သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှခရီးစဉ်အတွင်း မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ


အာရှခရီးစဉ်အတွင်း မြန်မာ့အရေး အိုဘားမား ဆွေးနွေးဖွယ်ရှိ

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ ရှေ့လထဲ အာရှ ၄ နိုင်ငံဆီ ခရီးထွက်ဖို့ရှိပြီး အဲဒီခရီးစဉ်အတွင်း မြန်မာနိုင်ငံကိစ္စ ဆွေးနွေးဖွယ် ရှိတယ်လို့ အမေရိကန် အစိုးရ အကြီးတန်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာဖို့ မရှိသေးသလို လာမယ့် နိုဝင်ဘာလ ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတလိမ့်မယ်လို့ မယူဆတဲ့အကြောင်း အမေရိကန် တာဝန်ရှိသူတွေက ဆိုပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေ အိမ်ဖြူတော် သတင်းထောက် ဒန် ရော်ဘင်စင် (Dan Robinson) သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

အနှစ် ၂၀ အတွင်း မြန်မာစစ်အစိုးရ ပထမဦးဆုံး ကျင်းပပေးတဲ့ ရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်နေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ဒါဟာ သမ္မတ အိုဘားမား အာရှနိုင်ငံ ခရီးစဉ်အတွင်း ၃ ရက်ကြာ ရပ်နားမယ့် အိန္ဒိယကို ဆိုက်ရောက်ပြီး နောက်တနေ့ ဖြစ်ပါတယ်။ အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ့် ရွေးကောက်ပွဲ ဖြစ်မှာ မဟုတ်ဘူးလို့ လူအများက ခန့်မှန်းနေကြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂,၀၀၀ ကျော်ဟာလည်း မြန်မာအကျဉ်းထောင်တွေထဲမှာ ရှိနေဆဲ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံကို သွားရောက်မယ့် သမ္မတ အိုဘားမားရဲ့ အာရှခရီးစဉ်အကြောင်း အဓိကထား ပြောဆိုခဲ့တဲ့ အိမ်ဖြူတော် သတင်းစာ ရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမား အိန္ဒိယ ၀န်ကြီးချုပ် မန်မိုဟန် ဆင်းဂ် (Manmohan Singh) နဲ့ တွေ့ဆုံတဲ့အခါနဲ့ တခြား အာရှနိုင်ငံတွေကို ရောက်တဲ့အခါ လူ့အခွင့်အရေး ကိစ္စတွေကို ဆွေးနွေးဖို့ ရှိမရှိ အမေရိကန် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဘန်းစ် (William Burns) ကို သတင်းထောက်တွေက မေးမြန်းခဲ့ပါတယ်။

“မြန်မာနိုင်ငံ အပါအ၀င် ဒေသတွင်း ပြဿနာတွေကို အိန္ဒိယနိုင်ငံနဲ့ ကျနော်တို့ ထိထိရောက်ရောက် ဆွေးနွေး ညှိနှိုင်းခဲ့ကြပါတယ်။ ဒီတခါ အတိအကျ ဘာတွေ ဆွေးနွေးရမယ် ဆိုတာကိုတော့ ကျနော် မခန့်မှန်းနိုင်ပါဘူး။ ဒါပေမဲ့လည်း အာရှ၊ ပစိဖိတ်ဒေသ တလွှားက လူ့အခွင့်အရေး အခြေအနေတွေကို သမ္မတက အလေးအနက်ထားတယ် ဆိုတာကိုတော့ ခင်ဗျားတို့ တွေ့ကြရပါလိမ့်မယ်။”

မြန်မာနိုင်ငံမှာ နိုဝင်ဘာလ ၇ ရက် ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိလိမ့်မယ်လို့ မထင်တဲ့ အကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံး ချက်ချင်း ပြန်လွှတ်ပေးဖို့ အမေရိကန်က ထပ်မံ တောင်းဆိုကြောင်း သူက ပြောဆိုသွားပါတယ်။

သမ္မတ အိုဘားမားရဲ့ ခရီးစဉ်အတွင်း အိန္ဒိယနဲ့ တခြား အာရှနိုင်ငံတွေကို ရောက်တဲ့အခါ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ကိစ္စတွေကို အဓိက ဆွေးနွေးသွားမှာ ဖြစ်သလို မြန်မာနိုင်ငံအရေး ဆွေးနွေးဖွယ် ရှိတယ်လို့ အမျိုးသား လုံခြုံရေးကောင်စီရဲ့ မဟာဗျူဟာ ဆက်ဆံရေးဆိုင်ရာ လက်ထောက် အကြံပေး ဘန် ရုတ်ဒ်စ် (Ben Rhodes) က ပြောပါတယ်။

“အဲဒီရွေးကောက်ပွဲ ရလဒ်ကို ကျနော် ကြိုတင် မခန့်မှန်းနိုင်ပါဘူး။ ဒီကိစ္စအတွက် စိုးရိမ်မကင်းကြောင်း အာဆီယံမှာ ကျနော်တို့ ပြောခဲ့ပြီးပါပြီ။ ဒေသတွင်း အစိုးရတွေနဲ့ နှစ်ဦးချင်း ဆွေးနွေးပွဲတွေမှာလည်း ပြောခဲ့ပါပြီ။ ရွေးကောက်ပွဲဟာ ကျနော်တို့ တွေ့မြင်ချင်တဲ့ ပုံစံအတိုင်း ဖြစ်မလာရင်တော့ ဒီခရီးစဉ်အတွင်း တခုခုတော့ ပေါ်ထွက်လာပါလိမ့်မယ်။ ဖြစ်လာမယ့် အလားအလာလည်း အခုထိ မတွေ့ရသေးပါဘူး။”

အခုလို ပြောဆိုခဲ့တဲ့ အမေရိကန် အရာရှိတွေရဲ့ မှတ်ချက်စကားတွေဟာ သမ္မတ အိုဘားမားရဲ့ အာရှခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ကျင်းပမယ့် ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲရဲ့ ရလဒ်တွေနဲ့ ပတ်သက်ပြီး သမ္မတ အိုဘားမား ပြောဆိုလေမလား ဆိုတဲ့ကိစ္စကို ပထမဆုံးအကြိမ် အရိပ်အငွေ့ ပြသလိုက်တာ ဖြစ်ပါတယ်။

XS
SM
MD
LG