သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄၄ နှစ်အတွင်း မြန်မာနိုင်ငံမှာ အအေးဆုံး စံချိန်တင်


မြန်မာနိုင်ငံမှာ ၄၄ နှစ်တာအတွင်း အအေးအလွန်ကဲဆုံး ရာသီဥတုကို ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒီအတွက်ကြောင့် မိုးလေဝသနဲ့ ဇလဗေဒက သတိပေး ကြေညာချက် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အပြည့်အစုံကို စုံစမ်း မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

မြန်မာနိုင်ငံက တိုင်းနဲ့ပြည်နယ်တွေမှာ အခုရက်ပိုင်းတွေအတွင်း ဆက်တိုက်ဆိုသလို အအေးပိုလာနေပြီး ညအပူချိန်ဟာ နောက် ၃ ရက်အထိ ဒီလ ပျမ်းမျှအပူချိန်ထက် ဆက်လက် လျော့နည်းနေမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ရှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့မှာ ဒီလို အပူချိန် ကျဆင်းတာဟာ ၄၄ နှစ်အတွင်း စံချိန်သစ်တင် ကျဆင်းခဲ့တာ ဖြစ်တယ်လို့ ပင်လောင်းမြို့ မိုးဇလဌာနက တာဝန်ရှိသူတယောက်က ပြောပါတယ်။

“၂၃ ရက်နေ့ကနေစပြီး အေးတာရှင့်။ အဲဒီနေ့မှာ ညအပူချိန်က ၁.၂ ရှိတယ်ရှင့်။ minus မဟုတ်ဘူးရှင့်။ အဲဒီတုန်းက minus မကျသေးဘူး။ ၂၄ ရက်နေ့မှာကျတော့ ၀ ဒီဂရီ။ ၂၅ ရက်နေ့မှာကျတော့ -၁.၅။ ၂၆ ရက်နေ့မှာ -၃.၂။ နောက် ၂၇ ရက်နေ့မှာကျ -၄.၅။ ၁၉၇၅ နောက်ပိုင်း ၄၄ နှစ်အတွင်းမှာ၊ စခန်းဖွင့်ပြီး ၄၄ နှစ်အတွင်းမှာ အအေးဆုံး စံချိန်သစ် တင်ခဲ့တာပေါ့။”

မိုးဇလဌာနရဲ့ တိုင်းထွာချက်အရ မနေ့က ကချင်၊ ရှမ်းမြောက်၊ မန္တလေး၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီ ဒေသတွေမှာ ဒီဇင်ဘာလ ပျမ်းမျှအပူချိန်ထက် ၃ ဒီဂရီကနေ ၄ ဒီဂရီ စင်တီဂရိတ်အထိ။ ချင်း၊ ကယားနဲ့ စစ်ကိုင်းအထက်ပိုင်း ဒေသတွေမှာ ၅ ဒီဂရီကနေ ၆ ဒီဂရီ စင်တီဂရိတ်အထိ လျော့နည်းနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီလို အပူချိန် ကျဆင်းတာဟာ နောက်လ ၁၀ ရက်နေ့အထိ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ အအေးပိုနိုင်တယ်လို့ နေပြည်တော် အခြေစိုက် မိုးဇလဌာနက လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြောပါတယ်။

“ကျနော်တို့ လက်ရှိ ခန့်မှန်းချက်အရ ဆိုရင်တော့ ဇန်နဝါရီလ ပထမ ၁၀ ရက်ပတ်မှာလည်းပဲ ဒီဒေသတွေမှာ ဇန်နဝါရီ အပူချိန်ရဲ့အောက်ကို လျော့နည်းနေမယ်ဆိုပြီး ခန့်မှန်းထားပါတယ်။ တောင်ထူထပ်တဲ့ ပင်လယ်ရေမျက်နှာပြင်ထက် ၄,၀၀၀ ကျော် ၃,၀၀၀ ကျော်မြင့်တဲ့ ဒေသတွေကတော့ အပူချိန်တွေက တချို့ဒေသတွေမှာ ဂဏန်းတလုံးတည်း အပူချိန်ပေ့ါနော်၊ single digit night temperature တွေကတော့ ဆက်ပြီးတော့ ရှိနေတယ်။ single digit temperature ဆိုတာ ဥပမာ ၁၀ မဟုတ်ဘူး။ ၉ တို့ ၊၈ တို့၊ ၇ တို့၊ အနှုတ် ၁ တို့၊ ၀ တို့ပေါ့နော်။ လွိုင်လင်တို့ ၊ ပင်လောင်းတို့၊ ဟဲဟိုးတို့၊ ဟားခါးတို့မှာ ဆက်ပြီး ရှိနေတာကို တွေ့ရပါတယ်။”

အခုလို မြန်မာနိုင်ငံတဝန်းမှာ အအေးပိုလာတဲ့ အကြောင်းကိုတော့ လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက အခုလို ဆက်ပြီး ရှင်းပြပါတယ်။

“အဓိက နံပါတ်တစ် တချက်ကတော့ ဆောင်းမုတ်သုန် အားကောင်းတာမျိုး ရှိပါတယ်။ အရှေ့မြောက် မုတ်သုန်လို့လည်း ခေါ်ပါတယ်။ ဆောင်းမုတ်သုန် အားကောင်းတယ်။ မြန်မာနိုင်ငံဘက်ကို အနောက်မြောက်ဘက် အိန္ဒိယနိုင်ငံဘက်က လေအေးတွေရော အရှေ့မြောက်ဘက်က လေအေးတွေရော ဝင်ရောက်လာတာပေါ့နော်။ ဒီလို အခြေအနေမျိုးတွေက ဆောင်းမုတ်သုန် အားကောင်းတဲ့ အခါကျရင် ဖြစ်တတ်တဲ့ မိုးလေဝသ အခြေအနေတွေပေါ့။

“နောက်တချက်က တောင်ဘက်က ပူနွေးတဲ့ မိုးလေဝသ ဖြစ်စဉ်တွေကလည်း အခုလက်ရှိ အခြေအနေမှာတော့ မရှိသေးတဲ့ အတွက်ကြောင့်မို့ အအေးပိုနေတဲ့ မိုးလေဝသ ဖြစ်စဉ်ကတော့ ဒီဇင်ဘာလ တတိယ ၁၀ ရက်ပတ်မှာပေါ့။ အထူးသဖြင့် အထက်ပိုင်း ပေ ၃,၀၀၀၊ ၄,၀၀၀ ကျော်တဲ့ နေရာတွေမှာ ဟားခါးဆိုရင် ပေ ၆,၀၀၀ နီးပါးလောက်ရှိတဲ့ ဒေသတွေမှာတော့ ညအပူချိန်တွေက ဆက်တိုက် ကျနေတာမျိုးတွေ တွေ့ရပါတယ်နော်။”

မိုးလေဝသနဲ့ ဇလဗေဒပညာရှင် ဒေါက်တာထွန်းလွင်ရဲ့ အင်တာနက် စာမျက်နှာမှာတော့ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်း ဒေသဘက်မှာ ရေခဲအမှတ်အောက်အထိ ကျဆင်းနေပြီး မြန်မာပြည်အတွင်းကို အင်အားအသင့်အတင့်ရှိတဲ့ အအေးလှိုင်းတခု ဝင်လာမယ့်သဘော ဖြစ်တယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။

အခုလို မြန်မာပြည်အဝန်းမှာ ခါတိုင်းနှစ်တွေထက်ပိုပြီး အအေးပိုလာနေတာကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေရဲ့ ကျန်းမာရေးကို အထူးအလေးထားဖို့ လိုအပ်နေပါတယ်။

XS
SM
MD
LG