သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သင်္ကြန်ရက် အပူချိန်မြင့်မားမှု သတိပေး


မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ သတင်းဓါတ်ပုံ
မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် အကျနေ့ သတင်းဓါတ်ပုံ

ဆယ်စုနှစ်များစွာအတွင်း မြန်မာပြည်တဝှမ်းအပူချိန်ဟာ စံချိန်တင်မြင့် တက်ခဲ့ပြီး မကွေး၊ စစ်ကိုင်းနဲ့ မန္တလေး တိုင်းဒေသကြီးတွေမှာတော့ မဟာသင်္ကြန်ကာလအတွင်းမှာ အပူချိန်အမြင့်မားဆုံး ဖြစ်နေပါတယ်။ အထူးသဖြင့် မြန်မာပြည်အလယ်ပိုင်းဒေသတွေမှာ အပူချိန်မြင့်မားနေတာကြောင့်
စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ကျန်းမာရေး အသိနဲ့ယှဉ်ပြီး ရေကစားကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီနှစ်နွေရာသီရဲ့ အပူချိန်စံချိန်တင်မြင့်တက်လာတဲ့ဒေသတွေကတော့ မကွေးတိုင်းဒေသကြီးက ချောက်၊တောင်တွင်းကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်း၊ မန္တလေးတိုင်းဒေသကြီးက ရမည်းသင်းနဲ့ မိတ္ထီလာတို့ဖြစ်ပါတယ်။ ဒီလ ၁၂ရက်နေ့ တိုင်းထွာချက်အရ မကွေးတိုင်းဒေသကြီး ချောက်မြို့ဟာ အပူချိန် ၄၆.၂ ဒီကရီစင်တီဂရိတ်( ၁၁၅ဒီကရီဖာရင်ဟိုက်ကျော်)နဲ့ ၃၂နှစ်ကာလအမြင့်ဆုံး၊
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့က ၄၃.၈ ဒီကရီစင်တီဂရိတ် ( ၁၁၁ ဒီကရီ ဖာရင်ဟိုက်နီးပါး )နဲ့ ၅၂နှစ်အတွင်းအမြင့်ဆုံး၊မန္တလေးတိုင်းဒေသကြီး ရမည်းသင်းနဲ့မိတ္တီလာက ၄၃.၆နဲ့ ၄၃.၅ ဒီကရီစင်တီကရိတ်(၁၁၀ ဒီကရီဖာရင်ဟိုက်ကျော်) တွေနဲ့ နှစ် ၅၀ကျော်အတွင်း အမြင့်ဆုံးအထိ
မြင့်တက်ခဲ့တာဖြစ်ပါတယ်။


မြန်မာပြည်အဝှမ်းမှာ ဒီလို အပူချိန်တွေ စံချိန်ကျိုးအောင်မြင့်တက်နေတာကြောင့် စစ်ကိုင်းတိုင်းဒေသကြီးရဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က သင်္ကြန်ကာလ ရေကစားရာမှာ သတိထားကြဖို့ အခုလို တိုက်တွန်း လိုက်ပါတယ်။


“ဒီ သင်္ကြန်ကာလမှာ ကိုယ့်ဆိုင်ရာဒေသရဲ့ အပူချိန်ကိုမှုတည်ပြီးတော့ ကစားချိန်ကို နေ့လည်၊ နေ့ခင်း မကစားပဲ နားပြီးမှ ညနေစောင်းနဲ့ မနက်စောင်းကစားကြဖို့ ရေကစားချိန်တွေကို စောစောစီးစီးကစားပြီးတော့မှ ညနေလည်း နေလေးအေးမှ ကစားကြဖို့ အပူချိန်လျှော့တဲ့နေရာရှိမယ်။ များတဲ့နေရာကျတော့ လျှော့ကြပါလို့ ဒါကလည်း လူထုကျန်းမာရေးကိုဗျ၊ တိုင်းပြည်ကလည်း နောက်အနာဂတ်ထူထောင်ရမှာဖြစ်တဲ့အတွက် ရည်ရွယ်ချက်တွေဘယ်လောက်ပဲကောင်းကောင်း ၊ ဘာတွေပဲ လုပ်ပဲလုပ်ချင် မကျန်းမာရင် မရဘူးကွာ၊ ဟုတ်ပြီလား ။ နောက်ပြီးတော့ မြန်မာ့ရိုးရာအစဉ်အလာတွေကြီးမားတာတွေကို သရုပ်ပျက်မှုတွေမလုပ်ပဲနဲ့ ရိုးရာအစဉ်အလာကို ထိန်းသိမ်းပြီးတော့ ပျော်ပျော်ရွင်ရင်။ ခိုက်ရန်တွေမဖြစ်ပွားပဲ No Alcohol တိုက်ခိုက် ထိခိုက်မှုတွေ မဖြစ်ပွားပဲနဲ့ပေါ့ဗျာ ပျော်ရွင်နေကြပါစေလို့။”


မြန်မာပြည်မှာ အပူဆုံးလို့ ပြောရမယ့် မကွေးတိုင်းဒေသကြီး ချောက်မြို့မှာတော့ သင်္ကြန်ကာလရေကစားတာနဲ့ပတ်သက်ပြီး သီးခြားကျန်းမာရေး သတိပေးချက် ထုတ်ပြန်တာမရှိသေးပါဘူး။ ချောက်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိုးဝင်းကတော့ ကျန်းမာရေးသတိပေးချက် ထုတ်ပြန်သင့်ကြောင်း အခုလို ပြောပါတယ်။


“အခုလောလောဆယ်တော့ ထုတ်တာမတွေ့သေးဘူးဗျ။ ကျနော်တို့အဲဒါကို အကြံပြုဖို့အတွက် မနက်တုန်းကကျနော်တို့ လက်ဘက်ရည် ဝိုင်းမှာပြောသေးတယ်။ မနက်ပိုင်းကိုရှေ့တိုးပြီးတော့ ညနေပိုင်းလေးကို နောက်ဆုတ်ဖို့အတွက် အဲဒါလေးအစီအစဉ်ကို ပြောဖြစ်သေးတယ်။ မလုပ်တော့မလုပ်ရသေးဘူး သီးခြားထုတ်ပြန်ချက်တော့ မထုတ်ရသေးဘူး။ ကျနော်တို့ ထွေအုပ်အဖွဲ့နဲ့ ဒီနေ့ညနေကို ကျနော်တို့ ဆုံတဲ့အချိန်လေးမှာ ကျနော်အဲဒါ သူတို့ကို အကြံပြုလိုက်ပါဦးမယ်။ ဒါဘယ်သူမဆိုဖြစ်သင့်နေပြီ။ အခုဒီနေ့ဆိုရင် တအားပူနေပြီလေ။”


မကွေးတိုင်းဒေသကြီးရဲ့ မြို့တော် မကွေးမြို့မှာတော့ ဧပြီလဆန်းပိုင်းက အပူချိန်မြင့်တက်မှုနဲ့ပတ်သက်ပြီး သတိပေးချက် ထုတ်ပြန်ထားတာရှိပေမဲ့
ကျယ်ပြန့်တဲ့ ပညာပေးမှုတွေအားနည်းနေတယ်လို့ ရှုမြင်ကြောင်း မြို့ခံတဦးဖြစ်တဲ့ ကိုအောင်သူငြိမ်းက ပြောပါတယ်။

“အခု ဧပြီလ မဆန်းခင်ကတည်းကနေပြီးတော့မှ အပူရှိန်နဲ့ ပတ်သက်လို့ TV ကနေပြီးတော့မှ သတိပေး ဆိုင်းဘုတ်တွေတို့ ဒီမြို့လယ်ခေါင်က မီးပိုင့်လမ်းဆုံမှာ ရှိတဲ့ LED ဘုတ်ကနေပြီးတော့ ကြေညာပေးတာတို့လုပ်တယ်ခင်ဗျ။ ဒီအပူချိန်ကြောင့် သင်္ကြန်မှာ ဆင်ခြင်ကြဖို့ဆိုတာတော့ အထူးတလည်ပြောတာတော့မရှိဘူးခင်ဗျ။ စိုးရိမ်စရာကောင်းတာကတော့ မကွေးတိုင်းနဲ့ ချောက် ဇုံတွေပေါ့။ အဲဒီဇုံမှာဆိုရင် ပြီးခဲ့တဲ့အပတ်က ၄၆ အထိတက်သွားတယ်ဆိုတော့ ပြီးခဲ့တဲ့ ၂၀၀၇ တုန်းက ကြုံဖူးတဲ့အပူကြောင့် shock ဖြစ်တာမျိုးတွေ၊ အဲဒီတုန်းက မကွေးဆေးရုံမှာတော်တော်ကို အပူ shock ဖြစ်တာမျိုးတွေ ကြားခဲ့တာပေါ့နော်။ အဲဒါမျိုးအတွက်တော့ နောက်ထပ်ပညာပေးမှုတွေ အားနည်းနေတယ်လို့ ကျနော်ကမြင်တယ်ပေါ့ဗျာ။”

မန္တလေး ပုသိမ်ကြီးမြို့နယ်က လူမှုကူညီရေးအသင်းက ဦးမင်းကျော်ကတော့ သင်္ကြန်လည်ပတ်သူတွေဟာ ပုံမှန်အတိုင်းရှိနေပြီး အကြိုနေ့ကတော့ ခိုက်ရန်ဖြစ်တာနဲ့ ယာဉ်မတော်တဆထိခိုက်တာကြောင့် လူ ၁၀၀ကျော် ဆေးရုံရောက်ခဲ့ကြောင်း ပြောပါတယ်။

“အခုက ၃၉ ဒီဂရီ စင်တီဂရိတ်ရှိတယ်ဗျာ။ ပူမှာပေါ့ မန္တလေးက ၄၀ ကျော်မယ်ဗျာ။ လည်တဲ့လူတွေလည်း လည်နေတယ် ။ မနေ့ကဆိုရင် ပွဲပြီးသွားတာ လူ ၇၀ လောက် ဆေးရုံရောက်တယ်ပေါ့လေ။ ၁၂၈ ယောက်ပေါ့နော် ဆေးရုံရောက်တာ။”

ဒီနေ့မှာတော့ မန္တလေးမြို့မှာ ရဲတပ်ဖွဲ့က သရုပ်ပျက်ဝတ်စားဆင်ယဉ်တာတွေကို တားဆီးတာတွေ ရှိသလို ဒုတ်၊ ဒါးလက်နက်ကိုင်ဆောင်တာတွေကိုလည်း ရှာဖွေစစ်ဆေးတာတွေ ရှိနေတယ်လို့ ပြောပါတယ်။ မြန်မာပြည်အနှံက မြို့ကြီးတွေမှာတော့ ဒီနှစ်သင်္ကြန်ပွဲတော်ကို ပုံမှန်နှစ်တွေအတိုင်း စည်စည်ကားကားကျင်းပနေကြပေမဲ့ တချို့မြို့တွေမှာတော့ အစိုးရသစ်ရဲ့ မူဝါဒအပြောင်းအလဲကြောင့်
ရေကစားမဏ္ဍပ်တွေ လျော့ကျသွားတာတွေ ရှိနေပါတယ်။

XS
SM
MD
LG