သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Emirates ပိုင်လေယာဉ် ရန်ကုန်တားမြစ်နယ်မြေပျံသန်းမှု အရေးယူနိုင်ဖို့ မြန်မာကြိုးပမ်း


Emirates Boeing 777-31H (ER) ဓါတ်ပုံ- Szato Imre
Emirates Boeing 777-31H (ER) ဓါတ်ပုံ- Szato Imre

ရန်ကုန်မြို့ပေါ်မှာ လေကြောင်းလိုင်းများမပျံသန်းဖို့ ကန့်သတ်ထားတဲ့ နယ်မြေတွင်း မေလ (၂၀)ရက်နေ့က အနိမ့်ပံျသွားတဲ့ UAE အာရပ်စော်ဘွားများနိုင်ငံ Emirates ခရီးသည်တင် လေကြောင်းလိုင်းက လေယာဉ်မှူးကို အရေးယူဖို့ မြန်မာဘက်က သက်ဆိုင်ရာလေကြောင်းလိုင်းကို သတိပေးအကြောင်းကြားလိုက်ပါတယ်။

လေယာဉ်မှူးကို Emirates လေကြောင်းလိုင်း ဒါမှမဟုတ် UAE လေကြောင်းဌာနတို့က အရေးယူမှု မရှိခဲ့ဘူးဆိုရင် မြန်မာလေကြောင်းပို့ဆောင်ရေးအနေနဲ့ အရေးယူမှာဖြစ်ကြောင်း အဆင့်မြင့် တာဝန်ရှိသူတဦးက ပြောပါတယ်။ လောလောဆယ်မှာတော့ Emirates လေကြောင်းလိုင်းက တစုံတရာ တရားဝင် အကြောင်းပြန်ကြားခြင်းမရှိသေးပါဘူး။

အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

မေလ (၂၀) ရက်နေ့ ညနေပိုင်းက ရန်ကုန်လေဆိပ်ကနေ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့ကို ပျံသန်းဖို့ UAE Emirates လေကြောင်းလိုင်းက Boeing 777-31H (ER) ခရီးသည်တင် လေယာဉ် ဟာ မြန်မာလေကြောင်းပို့ဆောင်ရေးဌာန DCA က တားမြစ်ထားတဲ့ နယ်မြေ မှာ ရာသီဥတုဆိုးရွားမှုကြောင့် အနိမ့်ပံျသန်းသွားခဲ့တာပါ။ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်းက မြန်မာရုပ်မြင်သံကြား သတင်းဌာနကို အခုလိုရှင်းပြခဲ့ပါတယ်။

“Air traffic controller ထံက take off clearance ရပြီးတဲ့အခါမှာ air bound ဖြစ်ပါတယ်။ ဖြစ်ပြီးမကြာခင်မှာပဲသူက weather ရှိတဲ့အတွက်ကြောင့် ဘယ်ဘက်ကို အစောဆုံးကွေ့ချင်တယ်လို့ ပြောပါတယ်။ ကွေ့ချင်တယ်ပြောပေမယ့် ကျနော်တို့ ထုတ်ပြန်ချက်အဆင့်အရ လေယာဉ်ကို ကွေ့လို့မရဘူး။ ကျနော်တို့က မပေးဘူး။ မပေးပဲနဲ့ frequency ပြောင်းခိုင်းလိုက်တာကို သူချိန်းလိုက်တဲ့ frequency က approach လို့ခေါ်တဲ့ frequency ကိုမချိန်းပဲနဲ့ ဧရိယာ control ကိုသွားချိန်းလိုက်ပါတယ်။ အဲဒီမှာလည်း သူတို့ရဲ့ AIP ကို သေခာ မလေ့လာထားတဲ့အပိုင်းလို့ ကျနော်တို့ ယူဆပါတယ်။ Frequency ချိန်းပြီး ပံျသန်းသွားတဲ့အတွက်ကြောင့် prohibited ဧရိယာကို ဖြတ်သွားတာပေါ့။ အကယ်၍သာ ကျနော်တို့ပြောတဲ့ approach frequency ကိုချိန်းမယ်ဆိုရင် သူကို ဘယ်ဘက်ကွေ့ဖို့ လုံးဝမပေးပဲ ညာဘက်ကွေ့ပြီး save ဖြစ်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် တင်သွားပေးမှာဖြစ်ပါတယ်။”

အဲဒီလေယာဉ်မှူးကိုလည်း မြန်မာ့လေကြောင်းပို့ဆောင်ရေး တာဝန်ရှိသူတွေဘက်က မေလ (၂၁) ရက်နေ့က ဖနွမ်းပင်ကနေ ရန်ကုန်ကို ခရီးစဉ်ပြန်လည်မောင်းနှင်ပျံသန်းအပြီး ခေါ်ယူမေးမြန်းရာမှာ ရာသီဥတုအခြေအနေကြောင့် ခရီးသည်တွေ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ရှောင်တိမ်းမောင်းနှင်ရာက ကန့်သတ်နယ်မြေအတွင်း ပျံသန်းခဲ့မိကြောင်း ဝန်ခံပြောကြားခဲ့တယ်လို့ ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

“သူပြောတာကတော့ အဓိကကတော့ weather ရှိတဲ့အတွက် ခရီးသည်တွေလုံခြုံရေးအတွက်လို့တော့ ပြောပါတယ်။ ကျနော်တို့ ဒါကိုလည်း လက်ခံပါတယ်။ သို့သော် ကျနော်တို့ရဲ့ လေကြောင်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနကလည်း ဒီလုံခြုံရေးကိုပဲ အဓိက ထားတဲ့အတွက်ကြောင့် သူ့ကို အန္တရာယ်ကင်းရှင်းတဲ့ လမ်းကြောင်းပေါ်ရောက်အောင် air traffic controller အနေနဲ့က သူ့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း တင်သွားပေးလို့ရပါတယ်။ clearance မရပဲနဲ့ သူ့ကွေ့သွားခဲ့တာက သူ့ရဲ့အမှားပဲဖြစ်ပါတယ်။ အဲတော့ လေယာဉ်မှူးကိုခေါ်ပြီးမေးမြန်းစုံစမ်းတယ်။ သူလည်းဝန်ခံတယ်။”

မြန်မာနိုင်ငံရဲ့ မပျံသန်းရ တားမြစ်ထားတဲ့ နယ်နိမိတ်ပေါ်ကနေ ဖြတ်ကျော်ပျံသန်းခဲ့တဲ့အတွက် လေယာဉ်မှူးကို အရေးယူဖို့ Emirates လေကြောင်းလိုင်းကို မေလ (၂၁)ရက်နေ့က မြန်မာ့လေကြောင်း ပို့ဆောင်ရေးဌာနက သတိပေးအကြောင်းကြားစာပေးပို့ခဲ့သလို UAE နိုင်ငံ လေကြောင်းဌာနကိုလည်း လေယာဉ်မှူးရဲ့ အမှားကို စစ်ဆေးအရေးယူဖို့ တရားဝင်အကြောင်းကြားထားတယ်လို့ ဦးအောင်ကျော်ထွန်းကဆိုပါတယ်။

“ကျနော်တို့က သူ့ရဲ့လေကြောင်းလိုင်းကို တရားဝင်စာနဲ့ထုတ်ပြန် အဲဒီနေ့က လေယာဉ်ဟာ မြန်မာနိုင်ငံရဲ့ မပျံသန်းရနယ်မြေပေါ်မှာ ဖြတ်ကျော်ပျံသန်းသွားတဲ့အတွက် သက်ဆိုင်ရာလေယာဉ်မှူးကို အရေးယူဆောင်ရွက်ပေးပါဆိုတဲ့ တရားဝင်စာထုတ်ပြန်ပါတယ်။ နောက် ဘာကို ဘယ်လိုအရေးယူထားတယ်ဆိုတာကိုလည်း ကျနော်တို့ဆီ ပြန်ကြားခိုင်းပါတယ်။ ဒါတင်မပြီးသေးပါဘူး။ UAE နိုင်ငံရဲ့ လေကြောင်းဌာနကိုလည်း မြန်မာ လေကြောင်းပို့ဆောင်ရေးညွန်ကြားမှု ဦးစီးဌာနကနေ တရားဝင်စာပေးပို့သွားမယ်။”

သက်ဆိုင်ရာဘက်က လေယာဉ်မှူးကို အရေးမယူခဲ့ဘူးဆိုရင် မြန်မာဘက်က အရေးယူဖို့ရှိတယ်လို့လည်း ဦးအောင်ကျော်ထွန်းက ပြောပါတယ်။

“သူ့နိုင်ငံဘက်က ဒါကို အရေးယူမဆောင်ရွက်ဘူးဆိုရင် ကျနော်တို့နိုင်ငံက ဒီလေယာဉ်မှူးကို အရေးယူဆောင်ရွက်လို့ရပါတယ်။”

ရွှေတိဂုံစေတီတော် အပါအဝင် ရန်ကုန်မြို့ပြ ဧရိယာအတွင်း အမြင့်ပေ နှစ်သောင်းလေးထောင် အောက် ပျံသန်းမှုကို မြန်မာ့လေကြောင်းပို့ဆောင်ရေး ဦးစီးဌာန DCA က ကန့်သတ် တားမြစ် ထားတာဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာလေကြောင်းဥပဒေအရလည်း ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် တားမြတ်ထားတဲ့နေရာကို ဝင်ခွင့်မရှိဘူးလို့ သတ်မှတ်ထားတဲ့အတွက် လုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ မြန်မာ့လေကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဒူဘိုင်းအခြေစိုက် Emirates ခရီးသည်တင်လေကြောင်းလိုင်းဟာ ရန်ကုန်မြို့ကနေ ဖနွမ်းပင်မြို့ကို ၂၀၁၄ ခုနှစ်မှာ စတင် တိုက်ရိုက်ပံျသန်းပြေးဆွဲခဲ့တာဖြစ်ပါတယ်။ အခုလို နိုင်ငံတကာပျံသန်းနေတဲ့ Emirates လေကြောင်းလိုင်းက လေယာဉ်မှူးရဲ့ အမှားနဲ့ ပတ်သက်လို့ သေသေချာချာစုံစမ်းစစ်ဆေးသင့်သလို တဖက်မှာလည်း မိုးတိမ်တွေကြည့်တဲ့ရေဒါမျိုးမရှိသေးတဲ့မြန်မာ့လေကြောင်းထိန်း နည်းပညာ ခေတ်မှီတိုးတက်ဖို့ လိုအပ်နေကြောင်း ကျွမ်းကျင်သူတွေဘက်က ဝေဖန်ထောက်ပြမှုတွေရှိနေပါတယ်။

ပြီးခဲ့တဲ့ မတ်လကတော့ ဟောင်ကောင်ကနေ UAE နိုင်ငံ ဒူဘိုင်းမြို့တော်ကို ပျံသန်းလာတဲ့ လေယာဉ်မှူးသုံးဦးလိုက်ပါလာတဲ့ အမေရိကန် ကုန်တင်လေယာဉ်တစင်းဟာ မီးခိုအန္တရာယ်အချက်ပေးမှုကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အရေးပေါ်ဆင်းသက်ခဲ့ကြောင်း မြန်မာ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ စုံစမ်းစစ်ဆေးချက်အရ မီးလောင်ကျွမ်းတာမျိုးမဖြစ်ခဲ့ပဲ Lithium Ion ဘက်ထရီက ညှော်နံကြောင့်ဖြစ်တယ်ဆိုတာ တွေ့ရှိခဲ့ရတယ်လို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။ လေယာဉ်မှူးတွေကိုတော့ Park Royal ဟိုတယ်မှာ တည်းခိုဖို့ ခေါ်ဆောင်သွားခဲ့ကြောင်းနဲ့ လေယာဉ်ကို စုံစမ်းစစ်ဆေးမှုတွေလုပ်ဖို့ သက်ဆိုင်ရာ လေယာဉ်ကုမ္ပဏီက အင်ဂျင်နီယာအဖွဲ့စေလွှတ်ခဲ့ကြောင်း အဲဒီကြေညာချက်မှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG