သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကိစ္စ စုံစမ်းရေး အမေရိကန် ထောက်ခံမှု အတိုက်အခံ ကြိုဆို


မြန်မာစစ်အစိုးရဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှုတွေ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ လွတ်လပ်တဲ့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အမေရိကန် ပြည်ထောင်စုက ထောက်ခံလိုက်တဲ့အပေါ် မြန်မာ့ ပြည်တွင်း အတိုက်အခံ နိုင်ငံရေးခေါင်းဆောင် တချို့က ကြိုဆိုထောက်ခံခဲ့ကြပေမဲ့ တချို့ကတော့ သတိနဲ့ စောင့်ကြည့်ချင်သေးတယ်လို့လည်း ပြောကြပါတယ်။ ဘယ်သူတွေက ကြိုဆိုလို့ ဘယ်အဖွဲ့တွေက စောင့်ကြည့်ချင်ကြသလဲ ဆိုတာကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ စစ်ရာဇ၀တ်မှု ကျူးလွန်ခြင်း ရှိမရှိ ဆိုတာကို စုံစမ်းစစ်ဆေးဖို့ ကော်မရှင်တရပ် ဖွဲ့စည်းဖို့ ကြိုးစားချက်တွေကိုရော ဒီကိစ္စအတွက် အမေရိကန်နိုင်ငံရဲ့ ထောက်ခံမှုပေါ်ကိုရော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက ကြိုဆို ထောက်ခံလိုက်ပါတယ်။ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာ ကြုံနေရတဲ့ အခြေအနေတွေက အထောက်အထား များစွာနဲ့ ကာလကြာမြင့်စွာ ကတည်းက တင်ပြ ပြောဆိုနေတာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးက ပြောပါတယ်။

“တိုင်းရင်းသားတွေဘက်မှာ ဒါနဲ့ပတ်သက်လို့ စာရွက်စာတမ်းနဲ့ အကုန်လုံး ရှိနေကြတာပဲလေ။ ဒီဥစ္စာက အခုမှ ပေါ်လာတာ မဟုတ်ဘူးလေ။ ကြာပြီပဲ။ ဒါတွေနဲ့ ပတ်သက်လို့ Crime against humanity မရှိဘူးဆိုတာကို ပြချင်တယ်ဆိုလည်း သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် ပြနိုင်တဲ့ အခွင့်အရေး ရှိပါတယ်။ Enquiry ဆိုကတည်းက ဒီကိစ္စနဲ့ ပတ်သက်တာ အားလုံး ရှိသလား၊ မရှိဘူးလားဆိုတာ လာကြည့်တာပဲလေ။

“တင်တဲ့ပုဂ္ဂိုလ်တွေကလည်း သူတို့ ခံစားမှု ရှိနေတာမို့ ဒါတွေရှိနေတယ်လို့ တင်တာကိုတော့ သူတို့ကတော့ ကုစားမှု ရချင်တာပေါ့ဗျာ။ အဲတော့ ဒီ တင်တဲ့အပေါ်မှာတော့ အကြောင်းချင်းရာတွေက ခိုင်ခိုင်လုံလုံ ရှိနေတာကို အကြောင်းပြုပြီးတော့ အဲလို ရပ်တည်တဲ့ သဘောပါပဲဗျာ။”

စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းရေးကို အဓိက တိုက်တွန်းသူမှာ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဖြစ်ပါတယ်။ သက်ဆိုင်ရာ အဖွဲ့တွေ အနေနဲ့ အဆင့်ဆင့် အချိန်ယူ လုပ်ဆောင်ကြရဦးမှာ ဖြစ်ပေမဲ့ ဒီပြဿနာတွေ ကြုံနေရတဲ့ တိုင်းရင်းသား ဒေသတွေမှာ ဒီအမှုတွေ ကျူးလွန်နေတာတွေ ရပ်တန့်သွားနိုင်တဲ့ အကျိုးသက်ရောက်မှုတွေ ချက်ချင်း ရနိုင်တယ်လို့လည်း ဦးတင်ဦးက ပြောပါတယ်။

ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီကတော့ ဒီကိစ္စအပေါ် ကြိုဆိုခြင်း၊ ဒါမှမဟုတ် ထောက်ခံခြင်းတွေ မပြုလုပ်လိုသေးဘဲ အခြေအနေကို စောင့်ကြည့်ချင်ပါသေးတယ်လို့ NDF ပါတီက ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ကော်မရှင်အောက်မှာ မှတ်ပုံတင်ထားတဲ့ ၀င်ပြိုင်မယ့် ပါတီတရပ် အနေနဲ့ ဖြေရတဲ့အခါမှာ အပြင်လူလိုတော့ လွတ်လွတ်လပ်လပ် ဖြေလို့ မရဘူးပေါ့ဗျာ။ အမြင်တွေကို ပြောတဲ့အခါမှာ သိပ်ရှင်းရှင်းလင်းလင်းကြီး ပြောလို့မရတဲ့ အပိုင်းတွေလည်း ရှိတယ်။ အဲဒါဆိုတော့ တကယ်ပဲ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ဟာမှာ လူသားမျိုးနွယ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေ ရှိနေတယ်လို့ ကုလသမဂ္ဂ ကော်မရှင်က ယူဆလို့ရှိရင်တော့လည်း စစ်ပေါ့ဗျာ။ ဒါကတော့ ကျနော်တို့ ဘာမှ တားလို့ရတဲ့ကိစ္စ မဟုတ်ပါဘူး။

“လူသားမျိုးနွယ်တုံးအောင် လုပ်တဲ့ ကိစ္စမျိုးတွေကို NDF တင် မဟုတ်ပါဘူး၊ လူသားတွေ ဘယ်သူမှ ဒါကို လက်ခံမှာ မဟုတ်ပါဘူး။ တကယ်တမ်း ရှိတယ်လို့ ထင်မြင်ယူဆရင် စစ်ဆေးတာကို ကျနော်တို့ ဘာမှ ပြောစရာ အကြောင်းလည်း မရှိပါဘူး။ အဲတော့ ကော်မရှင်တခု ဖွဲ့တာကတော့လည်း ကမ္ဘာ့ကုလသမဂ္ဂ အောက်မှာ ဖွဲ့ခွင့်လည်း ရှိတဲ့အတွက် ဖွဲ့နိုင်ပါတယ်။ ဖွဲ့တဲ့အပေါ်မှာလည်း ကျနော်တို့က ဘာမှ ဆန့်ကျင်ဘက်ပြောခြင်း၊ ထောက်ခံပြောခြင်းလည်း ပြောကြားလိုခြင်း မရှိသေးပါဘူး၊ စောင့်ကြည့်ချင်ပါသေးတယ်။”

NDF ပါတီက ဦးခင်မောင်ဆွေက သူ့သဘောထားကို ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို စစ်ရာဇ၀တ်မှုတွေ၊ လူသားမျိုးနွယ်တွေပေါ်မှာ ကျူးလွန်နေတဲ့ အမှုတွေကို စုံစမ်းပြီး အရေးယူဖို့ ကိစ္စဟာ မြန်မာပြည်မှာ တကယ်လိုအပ်နေတဲ့ အခြေအနေအမှန် ဖြစ်တယ်လို့ ဇိုမီး ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင်ရှင်းထန်က ပြောပါတယ်။ ဒီလို စုံစမ်းရေး ကော်မရှင်တရပ် ဖြစ်လာပြီဆိုရင် မြန်မာပြည်ထဲမှာ ကျူးလွန်ခံထားရသူတွေဟာ အကြောက်တရား ကင်းကင်းနဲ့ အခြေအနေအမှန် ပြောဆိုနိုင်ဖို့၊ စုံစမ်းတဲ့ အဖွဲ့တွေဟာလည်း လွတ်လပ်စွာ သွားလာ စုံစမ်းနိုင်ဖို့ အခြေအနေတွေ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

“ဒီဥစ္စာကြီးကတော့ တကယ်လည်း လိုအပ်နေတဲ့ အချက်ပါ။ အထူးသဖြင့် ကရင်ရယ်၊ ရှမ်းရယ်၊ ချင်းပြည်နယ်ရယ်၊ အခု ရခိုင်ပြည်နယ်ရယ် အားလုံးမှာ လူ့အခွင့်အရေးကို ချိုးဖောက်ပြီး လုပ်တာတွေ နေ့တိုင်းနဲ့အမျှ ကြုံတွေ့နေရပါတယ်။ အဲဒါကြောင့် ဒါဟာ လိုအပ်တယ်။ လုပ်မယ်ဆိုရင် ခွင့်ပြုဖို့ လိုတယ်၊ လာဖို့ လိုတယ်။ အဲဒီနယ်မြေတွေ၊ တိုင်းရင်းသားအုပ်စု၊ တိုင်းရင်းသား နယ်မြေများကို မလိမ့်တပတ် လုပ်တာမျိုး မဟုတ်ဘဲနဲ့ သေချာပေါက် စုံစမ်းစစ်ဆေးလို့ ရအောင်၊ အစစ်ဆေးခံမယ့် လူတွေပါ အကြောက်တရား မရှိအောင်၊ အဲဒါတွေ လုပ်ထားဖို့ လိုပါတယ်။”

ဇိုမီး ကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဦးကျင်ရှင်းထန် ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရရဲ့ စစ်ရာဇ၀တ်မှုတွေ ကျူးလွန်ခြင်း ရှိမရှိ ဆိုတာကို ကော်မရှင်တရပ် ဖွဲ့စည်းပြီး စစ်ဆေးဖို့ တင်ပြတောင်းဆိုတဲ့ မစ္စတာ ကင်တားနားဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်အဖြစ် ၂၀၀၈ ခုနှစ်က စတင် တာဝန်ယူခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံအတွက် စတုတ္ထမြောက် ကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။ သူတာဝန်ယူခဲ့တဲ့ သက်တမ်း ၂ နှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ၃ ကြိမ် သွားရောက်ခဲ့ဖူးပြီး ဒီနှစ် ၂၀၁၀ ဖေဖော်ဝါရီလ ၅ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို နောက်ဆုံး သွားရောက် စုံစမ်းခဲ့ပါတယ်။ အခုဆိုရင်လည်း မစ္စတာ ကင်တားနားဟာ မြန်မာနိုင်ငံကို နောက်ထပ် သွားလာခွင့် ဗီဇာ ပိတ်ပင်ခံထားရတာ ဖြစ်ပါတယ်။

သူ့အရင် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ဟောင်း ပေါ်လို ဆာဂျီယို ပီညဲရိုး (Paulo Sérgio Pinheiro) ကလည်း ကော်မရှင်တရပ် ဖွဲ့စည်းပြီး စုံစမ်းစစ်ဆေးဖို့ ကိစ္စအတွက် အမေရိကန်ရဲ့ ဆုံးဖြတ်ချက်အပေါ် ထောက်ခံ ကြိုဆိုလိုက်ပါတယ်။

XS
SM
MD
LG