သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘောကြောင်တဲ့ လုပ်ရပ်


ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘောကြောင်တဲ့ လုပ်ရပ်
ရွေးကောက်ပွဲပြီးမှ ဒေါ်စုကို လွှတ်မယ်ဆိုတာ သူရဲဘောကြောင်တဲ့ လုပ်ရပ်

နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲတွေပြီးရင် ပြန်လွှတ်ပေးမယ်လို့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ပြောတဲ့အပေါ် အမေရိကန် နိုင်ငံခြားရေးဌာနက ထူးထူးခြားခြားပဲ အပြင်းအထန် ဝေဖန် ပြောဆိုလိုက်ပါတယ်။

ဒါဟာ မြန်မာအာဏာပိုင်တွေ သူရဲဘောကြောင်ပြီး လှည့်ဖျား ကစားတာပဲ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလီ (P. J. Crowley) ကပြောပါတယ်။ တရားမျှတမှု၊ လွတ်လပ်မှု ဒါမှမဟုတ် ယုံကြည်ကိုးစားရမှုတွေ မရှိတဲ့ ရွေးကောက်ပွဲတွေ ပြီးတဲ့နောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ်လို့ သဲလွန်စပေး ပြောဆိုတာဟာ ဘယ်လောက် လွယ်လိုက်သလဲဗျာလို့လည်း မစ္စတာ ခရိုလီက ဆိုပါတယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပမယ့် အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ (အာဆီယံ) ထိပ်သီး အစည်းအဝေး မတိုင်ခင်လုပ်တဲ့ ဗုဒ္ဓဟူးနေ့က သီးခြား ညစာစားပွဲ တခုအတွင်း မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်မယ့်ကိစ္စ ပြောခဲ့တာ ဖြစ်တယ်လို့ အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်း ပစ်ဆူဝမ် (Surin Pitsuwan) က ပြောပါတယ်။

အာဆီယံ ခေါင်းဆောင်တွေဟာ စီးပွားရေးနဲ့ ဒေသတွင်း ပေါင်းစပ်ရေး ကိစ္စတွေကို ဆွေးနွေးနေကြတာနဲ့ တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ချက်တွေကိုလည်း ပြောဆိုကြပါတယ်။

ဒီကနေ့ သောကြာနေ့မှာတော့ အာဆီယံ ခေါင်းဆောင်တွေဟာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေအပေါ် သူ စိတ်ပျက်လက်ပျက် ဖြစ်ရတာကို ကုလ အတွင်းရေးမှူးချုပ် ကိုယ်တိုင်ကလည်း ထုတ်ပြောထားဖူးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေ မြန်မာ့နိုင်ငံရေးမှာ အပြည့်အ၀ ပါဝင်နိုင်ဖို့ ဖွင့်ပေးရမယ်ဆိုတာ မြန်မာအာဏာပိုင်တွေ သိနားလည်ကြောင်း၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရမှာ ဖြစ်ကြောင်း၊ ပြီးတော့ မြန်မာ့ လူ့အဖွဲ့အစည်းက သက်ဆိုင်သူ အားလုံးနဲ့ အဓိပ္ပာယ်ရှိရှိ ဆွေးနွေးတာတွေ လုပ်ရမှာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပီဂျေ ခရိုလီက ပြောသွားပါတယ်။

XS
SM
MD
LG