သုံးရလွယ်ကူစေသည့် Link များ

၂၀၁၆ ဇန်နဝါရီ ၁၁ ရက် တနင်္လာနေ့ကစပြီး မြန်မာနိုင်ငံကို ပြည်ဝင်ခွင့်ပေးတဲ့ လက်ရှိအသုံးပြုနေတဲ့ ဗီဇာအမျိုးအစား ၆ မျိုးကနေ ပြည်ဝင်ခွင့်ဗီဇာ (Entry Visa) ၁၂ မျိုးနဲ့ ပြည်ပြန်ဝင်ခွင့်ဗီဇာ (Re-entry Visa) ၃ မျိုး သတ်မှတ်ခွင့်ပြုပေးသွားမယ်လို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ပြည်ဝင်ဗီဇာ ၁၂ မျိုးကို သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ မြန်မာသံရုံးတွေမှာ လျှောက်ထားနိုင်ပြီး ဒီအထဲမှာ သံတမန်ဗီဇာက အခမဲ့ဖြစ်ပြီး၊ တာဝန်ထမ်းဆောင်တဲ့ကာလအတွက် နေခွင့်ရမှာဖြစ် ပါတယ်။ နိုင်ငံတကာ အဖွဲ့အစည်းများ ဗီဇာနဲ့ ကမ္ဘာလှည့်ဗီဇာကြေးက အမေရိကန်ဒေါ်လာ ၂၀ စီဖြစ်ပြီး၊ နေခွင့် ၂၈ ရက် ရမှာဖြစ်ပါတယ်။ လုပ်ငန်းဗီဇာ၊ အလုပ်သမားဗီဇာ၊ လူမှုရေးဗီဇာ၊ ပညာရေးဗီဇာ၊ သာသနာရေးဗီဇာ၊ စာနယ်ဇင်းနဲ့ သတင်းမီဒီယာဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာနဲ့ အလုပ်ရုံဆွေးနွေးပွဲနဲ့ သုတေသနဗီဇာတို့အတွက် ဗီဇာကြေး ၃၆ ဒေါ်လာစီ ဖြစ်ပါတယ်။

ဖြတ်သန်းဗီဇာကြေးက ၁၈ ဒေါ်လာဖြစ်ပြီး၊ ၂၄ နာရီသာ နေခွင့်ရမှာဖြစ်ပါတယ်။ လုပ်ငန်းဗီဇာ၊ အလုပ်ရုံဆွေးနွေးပွဲနဲ့ သုတေသနဗီဇာ၊ ယာဉ်အမှုထမ်းဗီဇာနဲ့ ဖြတ်သန်းဗီဇာတွေကို Visa on Arrival ဆိုက်ရောက်ဗီဇာဖြင့် ခွင့်ပြုမယ်လို့ ဆိုပါတယ်။

ပြည်ပြန်ဝင်ခွင့်ဗီဇာ ၃ မျိုးဖြစ်တဲ့ အကြိမ်ကြိမ် အထူး ပြည်ပြန်ဝင်ခွင့်ဗီဇာ၊ တကြိမ် ပြည်ပြန်ဝင်ခွင့်ဗီဇာနဲ့ ပြည်တွင်း နေထိုင်တဲ့ အမြဲနေ အရည်အချင်းရှိတဲ့ နိုင်ငံခြားသားတွေအတွက် ပြည်ပြန်ဝင်ခွင့်ဗီဇာတွေကိုတော့ ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းလမ်းက နိုင်ငံခြားသားများ ရေးရာဌာနခွဲ နေခွင့် ဌာနစိတ်မှာ လျှောက်ထားနိုင်ပြီး အဲဒီထဲက ပြည်တွင်းနေထိုင်တဲ့ အမြဲနေ အရည်အချင်းရှိတဲ့ နိုင်ငံခြားသားတွေအတွက် ပြည်ပြန်ဝင်ခွင့်ဗီဇာ လျှောက်ထားသူတွေဟာ ငွေ ၅၀၀၀ ကျပ် ပေးဆောင်ရမှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့ လာရောက်ချင်တဲ့ နိုင်ငံခြားသားတွေအတွက် လက်ရှိ အသုံးပြုနေတဲ့ ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားတွေအစား အမျိုးအစားအသစ်တွေ သတ်မှတ်ပြီး ခေတ်နဲ့အညီ ပြောင်းလဲကျင့်သုံးတာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံကို ၂၀၁၃ ခုနှစ်ကရောက်တဲ့ ကမ္ဘာလှည့်ခရီးသွား ၂ သန်းကျော်ရှိခဲ့ပြီး ၂၀၂၀ မှာ ၇ ဒဿမ ၅ သန်း လောက် လာရောက်ကြလိမ့်မယ်လို့လည်း မြန်မာအစိုးရ ကမ္ဘာလှည့်ခရီးသွားဌာနက မျှော်လင့်ထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG