သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ မတိုင်မီ ဆိုက်ရောက်ဗီဇာ ရုပ်သိမ်း

နိုင်ငံခြားသား ခရီးသွားတွေကို တင်းတင်းကျပ်ကျပ် စစ်ဆေးလေ့ရှိတဲ့ မြန်မာစစ်အစိုးရဟာ လာမယ့် ရွေးကောက်ပွဲ မတိုင်ခင် Visa on Arrival ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာတွေကို ကန့်သတ် ရုပ်သိမ်းလိုက်ပါတယ်။ ဒါကြောင့်ပဲ လာမယ့် ခရီးသွားရာသီမှာ ကမ္ဘာလှည့် ခရီးသည် အလာနည်းသွားနိုင်တယ်လို့ ခရီးသွားလုပ်ငန်း လုပ်သူတွေက ပြောကြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

၄ လနီးပါး ထုတ်ပေးခဲ့တဲ့ ဆိုက်ရောက်ဗီဇာ စနစ်ကို လာမယ့် စက်တင်ဘာလကစပြီး ရပ်တန့်ထားမယ်လို့ သိရပါတယ်။ လာမယ့် ဆောင်းဦးပေါက်မှာ စမယ့် ခရီးသွားရာသီမှာ နိုဝင်ဘာလဟာ ခရီးသွား အလာအများဆုံးလ ဖြစ်တာမို့ အခုလို ဗီဇာ ကန့်သတ်လိုက်တာကြောင့် ကမ္ဘာလှည့် ခရီးသည် အဝင်နည်းမယ်လို့ ခရီးသွားလုပ်ငန်း လုပ်သူတွေက ပြောကြပါတယ်။

ရန်ကုန်က ခရီးသွား လုပ်ငန်းရှင် တယောက်က ခရီးသွား ကုမ္ပဏီတွေကတဆင့် မလာဘဲ FID ခေါ် အုပ်စုလိုက် မဟုတ်ဘဲ တဦးချင်း လာသူတွေအဖို့ အခက်အခဲ ရှိနိုင်မယ်လို့ ပြောပါတယ်။

“အဲဒီကိစ္စ ဟိုတနေ့က ကျနော်တို့ ဆွေးနွေးဖြစ်တယ်။ ဆွေးနွေးဖြစ်တာက အရင် Visa on Arrival ထုတ်ပေးခဲ့ဖူးတာ ရှိတယ်ဗျာ၊ အရင်ထုတ်ပေးတဲ့မူက ကျနော်တို့ ခရီးသွားလုပ်ငန်း ကုမ္ပဏီတွေက တာဝန်ယူတယ်ဆိုတဲ့ Package tour တွေပေါ့နော်၊ ဒီဧည့်သည်တွေနဲ့ ပတ်သက်လို့ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ကင်းရှင်းကြောင်း တာဝန်ယူပါတယ် ဆိုတဲ့ ကျနော်တို့ဆီက တာဝန်ခံတဲ့စာနဲ့အတူ ကြိုတင် လျှောက်ထားတဲ့သူ ဆိုရင်တော့ ရမယ်။ လုံး၀ အစိမ်းသက်သက်ကြီးဗျာ၊ ဘယ်သူ့အဆက်သွယ်မှလည်း မရှိဘဲ ကိုယ့်သဘောနဲ့ ကိုယ်ဝင်လာတဲ့ Visa on Arrival ဒီကျမှ ယူမယ်၊ ဒီကျမှ အဆင်ပြေသလို သွားမယ်ဆိုတဲ့ FID ပေါ့နော်၊ အဲလိုလူမျိုးတွေအတွက် အခက်အခဲ ရှိလိမ့်မယ်။”

စောစောပိုင်းတုန်းကတော့ ဆိုက်ရောက်ဗီဇာ ထုတ်ပေးတာတွေ၊ လေကြောင်းလိုင်းတွေ တိုးချဲ့တာတွေကြောင့် ဒီနှစ် ခရီးသွားရာသီမှာ ကမ္ဘာလှည့် ခရီးသည် ၄၀၀,၀၀၀ အထက် လာနိုင်တယ်လို့ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင်များ အသင်းကိုကိုးကားပြီး Planet Online သတင်းမှာ ဖော်ပြထားပါတယ်။ ဆိုက်ရောက်ဗီဇာ ထုတ်ပေးခဲ့တာကြောင့် ၂၀၁၀ ခု ပထမ ၇ လအတွင်း ခရီးသွား ၁၆၀,၀၀၀ ကျော် ဝင်လာခဲ့ကြပြီး ဒါဟာ အရင်နှစ်ကထက် ၃၇% မြင့်တက်လာတယ်လို့ ဟိုတယ်နဲ့ ခရီးသွားလာရေး ဝန်ကြီးဌာန စာရင်းက ဆိုပါတယ်။

အရင်ကလို ဗီဇာ ထုတ်မပေးတော့တာကြောင့် ခရီးသွား လျော့ကျသွားနိုင်တယ်လို့ ရန်ကုန်အခြေစိုက် ခရီးသွား လုပ်ငန်းရှင်က ဆက်ပြောပါတယ်။

“လျော့နိုင်တယ်၊ ဘာကြောင့် လျော့နိုင်တယ်ဆိုတာ Visa on Arrival ယူရမယ်ဆို သံရုံးတွေ သွားယူတဲ့ အခါကျတော့ သံရုံးကလည်း ထုတ်ပေးမှာပါ။ ထုတ်ပေးတယ် ဆိုပေမဲ့ အကန့်သတ်တော့ ရှိမှာပေါ့ဗျာ။ အရင် Visa on Arrival လို ရန်ကုန်ရောက်တော့မှ တန်းယူမယ် ဆိုတဲ့ဟာမျိုးလောက် မလွယ်တော့ဘူးပေါ့ဗျာ။ သံရုံးမှာ သွားယူတော့လည်း သက်ဆိုင်ရာ Travel Agent ကတဆင့် သွားယူတဲ့သူတွေဆိုရင်၊ ဥပမာ ထိုင်းမှာရှိတဲ့ Travel Agent ကတဆင့် ဗီဇာတင်ရင် လွယ်မှာပေါ့၊ Service ဖိုးတော့ ပေးရမှာပေါ့။”

မြန်မာနိုင်ငံကို အလာများဆုံးက ထိုင်းနိုင်ငံသားတွေ ဖြစ်တယ်လို့ သိရပါတယ်။ ဘန်ကောက်အခြေစိုက် လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ် တယောက်က အုပ်စုလိုက် ဝင်လာမယ့် ထိုင်းလူမျိုးတွေအတွက် အခက်အခဲ မရှိပေမဲ့ တဦးချင်း ဝင်လာသူတွေအတွက် အခက်အခဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။

“ပိတ်တယ်ဗျ၊ ရွေးကောက်ပွဲ ပြီးတဲ့အထိ။ ဒီ ၃၁ ရက်နေ့ နောက်ဆုံး။ ၃၁ ရက်နေ့ ကျော်သွားရင် မရတော့ဘူးလေ၊ ဗီဇာ ပြန်တင်ရမှာပေါ့။ ဒါပေမဲ့ ဒီက Embassy ကိုမေးတော့ Embassy ကပြောတာက ထိုင်းလူမျိုးအတွက် အခက်အခဲ မရှိပါဘူးတဲ့၊ ဘန်ကောက်သံရုံးက။ ဒါပေမဲ့ ကာယကံရှင်ကိုတော့ ပိုပြီး တိတိကျကျ လုပ်ရမှာပဲတဲ့၊ အဲလိုပဲ ရှင်းပါတယ်။ FID တွေကတော့ နည်းနည်း ပိုခက်လာမယ့်သဘော ရှိတယ်။ သူတို့ Black list ထဲမှာပါတဲ့ လူမျိုးတို့၊ NGO တို့မှာ ပါတယ်လို့ မသင်္ကာတဲ့ လူမျိုးတွေ ပေးမှာမဟုတ်ဘူး။”

စစ်အစိုးရဘက်က ဆိုက်ရောက်ဗီဇာ ဘာလို့ ပိတ်ရတယ် ဆိုတာကို အကြောင်းတစုံတရာ မပြပေမဲ့ ရွေးကောက်ပွဲ နီးလာချိန်မှာ နိုင်ငံခြားသား အဝင်ကို အရင်ကလို စိစစ်နိုင်ဖို့ ပိတ်ရတာ ဖြစ်တယ်လို့လည်း ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။ အခုလို ပိတ်လိုက်တာကြောင့် ခရီးသွားလုပ်ငန်းကို အတိုင်းအတာ တခုထိ ထိခိုက်နိုင်တယ်လို့ ခရီးသွား လုပ်ငန်းရှင်တွေက ပြောကြပါတယ်။

This item is part of
XS
SM
MD
LG