သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

တပ်ချုပ်ကိုအရေးယူဖို့ ကန်အထက်လွှတ်တော်အမတ်တွေ တိုက်တွန်း


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာနိုင်ငံက ရိုဟင်ဂျာ မူဆလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ဒဏ်ခတ်အရေးယူဖို့ အမေရိကန် အထက်လွှတ်တော်အမတ်တွေက တိုက်တွန်းလိုက်ကြပါတယ်။

ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် နိုင်ငံတကာ အသိုင်းအ၀န်းက အကြီးအကျယ် ပြစ်တင်ရှုတ်ချနေပေမဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မတွေ့ရတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo နဲ့ ဘဏ္ဍာရေးဝန်ကြီး Steven Mnuchin တို့ထံ ပေးပို့ခဲ့တဲ့ စာထဲမှာ အထက်လွှတ်တော်အမတ် ၄ ဦးက ပြောဆိုခဲ့ကြတာပါ။ အထက်လွှတ်တော်အမတ်တွေရဲ့ စာထဲမှာတော့ အခြေခံလူ့အခွင့်အရေးတွေကို ချိုးဖောက်တဲ့ လုပ်ရပ်တွေအပေါ် အမေရိကန်က သည်းခံမှာမဟုတ်ကြောင်း ပြသဖို့လိုတဲ့အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအ၀င် တခြားထိပ်တန်း အရာရှိတွေကို ပိတ်ဆို့ဒဏ်ခတ် အရေးယူဖို့ တိုက်တွန်းထားပါတယ်။

အမေရိကန်ရဲ့ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေဟာ ရိုဟင်ဂျာနဲ့ တခြားတိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးတွေလို အထောက်အထားတွေနဲ့ အထင်အရှား တွေ့နေရတဲ့ လုပ်ရပ်တွေအတွက် တာဝန်ခံမှုရှိအောင် ပြင်းပြင်းထန်ထန် သတိပေးဖို့ ရည်ရွယ်ထားတာ ဖြစ်ပေမယ့် သမ္မတ Donald Trump အစိုးရကတော့တစုံတရာ အရေးယူတာ မရှိကြောင်းလည်း ဖော်ပြထားပါတယ်။

အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနကတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး မြန်မာစစ်တပ်က တပ်မှူး ၄ ယောက်ကို ပြီးခဲ့တဲ့ သြဂုတ်လထဲမှာပဲ အရေးယူဒဏ်ခတ်ထားပေမယ့် အထက်လွှတ်တော် အမတ်တွေကတော့ လုံလောက်မှု မရှိတာကြောင့်၊ နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူနိုင်ဖို့ ပြဌာန်းထားတဲ့ Magnitsky အက်ဥပဒေအရ မြန်မာစစ်တပ်အကြီးအကဲကို အရေးယူပြီး၊ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေရှိရင် ထိန်းချုပ်ဖို့နဲ့ ပြည်ဝင်ခွင့်တားမြစ်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်ပြု လက်ခံမထားတဲ့ မြန်မာအစိုးရနဲ့ မြန်မာစစ်တပ်ကတော့ နိုင်ငံတကာက စွပ်စွဲနေသလောက် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့တာ မရှိကြောင်းနဲ့ ကျုးလွန်သူတွေကို ဖော်ထုတ် အရေးယူတာတွေ ရှိခဲ့ကြောင်းလည်း တုံ့ပြန်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG