ရန်ကုန်မဟာသင်္ကြန်ပွဲတော်ကာလ အရင်နှစ်တွေလိုမဟုတ်ပဲ လုံခြုံရေးကောင်းမွန် လာတဲ့ အပြင် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘော ပူးပေါင်းပြီး စနစ်တကျ ဆောင်ရွက်လာကြောင်း ရန်ကုန်တိုင်းဒေသကြီး အာဏာပိုင်တွေ ကပြောပါတယ်။ ဒါ့အပြင် ရန်ကုန်မြို့မှာ စီးပွားဖြစ် ရေကစား မဏ္ဍပ်ကြီးတွေ ပိတ်ပင်ခဲ့တဲ့အပေါ် ဝေဖန်မှုတွေရှိခဲ့ပေမဲ့မြို့နယ်၊ ရပ်ကွက် အလိုက် ရေကစား မဏ္ဍပ်တွေ၊ ဖျော်ဖြေရေးစင်တွေ အများအပြားရှိ လာတာကြောင့် ပြည်သူ အများပျော်ရွှင်စွာ ရေကစားနိုင်ကြောင်းလဲ ရန်ကုန်ဒေသခံတွေက ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြမှာပါ။
NLD ရန်ကုန်တိုင်းအစိုးရသစ်ကနေ ဒီနှစ်သင်္ကြန်ပွဲတော်မှာ အများပြည်သူ စိတ်လက်အေးချမ်းနဲ့ ပျော်ရွှင်မှုရစေဖို့ လုံခြုံရေးကို အရင်နှစ်တွေကထက် အဆပေါင်းများစွာ နဲ့ အထူးစောင့်ကြည့် တာဝန်ယူထားကြောင်း ပူးပေါင်းဆောင်ရွက်ရေးကော်မတီမှာ ပါဝင်နေသူ ရန်ကုန်တိုင်းလွှတ်တော် ဘဏ္ဍာရေး စီမံကိန်းနှင့် စီးပွားရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ဗွီအိုအေကိုပြောပါတယ်။
"ကျမတို့ ရဲလုံခြုံရေးအင်အားကို မနှစ်ကထက်လည်း အများကြီး ဖြန့်ပြီးတော့ ချထားတယ်။ နောက်ပြီးတော့ အရပ်ဝတ်သဏ္ဍာန်နဲ့လည်း မဏ္ဍပ်တိုင်း မဏ္ဍပ်တိုင်း နေရာတိုင်း ရန်ကုန်မြို့တမြို့လုံး ၊ ရန်ကုန်တိုင်း တတိုင်းလုံးပါပဲ တတ်နိုင်သလောက် အင်အားတွေကို မနှစ်ကထက် လုံခြုံရေးအင်အားကို ပိုတိုးမြှင့်ပြီး ချထားပါတယ်။ "
ဒါအပြင် NLD အစိုးရသစ်လက်ထက် ဒီနှစ်သင်္ကြန်ကာလ ထူးခြားချက် အဖြစ် ပြည်သူတွေဘက်က ရဲတပ်ဖွဲ့နဲ့ အပြုသဘောဆောင်ပူးပေါင်းပြီး ပွဲတော်ကာလတလျှောက် စနစ်တကျဖြစ်အောင် ဆောင်ရွက်လာတယ်လို့ ရဲတပ်ဖွဲ့ဘက်က တာဝန်ရှိသူတွေကပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ထွဋ် ကလည်း သတင်းထောက်တွေကို ပြောသွားတာက-
"မနေ့ကတုန်းက အကျနေ့ပေါ့။ ၁၃ရက်နေ့မှာတော့ သင်္ကြန်နဲ့ပတ်သက်တဲ့ မှုခင်းပေါင်း အားလုံး ၂၀ ဖြစ်ပါတယ်။ သင်္ကြန်နဲ့မပတ်သက်တဲ့အမှု ၁၈မှုဖြစ်ပါတယ်။ သင်္ကြန်နဲ့ပတ်သက်တဲ့ အမှု ၂၀မှာလည်းပဲ ထိခိုက်ဒဏ်ရာရတာ ငါးယောက်လောက်ပဲ ရှိပါတယ်။ သာမာန်အားဖြင့် ဒဏ်ရာရခြင်းဖြစ်ပါတယ်။ ကားပေါ်ကနေ ပြုတ်ကျတာတို့ သာမာန်အားဖြင့် ထိုးကြိတ်တာတို့ ဒီလောက်ပါပဲ။ ကျန်တာ ကြီးကြီးမားမား လူ့အသက်ကို ထိခိုက်တဲ့ ဒဏ်ရာရတဲ့ အနေအထားမျိုးတွေ သေဆုံးတာတို့ မရှိခဲ့ပါဘူး။ မူးယစ်ဆေးဝါးနဲ့ပတ်သက်လို့လည်း ကျနော်တို့ သင်္ကြန်အကြိုကာလကတည်းက မူးယစ်ဆေးဝါးတွေရော ကာမစိတ်ကြွဆေးတွေရော စသည်ဖြင့် ဒါတွေကိုလည်း အသိပညာပေးတာတွေ ရှာဖွေဖမ်းဆီးတာတွေကို ကျနော်တို့ပိုင်ပိုင်နိုင်နိုင် လုပ်ထားပါတယ်။
အခုချိန်အထိတော့ သင်္ကြန်မဏ္ဍပ်တွေနဲ့ ပတ်သက်လို့ အရေးယူထားတာမရှိပါဘူး။ သူတို့ကလည်း စည်းကမ်းဖောက်ဖျက်တာ ကြီးကြီးမားမား မရှိပါဘူး။ နည်းနည်းပါးပါး သတ်မှတ်ထားချိန် ဆယ်မိနစ် ဆယ့်ငါးမိနစ်ထက် ပိုပြီး ရေကစားတာ ဒါမျိုးတော့ ရှိပါတယ်။ ကျနော်တို့က များသောအားဖြင့်တော့ ဒီမှာ ရှိနေတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ သူတို့ကလည်း ပြည်သူတွေအနေနဲ့ရော နောက်တခုက မဏ္ဍပ်ကို ဦးဆောင်တဲ့သူတွေရော အားလုံးပေါ့ သူတို့ရဲ့ ကိုယ်ပိုင် တာဝန်ယူထားတဲ့ လုံခြုံရေးအဖွဲ့တွေရော တကယ်နားလည်မှုရှိစွာနဲ့ စနစ်တကျနဲ့ ပူးပေါင်းပြီး ဆောင်ရွက်လာတာကို တွေ့ရပါတယ်ခင်ဗျ။ "
အခုတက်လာတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအစိုးရက စီးပွားဖြစ်ရေကစားမဏ္ဍပ်ကြီး အတော်များများကို ပိတ်ပင်ခဲ့တာကြောင့် အရင်အစိုးရ လက်ထက်ကလိုမဟုတ်ပဲ လူငယ်တွေရဲ့ ပျော်ပါးမှုကို အာဏာနဲ့ပိတ်ပင်တားဆီးတဲ့ သဘောမျိုးဖြစ်နေတယ်လို့ ဝေဖန်မှုတွေထွက်ခဲ့ပါတယ်။
ဒါပေမဲ့လည်း ရန်ကုန်မြို့ခံ လူငယ်အမျိုးသမီး ပိုပိုကတော့ ဒီနှစ်သင်္ကြန်မှာ လုံခြုံစိတ်ချမှု အပြည့်နဲ့ ပျော်ရွှင်မှုအပြည့်ရှိတယ်လို့ဆိုပါတယ်။
"ဒီနှစ်သင်္ကြန်က ဟိုးအရင်တုန်းက ညီမတို့ငယ်ငယ်တုန်းက သင်္ကြန်လိုပြန်ဖြစ်သွားတယ်ပေါ့။ ပိုစည်သွားတယ်။ လူတွေကလည်း ပိုပြီးတော့ စည်းကမ်းရှိရှိ ပိုမြင်ရတယ်ပေါ့။ အရင်နှစ်တွေကလို တနေရာတည်းမှာပဲ ပြုံပြီးတော့ လမ်းကျပ်တာမျိုး မဖြစ်ပဲနဲ့ ဒီနှစ်မှာ လမ်းတွေ ဘာတွေလည်း ချောင်တယ် သွားရလာရတာလည်း အဆင်ပြေတယ်။"
မေး။ ။ ညီမတို့လူငယ်တွေရော ရေပက်ကစားရတာ ပျော်ရွှင်မှုအပြည့်ရှိလား။
" ဟုတ် ပျော်ပါတယ် လုံခြုံရေးတွေ ဘာတွေလည်း ကောင်းတော့ ဘာပဲဖြစ်ဖြစ် သွားရတာ ပိုပြီး အဆင်ပြေပြီးတော့ ပိုပြီး လုံလုံခြုံခြုံရှိတယ်လို့မြင်တယ်အမ။
မေး။ ။ ညီမတို့ ဒီနှစ်သင်္ကြန်ပေါ့နော် အခုက အစိုးရသစ်လည်းဖြစ်လာတယ်။ အထူးသဖြင့် ရန်ကုန်တိုင်းမှာလည်း အစိုးရသစ်ဖြစ်လာပြီဆိုတော့ အရင်နှစ်သင်္ကြန်တွေနဲ့မတူပဲ ညီမတို့ လူငယ်တွေအနေနဲ့ရော ဘယ်လိုခံစားမိလဲ။ ဘယ်လိုတွေ့မြင်ရလဲ။
"ကောင်းပါတယ်။ အစစအရာရာ အဓိကကတော့ လုံခြုံရေးပေါ့ အမရယ်။ အဓိက သွားလာနေတဲ့အချိန် လုံခြုံရေးပေါ့ ရန်မဖြစ်ဖို့ရယ် အဓိက အရေးကြီးတာပေါ့ အဲ့တာတွေ သိပ်မရှိတော့ ပိုပြီးတော့ ကောင်းတယ်လို့ မြင်ပါတယ်။"
ဒီနှစ်သင်္ကြန်မှာ ရေကစားမဏ္ဍပ်အများဆုံးရှိပြီး လူအစည်ကားဆုံးနေရာကတော့ ရန်ကုန်-ပြည်လမ်းမကြီး တလျောက်ဖြစ်ပါတယ်။ အင်းယားကန်ဘောင် တလျောက်မှာလည်း လူပေါင်း (၃၀၀နဲ့ ၄၀၀) နီးပါးဆန့်တဲ့ ရေကစား မဏ္ဍပ်ကြီးတွေကို စည်းကမ်းချက် (၄၅)ချက်နဲ့ သတ်မှတ်ပြီး ရန်ကုန်တိုင်းအစိုးရက ခွင့်ပြုထားပါတယ်။