သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သောက်သုံးရေ အရင်းအမြစ် မြန်မာနိုင်ငံမှာ အချိန်မီ ထိန်းသိမ်းဖို့လို


သောက်သုံးရေ အရင်းအမြစ် မြန်မာနိုင်ငံမှာ အချိန်မီ ထိန်းသိမ်းဖို့လို
သောက်သုံးရေ အရင်းအမြစ် မြန်မာနိုင်ငံမှာ အချိန်မီ ထိန်းသိမ်းဖို့လို

ဒီနေ့ကျရောက်တဲ့ ကမ္ဘာ့သောက်သုံးရေနေ့မှာ သဘာ၀ ပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက မြန်မာနိုင်ငံက နေရာတော်တော်များများမှာ သောက်သုံးရေ ရှားပါးမှုကြောင့် မသန့်ရှင်းတဲ့ရေကို အသုံးပြုနေကြရတဲ့သူတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ ဒီလို ပြဿနာတွေကို ဖြေရှင်းနိုင်ရေးအတွက် မြစ်ရေခန်းခြောက်မှု ပြဿနာကိုလည်း အစိုးရက အချိန်မီ ထိန်းသိမ်းပေးဖို့ကိုလည်း တိုက်တွန်းနေကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဟာ သောက်သုံးရေ ရှားပါးမှု ပြဿနာ၊ ရေမသန့်ရှင်းတဲ့ ပြဿနာတွေအပြင် မြစ်ရေခန်းခြောက်မှု ပြဿနာတွေ အတော်လေး ကြုံနေရတာ ဖြစ်တယ်လို့ ဒီကနေ့ ကျရောက်တဲ့ ကမ္ဘာ့ရေနေ့မှာ မှတ်ချက်ပေးရမှာပါ။

နိုင်ငံရဲ့နေရာ တော်တော်များများမှာ ပူပြင်းတဲ့ နွေရာသီ ရောက်လာရင် သောက်သုံးရေ ပြတ်လပ်တာ၊ ရေတွင်းရေကန် ခန်းခြောက်တာတွေ ဖြစ်တာကြောင့် မနှစ်ကဆို ဝမ်းရောဂါတွေလည်း အတော်ဖြစ်ခဲ့ပါတယ်။ ပဲခူးတိုင်း အရှေ့ခြမ်းမှာဆိုရင် မနှစ်က ရေရှားပါးမှု ပြဿနာ အကြီးအကျယ် ကြုံခဲ့ရတဲ့ နေရာတခု ဖြစ်ပါတယ်။

“မနှစ်က သောက်ရေရော၊ သုံးရေရော အတော်လေး အခက်အခဲ ဖြစ်သွားတယ်ဗျ။ ကားကြီးတွေနဲ့ မိုးကာတွေထဲကို ရေတွေလှောင်ပြီးတော့မှ မြို့နယ်ချောင်းက ဆည်မြောင်းက လွှတ်တဲ့ရေ၊ နောက် တချို့ နီးစပ်ရာ ဆည်တွေက လွှတ်တဲ့ရေတွေကို သွားပြီးတော့ စုပ်ယူပြီးတော့မှ မြို့ထဲမှာ ပေးဝေတာတွေ လုပ်ရတယ်။ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ။”

ပဲခူးတိုင်း ဒေသခံ ပြောပြခဲ့တာ ဖြစ်ပါတယ်။

အခုလို ပဲခူးတိုင်း အရှေ့ခြမ်း ရေရှားပါးတာလိုမျိုး အနောက်ဘက်ခြမ်းတွေမှာ သိပ်မကြုံရပေမဲ့ ရေကို ကြိုချက်တဲ့အခါ ထုံးဓာတ်များတာမျိုး တွေ့ရတယ်လို့လည်း သူက ပြောပါတယ်။

“ရေသန့်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ရေတွေလာပြီး စမ်းသပ်တဲ့ အချိန်မှာ Iron Toxic ဖြစ်တယ်လု့ိ ပြောတယ်။ အဝီစိတွင်းတွေ တူးတယ်ဆိုရင်လည်း ရေစမ်းသပ်တဲ့သူတွေက သံဓာတ်တွေ အရမ်းများနေတဲ့ လက္ခဏာ တွေ့တဲ့အတွက် သောက်သုံးရန်မသင့် ဆိုတဲ့အထဲမှာ ပါတယ်ဗျ။ တောနယ်ဘက်တွေကတော့ ရေကန်ကြီးထဲကနေပြီးတော့ သောက်တယ်၊ ရေတွင်းတွေက သောက်တာ များတယ်။ အိမ်တွေမှာ ရေနွေးအိုးကြိုတဲ့ အိုးတွေဆိုရင်လည်း ချိုးတွေ အထူကြီး တက်သွားတဲ့အထိ အရမ်းများတယ်ဗျ၊ ရေချိုးတွေ။ ထုံးဓာတ်များတဲ့သဘော ရှိတယ်ဗျ။”

အခုလို ရေရှားပါးတာ၊ ရေမသန့်တာတွေကို ဧရာဝတီတိုင်းနဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းတွေမှာ အကြီးအကျယ် ကြုံရသလို ရန်ကုန်လို မြို့ကြီးတွေမှာလည်း လျှပ်စစ်မီးမရရင် သုံးရေသောက်ရေ ပြတ်လပ်တဲ့ ပြဿနာ ကြုံကြရတာ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေအပြင် သောက်သုံးရေ အရင်းအမြစ် တခုဖြစ်တဲ့ မြစ်ကြောင်းတွေ ခန်းခြောက်လာမှုဟာ အဓိက သတိထားစရာ ဖြစ်နေပြီလို့ သဘာ၀ ပတ်ဝန်းကျင် လေ့လာသူတွေက မှတ်ချက်ပေးပါတယ်။

မြန်မာနိုင်ငံအတွက် ပင်မသွေးကြောကြီး တခုဖြစ်တဲ့ ဧရာဝတီမြစ်ဟာ အခုဆိုရင် မြစ်ရေခန်းခြောက်ပြီး သောင်ထွန်းမှု ပိုကျယ်ပြန့်လာတာနဲ့အတူ မြစ်ရေတွေအတွင်း အဆိပ်အတောက် ဖြစ်စေတဲ့ ဓာတုဆေးဝါးမျိုးတွေလည်း တွေ့လာနေတယ်လို့ မန္တလေးမြို့က မော်ဒန်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်ရင်မြင့်က ပြောပါတယ်။

“တဖြည်းဖြည်းနဲ့ အခြေအနေက တော်တော်ကို ဆိုးလာတယ်။ အခုဆိုရင် မြစ်ရေက သောက်ရဲစရာ မရှိတော့ဘူး။ မြစ်ကမ်းတဝိုက်မှာရှိတဲ့ စက်ရုံတွေက စွန့်ပစ်ရေတွေ တော်တော်ကိုဆိုးတဲ့ အခြေအနေကို တွေ့နေရတယ်။ မြန်မာပြည် အထက်ပိုင်း ထီးချိုင့်တဝိုက်မှာရှိတဲ့ စက်ရုံတချို့က စွန့်ပစ်တဲ့ ရေတွေကြောင့် အဲဒီနားမှာဆို ဧရာဝတီ လင်းပိုင်တွေ မရှိတော့ဘူးလို့ သိရတယ်။ နောက်တခါ ရွှေကျင်တဲ့သူတွေ စွန့်ပစ်တဲ့ ရေတွေထဲမှာ ပြဒါးတွေ ပါတဲ့အတွက် ပြဒါးအဆိပ်သင့်ပြီး ငါးတွေမှာ အန္တရာယ် ဖြစ်လာတယ် ဆိုတာမျိုးတွေ မျိုးစုံ ကျနော်တို့ ဒီဘက်ပိုင်းမှာ သိလာရတယ်၊ ကြားလာရတယ်၊ တွေ့လာရပါတယ်။”

မန္တလေးမြို့က သတင်းအယ်ဒီတာ၊ စာရေးဆရာ ဦးကျော်ရင်မြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကို မှီတင်းလုပ်ကိုင်နေကြတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေ ပျက်စီး ထိခိုက်လာတဲ့အပြင် ဧရာဝတီတွင်း ရေကြောင်းလုပ်ငန်းတွေပါ ထိခိုက်လာတဲ့ အဆင့်ထိ ဖြစ်နေပါပြီ။ သစ်တောတွေခုတ်တာ၊ တောမီးလောင်တာ၊ တောတွေခုတ်ပြီး စိုက်ပျိုးရေး လုပ်တာဟာ အပေါ်ယံ မြေဆီလွှာတွေ ပျက်စီးမှုကို ဖြစ်စေပြီး ဒါဟာ မြစ်ကြောင်းပျက်စီးမှုအတွက် အဓိကကျတဲ့ အချက်တချက်လည်း ဖြစ်တယ်လို့ သဘာ၀ ပတ်ဝန်းကျင် ဝါသနာရှင် ဆရာ ဦးအုန်းက ဆိုပါတယ်။

“ဧရာဝတီ မြစ်ရိုးတလျှောက်မှာ အဆောက်အဦးတွေ ဆောက်ဖို့ သဲတို့ ကျောက်တို့ သယ်ကြတယ်။ ကမ်းပါး ပြိုတယ်။ ကမ်းပါးပြိုတဲ့အတွက် နုံးတွေပို့တယ်။ ကမ်းပါးပြိုတဲ့အတွက် စိုက်ပျိုးမြေတွေလည်း ပျက်စီးတယ်။ ရေကာတာတွေ ဆောက်တဲ့အခါကြတော့ အဓိက ရေပေးနေတဲ့ Water Shed၊ Water Shed ကို ထည့်မစဉ်းစားရင် အဓိပ္ပာယ် မရှိဘူး။ တောတွေ ရှိရမယ်၊ ခြုံပုတ်တွေ ရှိရမယ်။ အဲဒါတွေမရှိရင်၊ မထိန်းရင် မရဘူး။”

အလားတူ သံလွင်၊ စစ်တောင်း စတဲ့ မြစ်တွေမှာလည်း ဧရာဝတီမြစ်လိုပဲ ရေခန်းခြောက်မှု၊ မြေဆီလွှာ ပျက်စီးမှုတွေ ကြုံနေရပြီလို့ သုံးသပ်ပါတယ်။ အခုလို ရေမသန့်ရှင်းတဲ့ ပြဿနာနဲ့ မြစ်ရေ ခန်းခြောက်လာတာတွေဟာ မြန်မာနိုင်ငံမှာ အခြေအနေဆိုး တခုမှာ ကြုံနေရပေမဲ့ ကာကွယ်နိုင်တဲ့ အဆင့်မှာ ရှိနေသေးတာမို့ သက်ဆိုင်ရာ အစိုးရ အနေနဲ့ အချိန်မီ ထိန်းသိမ်းဖို့ကိုလည်း တိုက်တွန်းပါတယ်။

“ရေကလည်း မသန့်တော့ဘူး။ ရေတွေကို Quality သန့်တဲ့အခါမှာ ဘိုကလေးတို့၊ ဖျာပုံတို့မှာရှိတဲ့ ကျနော်တို့ရွာတွေမှာ အဆိပ်အတောက်ဖြစ်တဲ့ ဓာတ်တွေ တော်တော်များများ ပါလာတယ်။ ဘက်တီးရီးယားတွေ ဘာတွေ တွေ့ရတယ်။ အဲဒီအတွက် ကျနော် သိပ်စိုးရိမ်တယ်။ ကျနော်တို့နိုင်ငံက ကံကောင်းသေးတယ်။ ဒီမြစ်တွေ ချောင်းတွေက တဖြည်းဖြည်းတော့ ဆိုးနေပြီ။ သို့သော် အဆိုးကြီးအဆင့် မရောက်သေးတဲ့အတွက် အချိန်မီသေးတယ်။ တောတွေ၊ Water Shed တွေကို ထိန်းပါ။”

ဒီကနေ့ မြန်မာနိုင်ငံမှာ ကြုံနေရတဲ့ ရေရှားပါးမှု၊ ရေမသန့်ရှင်းမှုတွေနဲ့ အတူ မြစ်ကြောင်းတွေ ရေခန်းခြောက်လာမှု အခြေအနေတွေကို ဆရာ ဦးအုန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG