကွယ်ပေးဖို့ပါ ဆုံးဖြတ်ချက် ချခဲ့တာပါ။

ဒီလို ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်ကို အကောင်ထည်ဖေါ်ဖို့ မြန်မာနိုင်ငံက ကြိုးပမ်းနေကြောင်းနဲ့ အောင်မြင်မှုရဖို့ အားထုတ်နေကြောင်း အင်္ဂါနေ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အစည်းဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း ကပြောပါတယ်။

"ဒီကနေ့ မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး အားထုတ်မှုကတော့ နှစ်ပေါင်း ၇၀ ကြာဖြစ်ပွါးနေတဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေ အဆုံးသတ်ပြီး ရေရှည်ငြိမ်းချမ်းရေး ရအောင် လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံလွတ်လပ်ရေး ရပြီးကတည်းက ဖြစ်ပွါးနေတဲ့ တိုက်ခိုက်မှုတွေကြောင့် ပြည်သူတွေ ဒုက္ခအတော်ခံစားခဲ့ကြရတာပါ။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးမှု မရှိရင် ပြည်သူအားလုံးအတွက် လုံခြုံမှု၊ လွတ်လပ်မှုနဲ့ တိုးတက်မှုရှိစေဖို့ အာမခံမယ့် စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ ဖယ်ဒရယ် ပြည်ထောင်စု ထူထောင်ဖို့ ရည်မှန်းချက်ပန်းတိုင်ကို လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NCA တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် ချုပ်ဆိုဖို့ ကြိုးစားခဲ့ပါတယ်။ အဖွဲ့ပေါင်း ၂၀ လောက်ထဲက အခုဆိုရင် အဖွဲ့ ၁၀ ဖွဲ့နဲ့ လက်မှတ်ရေးထိုး ပြီးပါပြီ။ ကျန်အဖွဲ့တွေပါလာဖို့လည်း ဆက်ပြီးကြိုးစားနေပါတယ်။"

ဒီလိုလုပ်ဆောင်ရာမှာ တိုက်ပွဲတွေ ဖြစ်ပွါးရတဲ့ အခြေခံအကြောင်းရင်းတွေအတွက် ရေရှည်ဖြေရှင်းနိုင်ဖို့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေလုပ်ပြီး အဖြေရှာနိုင်အောင် ၂၀၁၆ ကတည်းကစပြီး ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပခဲ့ကြောင်းနဲ့ အခုဆို ၂ ကြိမ် ကျင်းပပြီးပြီဖြစ်သလို တတိယအကြိမ်ကျင်းပနိုင်အောင် ကြိုးစားနေပါတယ်လို့လည်း လုံခြုံရေးကောင်စီကို တင်ပြခဲ့တာပါ။ ဒါ့အပြင် ပဋိပက္ခတွေကြား ရောက်နေသူတွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီးလည်း သံအမတ်ကြီးက အခုလို ကတိပေးခဲ့ပါတယ်။

"တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ အားကိုးရာမဲ့ ပြည်သူတွေရဲ့ လုံခြုံရေးပိုပြီးကောင်းမွန်လာစေဖို့ မြန်မာနိုင်ငံက ဆက်လက်ကြိုးပမ်းသွားမှာ ဖြစ်ကြောင်း နိဂုံးချုပ်အနေနဲ့ ထပ်ပြီး အာမခံပြောကြားချင်ပါတယ်။ ကမ္ဘာတလွှားက မိတ်ဆွေတွေနဲ့ ကုလသမဂ္ဂက မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပံ့ပိုးကူညီနေတာကို အထူးကျေးဇူးတင်ကြောင်း ပြောပါရစေ။ ဒါ့အပြင် တိုက်ပွဲတွေကြောင့် ပြည်သူတွေ နောက်ထပ် မခံစားရအောင် မြန်မာနိုင်ငံမှာ ရေရှည်ငြိမ်းချမ်းရေး ရဖို့ ဆက်ပြီးလုပ်ဆောင်နေမှာ ဖြစ်ပါတယ်။"

ဒါပေမယ့် မြန်မာနိုင်ငံတွင်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတွေမှာ တကျော့ပြန်ဖြစ်ပွါးတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အများအပြား တောတောင်တွေထဲ ပိတ်မိနေကြဆဲ ဖြစ်ပါတယ်။ တရုတ်-မြန်မာနယ်စပ်မှာလည်း TNLA တအောင်းပလောင်တပ်ဖွဲ့တွေနဲ့ မြန်မာအစိုးရတပ်ဖွဲ့တွေအကြား အခုတလော ဖြစ်ပွါး နေတဲ့ တိုက်ပွဲတွေအတွင်း အရပ်သား သေဆုံးမှုတွေ ရှိနေသလို တရုတ်နိုင်ငံဘက်ခြမ်းကို ကျရောက်ခဲ့တဲ့ ဒုံးကျည်တွေနဲ့ သေနတ်ကျည်ဆံတွေကြောင့် တရုတ်နိုင်ငံသား ၃ ဦး သေဆုံးခဲ့ရသလို တရုတ်နိုင်ငံဘက်ကို ထွက်ပြေးလာသူကလည်း သုံးရာကျော်ရှိနေတာမို့ တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ တရုတ်အစိုးရက တောင်းဆိုခဲ့ပါတယ်။

လုံခြုံရေးကောင်စီ ဆွေးနွေးပွဲမှာတော့ ကုလသမဂ္ဂရဲ့ တရုတ်နိုင်ငံဆိုင်ရာ သံအမတ်ကြီးက လက်နက်ကိုင် တိုက်ပွဲတွေမှာ အစိုးရက အရပ်သားတွေကို အကာကွယ်ပေးဖို့ တာဝန်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

"အစိုးရတွေ အနေနဲ့ ကိုယ့်နိုင်ငံရဲ့ အရပ်သားတွေကို အကာကွယ်ပေးဖို့ အဓိက တာဝန်ရှိပါတယ်။ နိုင်ငံတကာ လူ့အဖွဲ့အစည်းက အပြုသဘောဆောင်တဲ့ အထောက်အကူကို ပေးနိုင်ပေမယ့် သက်ဆိုင်ရာ နိုင်ငံရဲ့ အစိုးရ လုပ်ဆောင်ရမယ့် အခန်းကဏ္ဍကို အစားထိုးလို့ မရနိုင်ပါဘူး။ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေကြတဲ့ အုပ်စုအားလုံး နိုင်ငံတကာ ဥပဒေတွေကို လိုက်နာပြီး လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ လက်နက်စွဲကိုင် ပဋိပက္ခမှာ အရပ်သားတွေကို အကာကွယ်ပေးရမှာ ဖြစ်တဲ့ အပြင် လူသားချင်းစာနာမှု အထောက်အကူတွေ လည်း အရောက်ပေးပို့ရမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်တွေအတွင်း အစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ပဋိပက္ခတွေ ဖြစ်ပွါးနေတဲ့ အပြင် ရခိုင်ပြည်နယ်မှာလည်း ပြီးခဲ့တဲ့နှစ် သြဂုတ်လနောက်ပိုင်း ရိုဟင်ဂျာ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးကြတဲ့ အရေးကိုလည်း ခုထိ ဖြေရှင်းနေရဆဲ ဖြစ်ပါတယ်။ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီးကတော့ ရိုဟင်ဂျာတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အခုလို ပြောပါတယ်။

" ဘေးကင်းဇုံတွေ ထားရှိရေးအတွက် အကြံပေးချက်တွေ အကောင်ထည် မပေါ်လာတဲ့အတွက် ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေကြတဲ့ ရိုဟင်ဂျာတွေ အနေနဲ့ မိမိသဘောအလျှောက် သိက္ခာရှိရှိ၊ အန္တရာယ် ကင်းစွာ ရခိုင်ပြည်နယ်ကို ပြန်နိုင်ရေးဟာ အလှမ်းဝေးနေပါတယ်။ အခြေနေကို ပိုပြီး ဆိုးစေတာက လူသားချင်းစာနာမှု အကူညီတွေ အကန့်အသတ် ရရှိနေတာကြောင် ရခိုင်ပြည်နယ်မှာ ကျန်ခဲ့တဲ့ ရိုဟင်ဂျာတွေ အနေနဲ့စားနပ်ရိက္ခာ ဆေးဝါး ပြတ်လတ်နေပါတယ်။ နှုတ်အားဖြင့် အာမခံချက်တွေ ပေးထားပေမယ့် ရိုဟင်ဂျာတွေ အပေါ် ရက်စက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြသူတွေကိုလည်း စုံစမ်း ဖေါ်ထုတ် အရေးယူ အပြစ်ပေးတာမျိုး မတွေ့ရ သေးပါဘူး။"

လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆော်ဒီအာရေဗျ နိုင်ငံကလည်း ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စိတ်ပူကြောင်းနဲ့ ပဋိပက္ခတွေ အတွင်းအရပ်သားတွေကို အကာကွယ်ပေးဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG