သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နယ်မြေအသုံးပြု တိုက်ခိုက်မှုများ တရုတ်အစိုးရ ခွင့်ပြုမည်မဟုတ်


တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို အမြဲ လေးစားတယ်လို့ တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Hong Lei ကပြောလိုက်ပါတယ်။

မြန်မာအစိုးရနဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ကြား တိုက်ပွဲတွေ တကြော့ပြန် ဖြစ်ပွားလာတာမှာ တရုတ်နိုင်ငံအနေနဲ့ ပါဝင် ပတ်သတ်တာမျိုး မရှိဘူးလို့ အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်က ငြင်းဆိုခဲ့ပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဌာနက အခုလိုပြောလိုက်တာပါ။

တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးမှာ ဝင်ရောက် မစွက်ဖက်ရေးဆိုတဲ့မူကို အမြဲကိုင်စွဲထားပြီး မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်ဆိုင်မှုကို အမြဲ လေးစား လိုက်နာကာ တရုတ်-မြန်မာဆက်ဆံရေးနဲ့ နယ်စပ်တလျှောက် တည်ငြိမ်ရေးကို ထိခိုက် ပျက်စီးစေမယ့် လုပ်ရပ်မျိုးကိုလုပ်ဖို့ ဘယ်အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တဦးတယောက်ကိုမှ တရုတ်ပိုင်နယ်မြေကို အသုံးပြုခွင့်ပြုမှာ မဟုတ်ပါဘူး”- လို့ တရုတ် နိုင်ငံခြားရေးဌာနပြောခွင့်ရ Hong Lei က ဒီကနေ့ ဘေကျင်းမြို့မှာလုပ်တဲ့ ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါ တယ်။

ဒါ့အပြင် အခုလို ဒီတိုက်ခိုက်မှုတွေအတွင်း ပါဝင်သူတွေအနေနဲ့ ပြဿနာ ပိုကြီးထွားလာနိုင်တာမျိုးကိုလည်း ရှောင်ကျဉ်ပြီး ပဋိပက္ခတွေ လျော့ကျသွားအောင် အမြန်ဆုံး ဆောင်ရွက်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ တရုတ်နိုင်ငံသားတွေ၊ အဖွဲ့အစည်းတွေရဲ့ လုံခြုံရေးအတွက် မြန်မာဘက်က အလေးထား ဆောင်ရွက်သွားမယ်လို့ ယုံကြည်ကြောင်းနဲ့ တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံလာတဲ့ မြန်မာနိုင်ငံသားတွေကို လည်း တရုတ်ဘက်က ဆက်ကူညီသွားမယ်လို့ Hong Lei က ပြောပါတယ်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့နဲ့ တွဲပြီးတော့ မြန်မာအစိုးရစစ်တပ်ကို တိုက်ခိုက်နေတဲ့ထဲမှာ တရုတ်ကြေးစားစစ်သားတွေ ပါနေတယ်လို့ မြန်မာစစ်တပ်က စွပ်စွဲပြောဆိုခဲ့ပြီးတဲ့နောက် ဒီကနေ့ တရုတ်ဘက်က အခုလို တုံ့ပြန်ပြောဆိုလာတာ ပါ။

မြန်မာစစ်တပ်ရဲ့အဆိုအားဖြင့် တရုတ်နယ်မြေထဲကနေ အကြမ်းဖက် တိုက်ခိုက်မှုတွေကို တားဆီးရေး မြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လည်း တရုတ် အစိုးရကို တိုက်တွန်းထားပါတယ်။ အခုနောက်ဆုံး တိုက်ခိုက်မှုတွေမဖြစ်ခင်မှာ ကိုးကန့်လက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်ဟာ တရုတ်နိုင်ငံထဲမှာ ရှိနေခဲ့သလား ဒါမှမဟုတ် မြန်မာနိုင်ငံဘက် ပြန်သွားဖို့ သူ့ကိုပြောခဲ့သလားဆိုတဲ့ မေးခွန်းတွေကိုတော့ ပြောခွင့်ရ Hong က မဖြေသွားပါဘူး။ လက်ရှိအချိန်ထိတော့ ကိုးကန့်ဒေသမှာ နှစ်ဘက် တိုက်ပွဲတွေ ရှိနေတုန်းပါပဲ။

XS
SM
MD
LG