မြန်မာစစ်တပ် ထိပ်တန်း စစ်ခေါင်းဆောင်တွေ အတော်များများ အပြောင်းအလဲတွေ လုပ်ခဲ့ပေမယ့် ယူနီဖောင်းဝတ်ဝတ်၊ အရပ်ဝတ်လဲလဲ အာဏာရှင်ဟာ အာဏာရှင်ပါပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ စစ်မှန်တဲ့ နိုင်ငံရေး အပြောင်းအလဲတွေ ဘာမှ မတွေ့ရသေးတာကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အမေရိကန် ပြည်ထောင်စုရဲ့ သဘောထားအမြင်က မပြောင်းလဲပါဘူး။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
မြန်မာစစ်တပ်က ထိပ်တန်း စစ်ခေါင်းဆောင် အများအပြား ရာထူးက နှုတ်ထွက်သွားကြပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကတော့ စစ်တပ်ကိုရော အစိုးရပိုင်းကိုပါ သြဇာအာဏာ ချုပ်ကိုင်ထားတုန်းပဲလို့ အများက ယူဆပါတယ်။ ဒါကြောင့်လည်း အပြောင်းအလဲ ကြီးကြီးမားမား ရှိလိမ့်မယ်လို့ မမျှော်လင့်ကြပါဘူး။ ဗိုလ်ချုပ်ကြီး သူရရွှေမန်း အပါအဝင် ဒုတိယဗိုလ်ချုပ်ကြီး အတော်များများ ရာထူးက အနားယူသွားတယ်ဆိုတာ ခိုင်လုံသလောက် ရှိပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ဆက်ရှိ မရှိက အတည်ပြုလို့ မရသေးပါဘူး။
သတင်းအချို့မှာတော့ ဒုတိယဗိုလ်ချုပ်ကြီး သူရမြင့်အောင်က ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုက ဒု-ဦးစီးချုပ် ဖြစ်သွားတယ် ဆိုတာကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စစ်ဘက်ရာထူးကနေ အနားယူသွားပြီလို့ ယူဆမှုတွေလည်း ရှိပါတယ်။ တဘက်မှာတော့ နအဖ စစ်ကောင်စီက ဆက်ရှိနေတာကြောင့် စစ်ကောင်စီ ဥက္ကဋ္ဌ အနေနဲ့ အာဏာကို ချုပ်ကိုင်ထားနိုင်တယ်လို့လည်း ယူဆသူတွေ ရှိပါတယ်။
ဒါပေမဲ့ အားလုံးနီးပါးမှာ တူညီတဲ့ ယူဆချက်ကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အာဏာဆက်ရှိနေတယ်၊ စစ်အာဏာရှင်စနစ် ဆက်ရှိနေတယ် ဆိုတာပါပဲ။ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ နိုင်ငံရေးအရ စိန်ခေါ်ချက်တွေအတွက် အခုလို စစ်ဘက် အကြီးအကဲတွေ အရပ်ဝတ် ပြောင်းရုံသက်သက် အဖြေမရနိုင်ဘူးလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီဂျေ ခရော်လေ (P.J Crowley) က ပြောပါတယ်။
“အရပ်ဝတ်ထားလည်း အာဏာရှင်က အာဏာရှင်ပါပဲ။ အခု သူတို့က ယူနီဖောင်း ချွတ်တာတွေ လုပ်နေပေမဲ့ နိုင်ငံရေး အခွင့်အလမ်းတွေကိုတော့ ကန့်သတ်ထားတုန်းပါပဲ။ ဒါကြောင့် ကျနော်တို့အမြင်က အပြောင်းအလဲ မရှိပါဘူး။ အခုရင်ဆိုင်နေရတဲ့ နိုင်ငံရေးအရ အကဲစမ်းမှုတွေအတွက် အခုလို အရပ်ဝတ် ပြောင်းလိုက်ကြတာ အဖြေမဟုတ်ပါဘူး။”
လက်ရှိ မြန်မာစစ်အစိုးရလုပ်မယ့် ရွေးကောက်ပွဲအတွက် အများလက်ခံနိုင်အောင် အပြောင်းအလဲတွေလည်း အခုချိန်မှာ ဘာမှ မတွေ့ရသေးဘူးလို့လည်း ပီဂျေ ခရော်လေက ပြောပါတယ်။
“နိုင်ငံရေးအရ လုပ်ပိုင်ခွင့်တွေ ပေးရပါမယ်၊ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား အင်အားစုတွေနဲ့ ဆွေးနွေး ညှိနှိုင်းရပါမယ်၊ နိုင်ငံရေး အတိုက်အခံတွေ ရှင်သန်ခွင့် ပေးရပါမယ်၊ အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းတွေ အကြားမှာ စစ်စစ်မှန်မှန် ယှဉ်ပြိုင်မှုသဘော ရှိစေရပါမယ်။ ဒါမျိုးတွေ မရှိဘဲနဲ့တော့ စစ်သားတွေပါပါ အရပ်ဝတ်တွေပဲပါပါ၊ လာမယ့် ရွေးကောက်ပွဲဟာ အများယုံကြည် လက်ခံမယ့်၊ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး မြင်ရမှာ မဟုတ်ပါဘူး။”
အခုလို စစ်ဘက် အကြီးအကဲတွေ အပြောင်းအလဲ လုပ်တာဟာ လာမယ့် ရွေးကောက်ပွဲအတွက် အဓိက ပြင်ဆင်ချက်လို့ ယူဆရပါတယ်။ အထူးသဖြင့် စစ်အစိုးရ နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီမှာ ဝင်အရွေးခံကြမယ့် ကိုယ်စားလှယ်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ တဘက်မှာလည်း စစ်တပ်က ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်မယ့် ကိုယ်စားလှယ်လောင်းတွေဆိုတာ ရှိပါတယ်။ စစ်ဘက် လေ့လာသူ အချို့ကတော့ လာမယ့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်မယ့် ကိုယ်စားလှယ်တွေဟာ စစ်ဘက်က မျိုးဆက်သစ် ခေါင်းဆောင်တွေ ဖြစ်လာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။
ဗိုလ်မှူးဟောင်း ဦးအောင်လင်းထွဋ်ကတော့ အခု အပြောင်းအလဲမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ တပ်အပေါ်မှာ အာဏာစက် ရှိနေတုန်းပဲလို့ ယူဆပါတယ်။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးက လုံး၀ အနားယူသွားတဲ့ အနေအထားမျိုး မဟုတ်ပါဘူး။ စစ်တပ်ရာထူးကိုပဲ သူ့ထက် ငယ်တဲ့လူကို လွှဲပေးပြီးတော့ နိုင်ငံရေး အာဏာကိုရော၊ ကျန်တဲ့အာဏာ အားလုံးကို သူက ဆက်ပြီး ထိန်းထားတဲ့ အနေအထားမျိုး ရှိပါတယ်။ အဲဒါကို အနားယူသွားတယ်လို့ မထင်မှတ်စေချင်ပါဘူး။
“ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် အနားယူမှာလား၊ အရန်အင်အား စာရင်းအဖြစ် နေမှာလားဆိုတာ၊ တပ်မတော်မှာ ရာထူးက အမိန့်ထုတ်တဲ့အခါ နှစ်မျိုးရှိပါတယ်။ အရန်အင်အားစာရင်း သဘောမျိုးနဲ့ နေမယ်ဆိုရင်တော့ သူက ယူနီဖောင်း ဆက်ဝတ်ရင် ဝတ်ပါလိမ့်မယ်။ အငြိမ်းစားယူတယ် ဆိုရင်တော့ သူက ဦးသန်းရွှေ ဖြစ်သွားပါလိမ့်မယ်။
“ဒါနဲ့ပတ်သက်ပြီးတော့ ကျနော် အကြွင်းမဲ့ ယုံကြည်တာကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ မထွက်သေးဘူး၊ နောက် ရွေးကောက်ပွဲ ပြီးရင်လည်း သူ မနားသေးဘူး၊ ကျနော် ပြောပြောနေသလိုပဲ သူသည် နောက်ကွယ်က ကြိုးကိုင်မယ့် အာဏာရှင်တယောက် အနေနဲ့ပဲ ဆက်နေနေမယ့် အနေအထားမျိုး ရှိပါတယ်။”
အခုလို စစ်ဘက် အကြီးအကဲတွေ ရာထူးက နှုတ်ထွက်တယ် ဆိုတာကို မြန်မာအစိုးရ သတင်းမီဒီယာတွေမှာတော့ မသိမသာ ဖော်ပြတာမျိုးတောင် မရှိသေးပါဘူး။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လက်ရှိ ဘယ်တာဝန် ယူနေသလဲဆိုတာ အများက ဒွိဟ ဖြစ်နေကြပါတယ်။