သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး ဥပဒေအရဆောင်ရွက်ဖို့ တိုက်တွန်း


Seorang pemadam kebakaran duduk di ayunan di dekat sebuah bangunan yang runtuh akibat serangan bom Rusia di Chernihiv, Ukraina.
Seorang pemadam kebakaran duduk di ayunan di dekat sebuah bangunan yang runtuh akibat serangan bom Rusia di Chernihiv, Ukraina.

ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့မှာ မြန်မာအမျိုးသမီးတွေအတွက် အမျိုးသမီးအခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ အိမ်တွင်းအကြမ်းဖက်မှုတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ပပျောက်ရေး ဥပဒေကြောင်းအရ ထိထိရောက်ရောက် အကာအကွယ်ပေးပါလို့ အမျိုးသမီးရေးလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။ ဒီကနေ့စလို့ ၁၆ရက်တာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှုကို နိုင်ငံတဝှမ်းအမျိုးသမီးရေး လှုပ်ရှားသူတွေက ဦးဆောင်ကျင်းပနေကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ နိုဝင်ဘာလ ၂၅ရက်နေ့ တနင်္ဂနွေကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့ဖြစ်ပါတယ်။ ဒီကနေ့ ကစတင်လို့ ဒီဇင်ဘာ ၁၀ရက်နေ့အထိ မြန်မာနိုင်ငံတနိုင်ငံလုံးအတိုင်းအတာနဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု ပညာပေးလှုံ့ဆော်မှုတွေကို အမျိုးသမီးရေးလှုပ်ရှားသူတွေက ဦးဆောင်ကျင်းပနေကြပါတယ်။

Triangle Women အဖွဲ့နဲ့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်မြန်မာတို့ပူးပေါင်းတင်ဆက်နေတဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ရက်တာလှုပ်ရှားမှုက ပညာပေးလှုံ့ဆော်နေတာဖြစ်ပါတယ်။ ဒီကနေ့ ကျရောက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့မှာတော့ အမျိုးသမီးတွေကို အကြမ်းဖက်မှုပပျောက်ရေးအတွက် ဥပဒေအရ ထိထိရောက်ရောက်အကာအကွယ်ပေးဖို့ အဓိကရည်ရွယ်ချက်နဲ့ ကျင်းပတာဖြစ်တယ်လို့ အမျိုးသမီးရေးလှုပ်ရှားမှုဦးဆောင်သူ Triangle Women ဒါရိုက်တာ မခင်လေးက ဗွီအိုအေမြန်မာပိုင်းကို ပြောပါတယ်။

"၂၀၁၈ ရဲ့ အကြမ်းဖက်မှု ပြပျောက်ရေး အနေနဲ့ လုပ်ငန်းခွင်အတွင်း အကြမ်းဖက်မှုပပျောက်ရေးကို အားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ဖို့ဖြစ်တဲ့အတွက် ဒီအမျိုးသမီးတွေအတွက်လည်း အများကြီးသက်ဆိုင်နေတဲ့အတွက် အမျိုးသမီးတွေအကြမ်းဖက်မှု ပပျောက်ရေးအတွက် ဥပဒေထွန်းကားဖို့ ဒါလေးတွေကို ကျမတို့ အဓိကထားပြီးတော့ theme ၂ ခုပေါ့နော် ဒီရည်ရွယ်ချက်နဲ့ လုပ်တာဖြစ်ပါတယ်။ အကြမ်းဖက်မှု ပပျောက်ဖို့ ၃၆၅ ရက်ရှိတဲ့အထဲမှာ ကျမတို့ ၁၆ ရက်ပဲလုပ်လို့မရပါဘူး။ တိုင်းပြည်အနေအထားနဲ့ ကျမတို့လုပ်နိုင်တာက ပြောရရင်တော့ အားနည်းနေသေးတယ်လို့ ပြောချင်ပါတယ်။"

ဒီကနေ့ကျရောက်သော နိုင်ငံတကာအမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့မှာ မြန်မာနိုင်ငံတဝှမ်း အမျိုးသမီးရေးလှုပ်ရှားမှုတွေကို အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူတွေ၊ အမျိုးသမီး အဖွဲ့အစည်းတွေက (၁၆) ရက်တာ လှုပ်ရှား မှုများ ပြုလုပ်တဲ့အထဲ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)လည်းပါဝင်ပါတယ်။ အဓိက အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ ဦးတည်ချက်ကတော့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ဥပဒေဖြင့်ကာကွယ်ပေး” ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဦးဆောင်လှုပ်ရှားတာဖြစ်တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)ရဲ့ အထွေထွေအတွင်းရေးမှူး လွေးပိုးငယ်ကပြောပါတယ်။

"အခုက မြန်မာနိုင်ငံမှာ တခါမှ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့ ကာကွယ်တဲ့ဥပဒေ တခါမှ ကျမတို့ကို ပြောတဲ့ဟာမရှိဘူးပေ့ါနော်။ ဒါပေမယ့် ကျမတို့ ဥပဒေပြုရေး ဌာနမှာရှိတဲ့သူတွေရော ဥပဒေတွေပေါ်ပေါက်ပြီးတော့ တကယ်ကိုထိရောက်တဲ့ ဥပဒေတွေကို ကျမတို့ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အဲဒါမှ သာလျင် ကျမတို့ အနာဂတ်အတွက် အမျိုးသမီးတွေအတွက် ဘဝလုံခြုံမှု ရှိမှာ ဖြစ်ပါတယ်။"

မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အိမ်တွင်းအကြမ်းဖက်ခံရတာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို ဥပဒေကြောင်းအရ အကာအကွယ်ပေးမှုက အရမ်းကိုအားနည်းနေသေးတဲ့အတွက် တရားဥပဒေအရ အကာအကွယ်ပေးဖို့ တောင်းဆိုပါတယ်လို့ လွေးပိုးငယ်ကပြောခဲ့တာပါ။ ဒါ့အပြင် မြန်မာအမျိူးသမီးထုကြားထဲမှာ အကြမ်းဖက်မှုနဲ့ပတ်သက်လို့ အသိပညာပေးမှု အားနည်းတဲ့အတွက် နားလည်မှုလွဲမှားနေတာ၊ အမျိုးသမီးတွေကိုယ်တိုင် သူတို့ရဲ့ အမျိုးသမီးအခွင့်အရေး၊ ဥပဒေကြောင်းအရ အကာအကွယ်ရယူနိုင်မှုတွေအပေါ် မသိရှိတာတွေ ရှိနေတဲ့အတွက် အမျိုးသမီးရေးလှုပ်ရှားသူတွေဘက်က လှုပ်ရှားမှုတွေနဲ့ ပညာပေးဆော်သြနေကြသလို အစိုးရတာဝန်ရှိသူတွေဘက်ကလည်း ထိထိရောက်ရောက်ပညာပေးမှုတွေ လုပ်ဖို့လိုတယ်လို့ အမျိုးသမီးရေးလှုပ်ရှားမှုဦးဆောင်သူ Triangle Women ဒါရိုက်တာ မခင်လေးကလည်း ပြောပါတယ်။

"အဓိကတော့ ပညာပေးမှု အားနည်းတယ်ဆိုတာကတော့ တကယ်ကို လက်တွေ့ကြုံနေရတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။ အကြမ်းဖက်မှု ကြုံလာရင်တောင် အကြမ်းဖက်မှုလို့ မယူဆပဲနဲ့ ဒါဟာ အိမ်တွင်းရေးပြဿနာလို့ ယူဆတဲ့ အိမ်တွင်းရေးပြဿနာတွေလည်း အများကြီးရှိနေပါတယ်။ အဲဒီအတွက် ကျမတို့ အမျိုးသမီး အရပ်ဖက် အဖွဲ့အစည်းတွေက အသိပညာပေးအလုပ်တွေ ဆောင်ရွက်နေပေမယ့် ကျမတို့ ဆောင်ရွက်မှုက အတိုင်းအတာ ၊ အကန့်အသတ်ရှိပါတယ်။ ဒါကြောင့် အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ကျောင်းသင်ရိုးတွေမှာ လူမှုဘဝတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဒီအကြမ်းဖက်မှု ကိုသိရှိအောင် အသိပညာပေး ကိစ္စတွေကို ထည့်သွင်းပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။ အဲဒီလိုမလုပ်နိုင်ခင်မှာ ကျမတို့ အမျိးသမီးတွေကို အသိပေးချင်တာကတော့ အရင်လိုမဟုတ်ဘူး အကြမ်းဖက်မှု ဖြစ်လာရင် ဝိုင်းဝန်းကူညီမယ့်သူတွေရှိတယ်။ ဒါအကြမ်းဖက်မှု ခေါ်သလား မခေါ်သလား သိဖို့ မျက်စိတွေနားတွေဖွင့်ထားပါ။ ရေဒီယိုတွေနားထောင်ပါ TV မှာ Facebook မှာ ဒီသတင်းနဲ့ ပတ်သက်လာတဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပတ်တွေ မှတ်ထားပြီးတော့ တစုံတခုဖြစ်ခဲ့ရင် အဲဒီဖုန်းနံပတ်တွေ ဆက်သွယ်ရမယ့် လိပ်စာတွေကို ဆက်သွယ်ပါ။ ဒါဆိုရင် ကိုယ်ခံစားနေရတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲဆိုတာကို ဝိုင်းဝန်းကူညီပေးနိုင်မယ့် နည်းလမ်းတွေတွေ့မယ်လို့ ကျမတို့ ပြောချင်ပါတယ်။"

မြန်မာနိုင်ငံတဝှမ်း အမျိုးသမီး မိန်းကလေးငယ်တွေကစလို့ အသက်ကြီးရွယ်အိုအမျိုးသမီးကြီးတွေအထိ နည်းပေါင်းစုံနဲ့ အကြမ်းဖက်မှုကို ခါးစီးခံနေကြရပြီး အထူးသဖြင့် စစ်မက်ဖြစ်ပွားရာနေရာတွေမှာလည်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်လို့ အမျိုးသမီးရေးလှုပ်ရှားသူတွေကဆိုပါတယ်။ နစ်နာသူအမျိုူးသမီးတွေကို ဥပဒေကြောင်းအရ တရားမျှတမှုရဖို့ ကြိုးပမ်းမှုမှာလည်း အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရသလို လက်ရှိတည်ဆဲဥပဒေတွေကလည်း အမျိုးသမီးများအပေါ် အကာအကွယ်ပေးမှု အားနည်းလွန်းနေတဲ့အတွက် မြန်မာနိုင်ငံမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး တားဆီး ကာကွယ်ပေးမည့် ဥပဒေကို အမြန်ပြဌာန်းဖို့လိုအပ်ပြီး မြန်မာနိုင်ငံတွင်း တရားဥပဒေစိုးမိုးမှုရှိလာဖို့ တရားရေးစီရင်မှုတွေမှာ ဘက်မလိုက်မျှတတဲ့ ထိရောက်စွာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ဖို့ အစိုးရကို အမျိုးသမီးရေးလှုပ်ရှားသူတွေက ဒီကနေ့ကျရောက်တဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး နိုင်ငံတကာနေ့မှာ တောင်းဆိုလိုက်ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG