သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေး ခရီးအတွင်း သံဃာတပါး လူဝတ်လဲရ


ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေး ခရီးအတွင်း သံဃာတပါး လူဝတ်လဲရ
ကြံ့ခိုင်ဖွံ့ဖြိုးရေး စည်းရုံးရေး ခရီးအတွင်း သံဃာတပါး လူဝတ်လဲရ

မြန်မာစစ်အစိုးရက နိုဝင်ဘာလထဲမှာ ကျင်းပပေးဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားခွင့် မရှိဘူးလို့ ပြောဆိုနေချိန်မှာပဲ စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကတော့ မဲဆွယ်စည်းရုံးမှုတွေ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။ အခုဆိုရင်လည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်တွင်းက ကျေးရွာတွေမှာ ပါတီရဲ့ အကြီးတန်း ခေါင်းဆောင်တွေ ဦးဆောင်ပြီး နည်းမျိုးစုံနဲ့ စည်းရုံးရေး လုပ်နေသလို သူတို့နဲ့ သဘောထား ကွဲလွဲသူလို့ ယူဆတဲ့ ရဟန်းတပါးကိုတောင် သိက္ခာချ လူဝတ်လဲလိုက်ကြောင်း မြို့ခံတွေနဲ့ ရွာက သံဃာတွေက ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

တနင်္သာရီတိုင်း ထားဝယ်မြို့က ကျေးရွာတွေမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ စည်းရုံးရေး ခရီးစဉ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ပေးမယ်၊ သူတို့ကို ထောက်ခံကြပါဆိုပြီး စည်းရုံးနေတာလို့ ဒေသခံတွေက ပြောပြကြပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲအတွက် ပါတီအဖြစ် မှတ်ပုံတင်ဖို့ စစ်ရာထူးကနေ အနားယူခဲ့တဲ့ ဗိုလ်မှူးချုပ်ဟောင်းလည်းဖြစ် လက်ရှိ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီး ဦးမောင်မောင်သိန်းက ဦးဆောင် စည်းရုံးရေးဆင်းတဲ့ နေရာမှာ ပါတီအမှတ်အသားဖြစ်တဲ့ ခြင်္သေ့အမှတ်တံဆိပ်ကို မဲထည့်ကြပါလို့ နယ်ခံတွေကို တိုက်တွန်းနေတာပါ။

ဒါပေမဲ့လည်း ထားဝယ်မြို့နယ် သဗျာရွာမှာ ဝါဆိုသင်္ကၤန်း ကပ်လှူရင်း သူတို့နဲ့ သဘောထား ကွဲလွဲသူလို့ ယူဆရတဲ့ သံဃာတပါး တရားဟောပြီး နောက်တနေ့မှာပဲ သိက္ခာချ လူဝတ်လဲခဲ့တဲ့အတွက် ဒေသခံတွေကြား မနှစ်မြို့စရာတွေ ဖြစ်ခဲ့ရတယ်လို့ နယ်ခံတယောက်က ပြောပြပါတယ်။

“ဓမ္မာရုံရှိတဲ့နေရာမှာ ရွာကုန် ခေါ်ပြီးတော့ ရွာသားတွေကို ရွာထဲမှာလိုအပ်တဲ့ အကူအညီတို့၊ တံတားပြင်တာတို့၊ လမ်းပြင်တာတို့ အဲဒီကိစ္စတွေကို လိုတဲ့ဟာ ပြောကြပါ ဆိုပြီးတော့ သူက စည်းရုံးရေး ပုံစံမျိုးနဲ့ ပြောကြတာ။ ဒါပေမဲ့ အခုချိန်ထိ အဲဒီဟာတွေအတွက် ဘာမှ အကြောင်းမပြန်ဘူး။ အကြောင်းမပြန်တဲ့အပြင် အဲဒီ ဘုန်းကြီးကိစ္စ ဖြစ်လာတော့ လူတွေ တော်တော်လေးကို ကြံ့ခိုင်ရေးပါတီ အပေါ်မှာ အယုံအကြည်မရှိ ဖြစ်နေတာပေါ့။

“သူတို့ ပြောထားတယ်တဲ့၊ သတင်းလာမေးတာတို့၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ပြောတာ ဆိုတာ မေးတာတို့ လာလို့ရှိရင် အဲဒါကို မှတ်ထား။ တကယ်လို့ ရှိရင် အဲဒီရွာကိုလည်း အစည်းအဝေး ခေါ်ထားတယ်။ ခေါ်ပြီး အဲဒီကိစ္စကို သတင်းမပေါက်ကြားအောင်၊ ထွက်တာလည်း သူ့ဆန္ဒနဲ့ သူထွက်တာ၊ သူတို့နဲ့ မပတ်သက်တဲ့ ပုံစံမျိုးနဲ့ ရှင်းလင်းတာပေါ့။”

သိက္ခာချ လူဝတ်လဲခံခဲ့ရသူ ရဟန်းတော်ဟာ အသက် ၂၇ နှစ်၊ ဝါတော် ၇ ဝါရှိတဲ့ မဲချောင်းကျေးရွာ ဆရာတော် ဦးပုညလို့လည်း နယ်ခံတွေက ပြောပါတယ်။ သူ့ကို သိက္ခာချ လူဝတ်လဲချိန်မှာ လုံခြုံရေး အာဏာပိုင်တွေပါ ပါဝင်ပြီး သြဂုတ်လ ၈ ရက်နေ့က ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက စည်းရုံးရေး လာသူတွေကို ဟောကြားခဲ့တဲ့ တရားနဲ့ ဆက်စပ်မှု ရှိတယ်လို့လည်း ဒေသခံ ရဟန်းတော်တပါးက မိန့်ပါတယ်။

“တကယ်တော့ ဦးဇင်းတို့ သာသနာပေါ်မှာ အာဏာက ဖိထားတယ်လေ။ ဒီကိုယ်တော် တရားဟောလိုက်တာ၊ မြတ်စွာဘုရား ဟောခဲ့တဲ့ တရားထဲကပါပဲ၊ ပါဏာတိပါတာကံ အကြောင်းကို ဟောရင်းကနေ သူ့ကို နည်းနည်း သွားထိခိုက်တယ်လို့ ယူဆရတာပေါ့၊ ဦးဇင်းထင်တာတော့။ သူကလည်း လုပ်တာ မွေးမြူရေးနဲ့ ရေလုပ်ငန်းဆိုတော့၊ နောက်နေ့မှာ လာခေါ်သွားတယ်။ ခရိုင်အဆင့် ရဲမှူးတွေလည်း ပါတယ်။ အကုသိုလ်လုပ်တဲ့လူကို ပါဏာတိပါတာကံ တရား ဟောမိတော့ ဘုန်းကြီးကို အဓမ္မ သင်္ကန်းချွတ်ခိုင်းလိုက်တယ်။

“ဗုဒ္ဓဒေသနာတော်တွေနဲ့ ဆက်နွယ်ပြီးတော့ ဟောကြားတဲ့ အချိန်မှာပဲ မထိခိုက်အောင်လို့ အတတ်နိုင်ဆုံး ဆင်ခြင်နေရတယ်၊ ရှောင်ကြဉ်နေရတယ်။ ဆရာတော်ကြီးတွေဆို ဘာမှကို မပြောနိုင်၊ မဟောနိုင်ကြဘူး။ မပြောနိုင်၊ မဟောနိုင်ဘူးဆိုတာ သူတို့နဲ့ သွားပြီး ငြိစွန်းမှာ ကြောက်ကြတာပေါ့လေ။”

အခုအခါမှာတော့ လူဝတ်လဲခံရတဲ့ ငယ်ဖြူရဟန်းတော်ဟာ သူ့ရဲ့ဇာတိရွာကို ပြန်ခဲ့ရပြီလို့လည်း ဒေသခံတွေက ပြောပြကြပါတယ်။ မြန်မာစစ်အစိုးရက ဒီနှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ နိုင်ငံရေးပါတီတွေ မှတ်ပုံတင်ပြီး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုထားပေမဲ့ ဒီမိုကရေစီ လိုလားတဲ့ နိုင်ငံရေး အုပ်စုတွေကတော့ လွတ်လပ်ပြီး မျှတမှု မရှိဘူးဆိုပြီး စောဒက တက်နေကြတာပါ။

အခုအချိန်အထိ နိုင်ငံရေးပါတီပေါင်း ၄၀ ကို မှတ်ပုံတင်ခွင့် ပြုထားပြီး ဒီအထဲက ၁၅ ပါတီဟာလည်း သတ်မှတ်ထားတဲ့အတိုင်း ရက်ပေါင်း ၉၀ အတွင်း ပါတီဝင် အင်အားတွေကို တင်ပြပြီးခဲ့ကြပြီလို့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားပါတယ်။

ရွေးကောက်ပွဲကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ကျင်းပမှာ ဖြစ်တဲ့အကြောင်း အရင်တပတ်ထဲမှာပဲ အာဏာပိုင်တွေက ကြေညာခဲ့တာ ဖြစ်ပေမဲ့ နိုင်ငံရေး အခြေအနေတွေ လွတ်လပ်မှု မရှိဘဲ လုပ်သွားမယ့် ဒီအစီအစဉ်တွေ အပေါ်မှာတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်မကင်း ဖြစ်ရကြောင်း ပြောဆိုခဲ့ကြတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG