သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို နိုင်ငံရေး လုပ်ခွင့်ပေးဖို့ အမေရိကန် တောင်းဆို


ဒေါ်စုကို နိုင်ငံရေး လုပ်ခွင့်ပေးဖို့ အမေရိကန် တောင်းဆို
ဒေါ်စုကို နိုင်ငံရေး လုပ်ခွင့်ပေးဖို့ အမေရိကန် တောင်းဆို

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေး လှုပ်ရှားမှုတွေ လွတ်လပ်စွာ လုပ်ဆောင်ခွင့်ပေးဖို့ အမေရိကန် ပြည်ထောင်စုက မြန်မာအာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သူဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ရပ်တန့်ဖို့ မြန်မာအစိုးရရဲ့ သတိပေးချက် ထွက်ပေါ်လာတဲ့နောက် အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တုန်နာ (Mark Toner) က ဗုဒ္ဓဟူးနေ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောဆိုလိုက်တာပါ။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွတ်လွတ်လပ်လပ် ခရီးသွားလာခွင့်၊ လွတ်လပ်စွာ ဖော်ထုတ်ခွင့်၊ နိုင်ငံရေး လုပ်ငန်းတွေမှာ အပြည့်အ၀ ပါဝင်ခွင့်တွေ သေချာပေါက် ရရှိစေရေး ခွင့်ပြုပေးဖို့ တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးနဲ့ ဘေးအန္တရာယ် ကင်းရှင်းရေးအပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ်မကင်း ရှိနေဆဲ ဖြစ်သလို သူနဲ့ မြန်မာလူထု လုံခြုံရေးအတွက် မြန်မာအာဏာပိုင်တွေမှာသာ တာဝန်ရှိတဲ့ အကြောင်းလည်း သတိပေးလိုက်တာပါ။

ပြီးခဲ့တဲ့နှစ်ထဲမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို မဝင်ဖို့ ဆုံးဖြတ်ပြီး မှတ်ပုံမတင်ဘဲ နေခဲ့တဲ့ NLD ပါတီ အနေနဲ့ နိုင်ငံရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေပြီး ဥပဒေကို ချိုးဖောက်နေတယ်လို့ မြန်မာအစိုးရ ပြည်ထဲရေး ဝန်ကြီးဌာနက သတိပေးစာတစောင် ပေးပို့ခဲ့တဲ့နောက် အမေရိကန်ရဲ့ တုံ့ပြန်မှု ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

NLD ပါတီကတော့ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးနဲ့ ဆွေးနွေးလိုကြောင်း အကြောင်းပြန်ထားတာပါ။

အစိုးရပိုင် သတင်းစာတွေမှာလည်း နိုင်ငံရေးစည်းရုံး လှုပ်ရှားမှုတွေအတွက် ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်မြို့ ပြင်ပကို ခရီးထွက်မယ့် အစီအစဉ်ဟာ အဓိကရုဏ်းတွေ၊ မတည်ငြိမ်မှုတွေ ဖြစ်စေမယ်ဆိုပြီး သတိပေးတဲ့ ဆောင်းပါးကိုလည်း ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လထဲ မြန်မာနိုင်ငံကို အလည်အပတ် သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တွေ့ဆုံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း (John McCain) ကတော့ အစိုးရရဲ့ သတိပေးချက်ဟာ နိုင်ငံရေး တိုးတက်မှုအတွက် နောက်ပြန်ဆွဲနေတဲ့ ခြေလှမ်းတရပ် အဖြစ်နဲ့ ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG