သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ကုမ္ပဏီတွေ မြန်မာပြည်မှာ အလုပ်မဖြစ်


မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမယ့် အမေရိကန်ကုမ္ပဏီတွေအတွက် အတားအဆီး အခက်အခဲတွေ အများအပြားရှိနေ သေးတယ်လို့ မြန်မာ့စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အခြေအနေတွေနဲ့ နှစ်ပေါင်းများစွာ ရင်းနှီးကျွမ်းဝင်ခဲ့သူ အမေရိကန် ဥပဒေအကျိုး ဆောင်ကုမ္ပဏီ တည်ထောင်သူတဦးက ပြောလိုက်ပါတယ်။ သူတို့ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုမ္ပဏီခွဲကို မကြာသေးခင်ကမှ ပိတ်လိုက်ပြီးတဲ့နောက် အဲဒီလိုပြောတာပါ။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် Herzfeld & Rubin နိုင်ငံတကာ ဥပဒေအကျိုးဆောင်ကုမ္ပဏီရဲ့ မြန်မာနိုင်ငံကုမ္ပဏီခွဲ Herzfeld Rubin Meyer & Rose ဥပဒေအကျိုးဆောင်ကုမ္ပဏီ လီမိတက် HRMR ကို ၂၀၁၃ ခုနှစ်၊ ဇူလိုင် လက စဖွင့်ပြီး ၅ နှစ်နီးပါးအကြာ ဒီနှစ် ဖေဖော်ဝါရီလကုန်မှာ ပိတ်တော့မယ်လို့ ဒီလဆန်းပိုင်းက ကြေညာထားတာပါ။

HRMR ဟာ မြန်မာနို်င်ငံမှာ အပြောင်းအလဲတွေဖြစ်ပြီးနောက်ပိုင်း ပထမဆုံးဝင်လာတဲ့ ပြည်ပ ဥပဒေအကျိုးဆောင်ကုမ္ပဏီတခု လည်းဖြစ်ပါတယ်။ အခုလို ရုံးပိတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တာမှာ အမေရိကန်ရဲ့ ကျန်ရှိနေသေးတဲ့ ဒဏ်ခတ်အရေးယူမှု၊ ရခိုင် ပြည်နယ်ပဋိပက္ခနဲ့ မြန်မာအစိုးရရဲ့ ပြည်တွင်းစီးပွားရေးမူဝါဒတွေကို အဓိကအကြောင်း အချက်ကြီးသုံးခုအဖြစ် ကုမ္ပဏီ တည်ထောင်သူတဦးဖြစ်တဲ့ မစ္စတာ Eric Rose က ထောက်ပြပါတယ်။

ဒီထဲက ဒဏ်ခတ်အရေးယူမှုနဲ့ပတ်သက်လို့ သူပြောတာက -

“အမေရိကန်စီးပွားရေးလုပ်ငန်းတွေအနေနဲ့ မြန်မာနိုင်ငံနဲ့ ကုန်သွယ်ရေးပဲဖြစ်ဖြစ်၊ ရင်းနှီးမြှုပ်နှံတာပဲဖြစ်ဖြစ် လုပ်လို့မရ အောင် ကျယ်ကျယ်ပြန့်ပြန့် ပိတ်ပင် ကန့်သတ်ထားတဲ့ အရေးယူမှုကတော့ Patriot Act ထဲက အခန်း ၃၁၁ နဲ့ ၃၁၂ တို့အောက် မှာ ပြဌာန်းထားတဲ့ ကန့်သတ်ချက်တွေပဲဖြစ်ပါတယ်။”

Patriot Act ကို ၂၀၀၁ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်၊ အမေရိကန်နိုင်ငံကို အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် ပြဌာန်းခဲ့တာ ပါ။ အဲဒီ ဥပဒေကြောင့် မြန်မာနိုင်ငံအနေနဲ့ ကမ္ဘာ့နိုင်ငံတွေကို ဒေါ်လာနဲ့ အလွှဲအပြောင်းလုပ်တာမှာ အခက်အခဲ အတားအဆီး တွေရှိနေဆဲဆိုတာကို ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ပြည်သူ့လွှတ်တော်အစည်းအဝေးအတွင်း အဲဒီအချိန် နိုင်ငံခြားရေးဌာန၊ ဒုတိယ ဝန်ကြီး ဦးကျော်တင်က ပြောခဲ့ပါသေးတယ်။

အဲဒီကန့်သတ်ချက်တွေ ပယ်ဖျက်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံအနေနဲ့ သက်ဆိုင်ရာ ဥပဒေနဲ့ပတ်သက်တဲ့ လုပ်ထုံးလုပ်နည်းတွေ ထုတ်ပြန်ဖို့ လိုတဲ့အကြောင်း၊ တရားမဝင် ငွေလွှဲလုပ်ငန်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်နိုင်ဖို့ လုပ်ထုံး လုပ်နည်းတွေ ထုတ်ပြန်ဆောင်ရွက်ဖို့ လိုအပ်နေကြောင်း တွေ့ရှိရတယ်ဆိုပြီး ဒုဝန်ကြီးဦးကျော်တင်က လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

အဲဒီ ပြဌာန်းချက် ၃၁၁ နဲ့ ၃၁၂ တို့ကို ပယ်ဖျက်ပေးဖို့ အဲဒီအချိန်နဲ့ မရှေးမနှောင်း မှာပဲမြန်မာနိုင်ငံမှာ အခြေစိုက်တဲ့ အမေရိကန် စီးပွားရေးလုပ်ငန်းတွေက အမေရိကန်အစိုးရကို တိုက်တွန်းခဲ့ပါသေးတယ်။

ဒီအချက်အပြင် နောက်အခြေအနေတခုကတော့ ရခိုင်ပြည်နယ်က ပဋိပက္ခအခြေအနေကို မစ္စတာ Rose က ထောက်ပြပါတယ်။

“ပြည်ပကုမ္ပဏီတွေအနေနဲ့က ဒီကိစ္စဟာ နာမည်အထိခိုက်ခံပြီး စွန့်စားရမယ့် ကြီးမားတဲ့ပြဿနာ ဖြစ်လာနေတာပါ။ ဘာကြောင့်လည်းဆိုတော့ သတင်းတွေကို တဘက်ထဲကပဲ ကြားနေရပါတယ်။ CNN တို့၊ BBC တို့မှာ တွေ့ရတာတွေ၊ သတင်းစာ တွေမှာ ဖတ်ရတာတွေအားလုံးက တဘက်ထဲက အကြောင်းအရာတွေချည်းပါပဲ။ ဘာဖြစ်ခဲ့တယ်၊ ဘာ့ကြောင့်ဖြစ်တယ်၊ အစိုးရက ဘာတွေလုပ်နေတယ်ဆိုတာကို ရှင်းပြဖို့ မြန်မာအစိုးရဘက်က ကြိုးစားတာ မပါပါဘူး။ ဒီအခြေအအနေရှိနေတာကြောင့် မြန်မာ နိုင်ငံမှာ လုပ်ငန်းလုပ်နေတဲ့ ပြည်ပကုမ္ပဏီတွေဟာ သူတို့ရဲ့နှစ်ပတ်လည် အစည်းအဝေးတွေမှာ ဝေဖန် ပြောဆိုခံရတာတွေနဲ့ ရင်ဆိုင်နေရတာပါ။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဦးဆောင်တဲ့အစိုးရ တက်လာချိန်က ပြောင်းလဲ တိုးတက်မှု အများအပြားဖြစ်လာမယ်လို့ ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူတွေ မျှော်လင့်ခဲ့ကြပေမယ့် စီးပွားရေးကဏ္ဍနဲ့ပတ်သက်ပြီး အခုချိန်ထိ ထိထိရောက်ရောက် လုပ်ဆောင်တာမရှိသေးဘူးလို့ မစ္စတာ Rose က ထောက်ပြပါတယ်။

“သူတို့ မလုပ်တာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့လုပ်တာတွေက အခိုင်အမာ မဟုတ်ဘဲ တွန့်ဆုတ်တွန့်ဆုတ်နဲ့ လုပ်နေ တာပါ။ လွန်ခဲ့တဲ့ ၁၈ လကထုတ်ပြန်ပြီး စာမျက်နှာ ၁၂ မျက်နှာပဲပါတဲ့ စီးပွားရေးမူဝါဒပဲရှိပါတယ်။ ဘယ်လိုကြီးမားတဲ့ အစီအစဉ် မျိုးကိုမှ ချမှတ်ထားတာမျိုး၊ စပြီး အကောင်အထည်ဖော်နေတာမျိုး မရှိပါဘူး။”

ပြည်ပရင်းနှီးမြှုပ်နံှမှုတွေ ဝင်လာဖို့ဆိုရင် မြန်မာနိုင်ငံရဲ့ အနာဂတ်မျိုးဆက်တွေကို ထိခိုက်နေစေတဲ့ ပြည်ပ ဒဏ်ခတ်အရေးယူမှု တွေကို လုံးဝရုပ်သိမ်းဖို့၊ ရခိုင်အကျပ်အတည်းနဲ့ပတ်သက်ရင် မြန်မာအစိုးရအနေနဲ့ အခြေအနေက ဘယ်လိုရှိနေတယ်၊ သူတို့ ဘာလုပ်နေတယ်ဆိုတာကို အပြင်းအထန်အားစိုက်ပြီး ရှင်းလင်းပြောဆိုဖို့ လိုသလို နောက်ဆုံးအချက်ဖြစ်တဲ့ စီးပွားရေးဆိုင်ရာ ပြည်တွင်းမူဝါဒအပိုင်းကတော့ အစိုးရ ထိန်းချုပ်မှုအောက်မှာပဲ လုံးဝရှိနေတာပါလို့ မစ္စတာရို့စ်ကပြောပါတယ်။

လက်ရှိအစိုးရအနေနဲ့ အုပ်ချုပ်မှုသက်တမ်း ၃ နှစ်ကျန်နေသေးပြီး တကယ်တမ်း အလုပ်ဖြစ်မယ့် မူဝါဒတွေကို ရွေးချယ် ချမှတ် အကောင်အထည်ဖော်ဖို့လည်း သူက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံကို ချစ်မြတ်နိုးပြီး သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ ကျွမ်းကျင်ကြတဲ့ ပြည်ပရောက် မြန်မာနွယ်ဖွားတွေကို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အစိုးရအနေနဲ့ စုစည်းပြီး Technocratic government လို့ဆိုတဲ့ တတ်သိနားလည် ကျွမ်းကျင်သူများပါဝင်တဲ့ အစိုးရမျိုးဖွဲ့စည်းပါလို့ မစ္စတာ Eric Rose က အကြံပေး တိုက်တွန်းပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG