သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အပြောင်းအလဲ အမေရိကန်နဲ့ သြစတြေးလျ မျှော်လင့်


မြန်မာပြည် အပြောင်းအလဲ အမေရိကန်နဲ့ သြစတြေးလျ မျှော်လင့်
မြန်မာပြည် အပြောင်းအလဲ အမေရိကန်နဲ့ သြစတြေးလျ မျှော်လင့်

ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်လို့ ကတိပေးထားတဲ့ မြန်မာအစိုးရသစ် လက်အောက်မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ တင်းမာမှု လျော့ပါးတဲ့ လက္ခဏာတွေ တွေ့ရဖို့အတွက် မျှော်လင့်ထားတယ်လို့ အမေရိကန်နဲ့ သြစတြေးလျ ၂ နိုင်ငံက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ အမေရိကန်၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကာကွယ်ရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အခုလို ပြောကြားလိုက်တာပါ။

အမေရိကန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ ဒဲရက်ခ် မစ်ချဲလ် (Mr. Derek Mitchell) ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဗုဒ္ဓဟူးနေ့က ပြီးဆုံးခဲ့ပြီး သူ့ရဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ရော ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံမှုတွေဟာ အကျိုးရှိတဲ့ တွေ့ဆုံမှုတွေ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောပါတယ်။

မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေမှာ ကြိုဆိုရမယ့် အနေအထားတွေ တွေ့နေရပေမဲ့ မြန်မာနိုင်ငံတွင်းက တိုင်းရင်းသား လူနည်းစုတွေအပေါ် အစိုးရရဲ့ ဖိနှိပ်မှုတွေနဲ့ အခုထိ နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော် လွှတ်မပေးသေးတာကအစ မြောက်ကိုရီးယားနဲ့ ဆက်ဆံမှုတွေအဆုံး ကျယ်ပြန့်တဲ့ ပြဿနာတွေအတွက် မေးခွန်းထုတ်စရာတွေ ရှိနေသလို စိုးရိမ်ရတဲ့ အနေအထားမှာလည်း ရှိနေသေးတယ်လို့ ဆိုပါတယ်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ကယ်ဗင် ရပ်ဒ် (Kevin Rudd) ကလည်း မြန်မာအစိုးရသစ်ဘက်က ဆွေးနွေးပြောဆိုမှုတွေ တချို့ လုပ်လာတာမျိုးကို ကြိုဆိုပေမဲ့ အမေရိကန်ဘက်က ပြောသလိုပဲ သတိထားရမယ့် အနေအထားတွေ ရှိနေသေးတာမို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ထွန်းကားတဲ့နိုင်ငံ တနိုင်ငံ ဖြစ်လာအောင် အစိုးရ ဆန့်ကျင်သူတွေကို ဖမ်းချုပ်တဲ့ ခြိမ်းခြောက်မှုမျိုးတွေ မလုပ်ဘဲ တကယ့် စစ်မှန်တဲ့ ပြောင်းလဲမှုတွေ လုပ်ပြဖို့ တောင်းဆိုလိုက်ပါတယ်။

မစ်စ် ကလင်တန်က မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ လူ့အခွင့်အရေး လေးစားတဲ့ ပြောင်းလဲမှုတွေလုပ်ဖို့ ထပ်လောင်း တောင်းဆိုလိုက်သလို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးသံတမန် မစ္စတာ မစ်ချဲလ်ဟာ နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ရောက်နေတဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ နောက်ဆက်တွဲ ဆွေးနွေးဖို့ ရှိသေးကြောင်း ဗုဒ္ဓဟူးနေ့က အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက အကြီးတန်း အရာရှိတဦးက ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG