သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည် အဝှမ်း အအေးဓါတ်လွန်ကဲ


၁၉ ရက်နေ့ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ် (သတင်းဓါတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)
၁၉ ရက်နေ့ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ် (သတင်းဓါတ်ပုံ-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန)

တရုတ်ပြည်ဖက်က ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းကြောင့် ဒီရက်ပိုင်းအတွင်းမြန်မာပြည်အဝှမ်းမှာ အအေးပိုခဲ့ရာက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့မှာ နှစ် ၅၀ ကျော်အတွင်း အနိမ့်ဆုံးအပူချိန်နဲ့ ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မှာတော့ နှစ် ၃၀အတွင်း အနိမ့်ဆုံးအပူချိန်ထိ စံချိန်တင် ကျဆင်းခဲ့ပါတယ်။ လာမယ့်ရက်ပိုင်းတွေမှာတော့ လေဖိအားကြီးရပ်ဝန်းဟာ ဗီယက်နမ်ကမ်းခြေဖက်ကို ရွေ့လျားသွားနေတာကြောင့် အပူချိန်ပြန်လည်မြင့်တက်လာနိုင်ကြောင်း မိုးဇလဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းက ကိုမိုးဇော်က တင်ပြထားပါတယ်။

ဆောင်းတွင်းရာသီမှာ မြန်မာနိုင်ငံရဲ့ အပူအချိန်အပြောင်းအလဲဟာ တရုတ်နိုင်ငံဘက်မှာဖြစ်ပေါ်တဲ့ လေဖိအားကြီးရပ်ဝန်းနဲ့ ဟိမဝန္တာတောင်တန်းဖက်က တိုက်ခတ်လာတဲ့ လေအေးဝင်ရောက်မှုအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာတော့ တရုတ်ပြည်ဘက်က ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်းကြောင့် မြန်မာနိုင်ငံအနှံ့မှာ အပူချိန်ကျဆင်းခဲ့ရာက ရမည်းသင်းနဲ့ ကြို့ပင်ကောက်တို့မှာ စံချိန်တင်ကျဆင်းခဲ့တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

“ရမည်းသင်းကတော့ ဒီနှစ်ထဲမှာပဲ ဇန်နဝါရီလထဲမှာပေါ့ အနှိမ့်ဆုံးအပူချိန်အရ ၂ ခါ စံချိန်ချိုးသွားတယ်ပေါ့။ ပထမတကြိမ် ချိုးတာကတော့ ဒီ ၁၃ ရက် ၁ လ ၂၀၁၆ မှာ စံချိန်ချိုးတယ်ပေါ့။ အရင်စံချိန်အဟောင်းက ၇.၅ ရှိပြီးတော့ အဲဒီနေ့က ၇.၀ ရှိတယ်ပေါ့လေ။ နောက်တကြိမ် ၁၈ ရက် ၁ လ ၂၀၁၆ အဲဒီမှာကျတော့ ၆.၀ ဒီဂရီ Celsius ပေါ့လေ စင်တီဂရိတ်ရှိတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ ၅၂ နှစ် အတွင်းမှာကျတော့ ကျနော်တို့ အနိမ့်ဆုံးအပူချိန်ပေါ့လေ။အဲဒီလိုပဲ ကြို့ပင်ကောက်ကျတော့ ကျနော်တို့ အခုဒီ ၁၈ ရက် ၁ လ ၂၀၁၆ မှာတော့ သူကတော့ ၉.၀ ဒီဂရီစင်တီဂရိတ်ဆိုတဲ့အတွက်ကြောင့်မို့လို့ သူကတော့ နှစ်ပေါင်း ၃၀ အတွင်းမှာပေါ့လေ အနိမ့်ဆုံးအပူချိန်ကိုရောက်ခဲ့ပါတယ် ဟုတ်ကဲ့။”

ဒီရက်ပိုင်းအတွင်း ပြောင်းလဲနိုင်တဲ့ မိုးလေဝသ အခြေအနေကို အခုလို ဆက်ပြောပါတယ်။

“နောက် ၁ ရက် ၂ ရက်လောက်နေရင်တော့ နဲနဲ အအေးတော့ပြန်ပေါ့သွားမယ်ခင်ဗျ။ ပေါ့သွားပြီးတော့ ကျနော်တို့ ၂၆ နဲ့ ၂၇ မှာ နဲနဲလေးပြန်အေးမှာပေါ့လေ။ အဲလိုမျိုးလေးတော့ ရှိပါတယ်။ အဓိကကတော့ တရုတ်ပြည်မကြီးကနေ ထိုး ဆင်းလာတဲ့ လေဖိအားကြီးရပ်ဝန်း ကျနော်တို့ ဗီယက်နမ် coast ကိုပေါ့လေ ဝင်သွားတဲ့အတွက်ကြောင့်မို့လို့ ဒီရက်ပိုင်းမှာတော့ ကျနော်တို့ ဘက်ကိုပေါ့လေ နဲနဲလေးပြန်ပြီးတော့ အအေးလျော့သွားမယ့် အနေအထားရှိတယ်။ ပြီးသွားတော့ ဒီအရှေ့ဖက်ကနေပြီးတော့ လာတဲ့ ဒီ တိမ်တိုက် တချို့ကြောင့်မို့လို့ မြန်မာနိုင်ငံအထက်ပိုင်းတွေမှာလည်း လာမယ့် ၃ ရက်တွေအတွင်း အပူနည်းငယ် ရနိုင်မယ်ပေါ့လေ။

ဒီလ ၂၆ ရက်နောက်ပိုင်းမှာ တရုတ် လေဖိအားကြီးရပ်ဝန်းပြန်အားကောင်းလာနိုင်တာနဲ့ ဟိမဝန္တာတောင်တန်းဖက်ကလေအေးဝင်ရောက်မှုကြောင့် ပြန်အေးလာနိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ပါတယ်။

ရမည်းသင်းမြို့နယ်က လက်ရှိ ရွေးကောက်ခံ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးဦးကတော့ ၅၂ နှစ်အတွင်း အပူချိန် စံချိန်တင်ကျဆင်းခဲ့ပေမဲ့ ဒေသခံတွေ ကျန်းမာရေးဆိုးဆိုးဝါးဝါး ထိခိုက်တာတော့ မကြားရသေးကြောင်း ပြောပါတယ်။

“အေးတာက ဟုတ်တယ်ဗျာ။ ကျနော်တို့ဒီ အအေးဓါတ်ကတော့ အရင်နှစ်တွေနဲ့မတူဘူးပေါ့နော်။ အခု ရက်ပိုင်းအတွင်းမှာတော်တော်လေး သိသိသာသာအေးလာတယ်။ အခုလူတွေ ကျနော်တို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ လေ့လာမိသလောက် အအေးဒဏ်ကြောင့် သေတယ် ဆိုတာကတော့ ကျနော်မကြားဖူးသေးဘူးလောလောဆယ်လေ။ အခုဟာက အအေးဒဏ်ပိုပြင်းလို့ တချို့သံဃာတွေကလည်း အနွေးထည်မရှိတဲ့လူတွေကို လှူတာတော့ရှိတယ်လေ။ ဒီအအေးဒဏ်က သိသိသာသာအေးတဲ့အတွက် ကျနော်တို့ ဒီ ပုဂ္ဂလိကပိုင်းက အလှူရှင်တွေကလည်း ဆင်းရဲတဲ့ရွာတွေမှာ အနွေးထည်လေးတွေ လှူကြကန်းကြ အဲဒီအမျိုးတွေရှိတယ်။”

ရမည်းသင်းမှာ အပူချိန်ကျဆင်းတာဟာ ညသန်းခေါင်ဝန်းကျင်လောက်မှာ သိသာကြောင်းလည်း ပြောပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့မှာတော့ ညအပူချိန်ဟာ သုညအောက်ထိကျဆင်းပြီး ၃ရက်လောက် ဆက်တိုက်ရေခဲ ခဲ့ပါတယ်။ ဒီလို ရာသီဥတုဆိုးဝါးတာကြောင့် အသက် ၅နှစ်အောက်ကလေးငယ်တွေ အအေးမိရောဂါ အဖြစ်များပေမဲ့ အသက်ဆုံးရှုံးအောင်ထိ ဖြစ်ပွားတာမရှိကြောင်း ပင်လောင်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ခင်သိန်းထွေးက ပြောပါတယ်။

“ဟုတ်ကဲ့ အသက် ၅ နှစ်အောက် ကလေးလေးတွေပေါ့နော်၊ အဆုတ်အအေးမိတဲ့ ရောဂါလောက် ဖြစ်ပါတယ်ရှင့် အခုတလောကတော့။ လူသေလောက်တဲ့အထိတော့ မဖြစ်ပါဘူးရှင့်။ ကလေးတွေက ရေချိုး၊ ရေချိုးပြီး အေးပြီးတော့ အခါကျတော့ အဆုတ်အအေးမိတဲ့ ရောဂါလက္ခဏာလေးတွေနဲ့ အသက်ရှုခက်တာလေးတွေနဲ့ ရောက်လာကြပါတယ်။”

ကျန်းမာရေးဌာနအနေနဲ့ ရာသီဥတုအေးချိန်မှာ နွေးနွေးထွေးထွေးနေဖို့၊ ရေချိုးရာမှာ သတိထားဖို့နဲ့ မီးလှုံရာမှာလည်း မီးခိုးကြောင့် အသက်ရှုလမ်းကြောင်း ရောဂါမဖြစ်ပွားအောင် ဂရုစိုက်ဖို့အတွက် ကျေးရွာတွေမှာ ပညာပေးလုပ်ငန်းတွေဆောင်ရွက်နေကြောင်း ပြောပါတယ်။

မိုးဇလ ဌာနကတော့ ဒီကနေ့ ထူးခြားတဲ့ ညအပူချိန်အဖြစ် နမ့်စန်မြို့နဲ့ ဟားခါးမြို့ တို့မှာ သုည ဒီဂရီစင်တီဂရိတ်စီ၊ ပြင်ဦးလွင်မြို့မှာ ၂ ဒီဂရီစင်တီဂရိတ်၊ လားရှိးမြို့နဲ့ မိုးကုတ်မြို့မှာ ၄ ဒီဂရီစင်တီဂရိတ်စီရှိနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG