သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသားလွှတ်တော်ရပ်ဆိုင်း


အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီတွင်း ပြဿနာတွေဟာ လွှတ်တော်တွင်းအထိပါ ရိုက်ခတ်လာမလား စိုးရိမ်နေကြချိန်မှာပဲ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ စတင် ရပ်နားလိုက်ပါပြီ။

ရေဘေးနဲ့ လာမယ့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဖို့ဆိုပြီး ကြံ့ခိုင်ရေးပါတီ အမတ်တွေက အရေးကြီးအဆိုကို မနေ့က လွှတ်တော် နှစ်ရပ်စလုံးမှာ တင်သွင်းခဲ့ပြီးတဲ့နောက် အမျိုးသား လွှတ်တော်မှာတော့ ဒီကနေ့ မဲခွဲဆုံးဖြတ်ပြီး ရပ်ဆိုင်းလိုက်တာပါ။ အပြည့်အစုံကို နေပြည်တော်မှာ ကိုယ်တိုင်သွားရောက် သတင်းယူနေတဲ့ ဗွီအိုအေ သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ အမျိုးသားလွှတ်တော် ကျင်းပတဲ့ ဒုတိယနေ့အစမှာ ဒီအဆိုကို မဲခွဲဆုံးဖြတ်ချက်အရ အခုလို ရပ်နားတာပါ။ ဒီလိုရပ်နားဖို့ ပြည်ခိုင်ဖြိုးပါတီဝင် အမျိုးသားလွှတ်တော် အမတ်တွေဖြစ်တဲ့ ဦးကြည်ထွန်းနဲ့ ဒေါက်တာ ဝင်းမြင့်အောင် တို့က တင်ပြခဲ့တာပါ။ ဒီအပေါ်မှာ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ကန့်ကွက်ခဲ့ပါတယ်။ ဒီလိုကန့်ကွက်ခဲ့ပေမဲ့ မဲခွဲဆုံးဖြတ်မှုအရ အမျိုးသားလွှတ်တော် ရပ်နားဖို့ အတည်ဖြစ်သွားပါတယ်။

“ကျနော်တို့ အမျိုးသားလွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဥပဒေ၊ ပြည်သူ့လွှတ်တော်မှာ လက်ရှိ ဆွေးနွေးနေတဲ့ ဥပဒေ၊ ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးနေတဲ့ ဥပဒေပေါင်း ၆၀ ကျော်လောက် ရှိတယ်လို့ ပြောပါတယ်။ ဒီအလုပ်တွေက ကျနော်တို့မှတပါး လုပ်လို့ မရလို့ပါ။ ကျနော်တို့ ရွေးကောက်ပွဲ ကိုယ်စားလှယ် နေရာတွေမှာဆိုရင် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကျနော်တို့ ကိုယ်စားထားပြီး လုပ်လို့ ရတယ်။ ကိုယ်စားလှယ်တွေ လုပ်ပါလိမ့်မယ်ခင်ဗျာ။ ကျနော်တို့ ဒီလွှတ်တော်တက်ရမယ့် ကိစ္စက ကိုယ်စားတက်လို့ မရဘူး။ ကျနော်တို့ကိုယ်တိုင် လာတက်ပြီးမှ လုပ်ရမယ့်ကိစ္စ ဖြစ်ပါတယ်။ အဲတော့ အမျိုးသားလွှတ်တော်မှာ ရပ်ပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာ ခွင့်တိုင်မှာလား။ ပြည်ထောင်စု လွှတ်တော် မတက်တော့ဘူးလား ဆိုတဲ့အချက်ကလည်း ကျနော်တို့အတွက် တိကျမှု မရှိပါဘူး။”

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ခုလို ကန့်ကွက်ခဲ့တာပါ။ အမျိုးသား လွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့် ကတော့ အရေးပေါ် အစည်းအဝေး၊ ကော်မတီ အစည်းအဝေးတွေ ဆက်လက် ရှိနေဦးမှာဖြစ်ပေမဲ့ လွှတ်တော်ကိုတော့ ရွေးကောက်ပွဲ အပြီးမှသာ ဆက်လက် ခေါ်ယူဖို့ စီစဉ်ထားတယ်လို့ ပြောပါတယ်။ ဒီလို အမျိုးသားလွှတ်တော်က ရပ်နားလိုက်ပေမဲ့ ပြည်ထောင်စုလွှတ်တော်က ရပ်နားမှု မရှိတဲ့အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော် ဆက်လက် တက်ရောက်နေရဦးမှာပါ။ ဒါနဲ့ပတ်သတ်ပြီး အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ အေးမောင်ကတော့ ဒီရပ်နားမှုက အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပါတီတွင်း ပြဿနာတွေကနေ ရိုက်ခတ်မှု တခုလို့ သုံးသပ်မယ်ဆို သုံးသပ်နိုင်ကြောင်း သူက ပြောပါတယ်။

“တင်သွင်းတဲ့ ပုဂ္ဂိုလ်အားလုံးက ပြည်ခိုင်ဖြိုးပါတီကချည်းပဲ ဖြစ်နေတာကလည်း ထူးခြားပါတယ်။ အဲတော့ လွှတ်တော်နှစ်ရပ်ကို နားဖို့ ကြိုးစားတယ်။ အမျိုးသားလွှတ်တော်ဘက်မှာ နားဖို့အတွက် မဲ လုံလောက်သွားတယ်။ ဒါပေမဲ့ ပြည်သူ့လွှတ်တော်ဘက်မှာတော့ ပြည်သူ့လွှတ်တော် ဥက္ကဌကြီးကိုက ရပ်နားစေချင်တဲ့သဘော မတွေ့ဘူး။ ဆက်ပြီးတော့ လုပ်စရာ ဥပဒေကြမ်းတွေ ရှိတယ်။ အစိုးရအဖွဲ့က တင်သွင်းထားတဲ့ ဥပဒေတွေကလည်း ရှိနေပြန်တယ်။ အဲဒါကြောင့် အများပြည်သူအကျိုးငှာ လွှတ်တော် ဆက် လည်ပတ်သင့်တယ်ဆိုတဲ့ သဘောနဲ့ ကျနော်တို့ကိုနော် ဦးဆောင်သွားတယ် ထင်ပါတယ်။ သို့သော်လည်းပဲ ကျနော် ခုနက ပြောသလိုပေါ့ ဘာကြောင့် လွှတ်တော်ကို ရပ်နားစေချင်တာလဲ။ ဘာကြောင့် လွှတ်တော်ကို မရပ်နားဘဲနဲ့ ဆက်လက် လည်ပတ်စေချင်ပါတယ်ဆိုတဲ့ မေးခွန်းရဲ့အဖြေကတော့ တော်တော်လေး သုံးသပ်ပေးဖို့ လိုမယ်ထင်တယ်။”

လွှတ်တော်ကျင်းပမှု ရပ်ဆိုင်းဖို့အတွက် လွှတ်တော် ၂ ရပ်စလုံးမှာ သက်ဆိုင်ရာ လွှတ်တော်အသီးသီးက ကိုယ်စားလှယ်တွေ တင်ခဲ့ပေမဲ့ အမျိုးသားလွှတ်တော် တခုထဲသာ ရပ်နားခဲ့တာပါ။ ပြည်သူ့လွှတ်တော်မှာတော့ လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဆိုအပေါ်မှာ လွှတ်တော်ဥက္ကဌ အဆုံးအဖြတ်နဲ့ ဆင်ခြင်ရမှာ ဖြစ်တဲ့အတွက် အဆိုအပေါ် မှတ်တမ်းအနေနဲ့သာ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအပြင်လွှတ်တော်ကို အမြန်ဆုံးပြီးအောင် လုပ်ဆောင်မှာဖြစ်ပေမဲ့ အဆိုကြောင့် ရပ်နားဖို့ မရှိကြောင်း ပြောဆိုထားပါတယ်။

ဒါကြောင့် ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်ကတော့ ဆက်လက် ကျင်းပနေဦးမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး ဆွေးနွေးဖို့ လုပ်ဆောင်နေတာကြောင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တွေက လွှတ်တော်တက်ရဆဲ ဖြစ်ပါတယ်။

ဒီဥပဒေကြမ်းဟာ ပြည်သူ့လွှတ်တော်ကော အမျိုးသားလွှတ်တော်မှာပါ အသေးစိတ် ဆွေးနွေးပြီး ဖြစ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်မှာလည်း ဒီအဆိုဟာ ဆွေးနွေးပြီးပြီ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအဆိုကို အမျိုးသား ရင်ကြားစေ့ရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွှတ်မှုအတွက် ဒီဥပဒေကို ခေတ္တဆိုင်းငံ့ထားတာ ဖြစ်တာကြောင့် ဥပဒေအနေနဲ့ ထွက်ပေါ်လာခြင်း မရှိခဲ့တာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဒီဥပဒေကြမ်းကို အမြန်ဆုံး ပြဌာန်းဖို့ တိုက်တွန်းတာကြောင့် အခု ပြန်လည် ဆွေးနွေးမှာပါ။

ဒီကနေ့မှာ ဥပဒေကြမ်းနဲ့ ပတ်သတ်ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းက မနက်ဖြန်မှာ ဒီဥပဒေကြမ်းကို ဆက်လက် ဆွေးနွေးသင့် မသင့်ကို ဆွေးနွေးပြီး ဆုံးဖြတ် အတည်ပြုမှာ ဖြစ်ပါတယ်။ ဒီမှာ ဆက်လက် ဆွေးနွေးသင့်တဲ့ အရေအတွက် များမှသာ ဆက်လက် ဆွေးနွေးမှာပါ။ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်း ကော်မတီကတော့ ဒီဥပဒေကို အလျှင်စလို အတည်မပြုဖို့ တင်ပြထားပါတယ်။

XS
SM
MD
LG