သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမှာ သေဒဏ်ချခံထားရတဲ့ မြန်မာအမျိုးသမီး


ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တရားရုံးချုပ်မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၁၇)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က တရားရုံးချုပ်မြင်ကွင်း။ (သြဂုတ် ၂၅၊ ၂၀၁၇)

မူးယစ်ဆေးဝါး ဘိန်းရာဇာတို့ရဲ့ငွေမည်းတွေကို ခဝါချပေးနေတဲ့ မြန်မာနိုင်ငံသူတဦးကို ၂၀၁၇ ခုနှစ်က ဖမ်းဆီးခဲ့ပြီး ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့ကတော့ ထိုင်းတရားရုံးကနေ သေဒဏ်အမိန့်ချလိုက်ပါတယ်။ အပြည့်အစုံကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ရချဒါဖိဆစ်တရားရုံးကနေ မူးယစ်ဆေးဥပဒေ BE 2534 အရ တရားခံအဖြစ် စွဲချက်တင်ခံထားရတဲ့ မြန်မာနိုင်ငံသူ နန်းမြင့်သိန်းအေးဟာ မူးယစ်ဆေးဝါးအဖွဲ့ရဲ့ အရေးပါတဲ့ ငွေကြေးခဝါချ ပေးမှုအပြင် မြန်မာနိုင်ငံအတွင်းမှာ မူးယစ်ရာဇာတွေရဲ့ မူးယစ်ဆေး ရောင်းရငွေတွေ လွှဲပြောင်းပေးရာမှာလည်း ကြားခံအဖြစ် ဆောင်ရွက်ပေးခဲ့ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် သေဒဏ်ချမှတ်ခဲ့တာဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သူ့ကိုဖမ်းဆီးပြီးချိန်မှာ ထိုင်းအာဏာပိုင်တွေက ဖမ်းဝရမ်းကို ဖတ်ပြသွားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ နိုဝင်ဘာလက အခု သေဒဏ်ပေးခံရသူ အသက် ၄၃ နှစ်အရွယ် နန်းမြင့်သိန်းအေးဟာ ဘန်ကောက်မြို့မှာ ဆေးလာကုနေချိန် ဖမ်းဆီးခံခဲ့ရတာပါ။ သူစီးလာတဲ့ ဗင်ကားကို မူးယစ်တိုက်ဖျက် အရာရှိတွေက ကားတွေနဲ့ပိတ်ရပ်ခဲ့ပြီး ကားထဲကနေ ဆွဲခေါ် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

သူမရဲ့လုပ်ငန်းဟာ ငွေလွှဲပြောင်း၊ ငွေလဲလုပ်ငန်းတွေဖြစ်ပြီး မူးယစ်ဆေးနဲ့ ဘာမှ မပတ် သက်ကြောင်း ငြင်းဆိုခဲ့သလို မူးယစ်ဆေးကရတဲ့ငွေတွေကို ခဝါချပေးနေသူဆိုတဲ့ စွပ်စွဲချက်ကိုလည်း ရှေ့နေနဲ့အတူ ငြင်းဆိုခဲ့ပါသေးတယ်။
နန်းမြင့်သိန်းအေး ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆိုင်နဲ့တာချီလိတ်မှာ ဟန်ပြ စီးပွားရေးလုပ်ငန်း ရတနာဆိုင်၊ ရွှေဆိုင်နဲ့ ဟိုတယ်လ်လုပ်ငန်းတွေကိုပါ လုပ်ကိုင်နေသူဖြစ်ကြောင်း ထိုင်းအာဏာပိုင်တွေက ပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံသူ အစိုးရအေးဂျင့်တဦးက စိတ်ကြွဆေးဝယ်ဖို့ ဘတ်ငွေ ၁၃ သန်းကို နန်းမြင့်သိန်းအေး ဖွင့်ထားတဲ့ ဘဏ်စာရင်းထဲ ငွေလွှဲပြောင်းပေးခဲ့တာကိုလည်း ထိုင်း မူးယစ်နှိမ်နင်းရေးက သက်သေအဖြစ် တရားရုံးမှာ တင်ပြခဲ့တာပါ။ သူ့ကို ထိန်းသိမ်းစစ်ဆေးအပြီးလပိုင်းအတွင်းမှာပဲ သူနဲ့ဆက်စပ်တယ်ဆိုတဲ့ မဲဆိုင်နဲ့ စမုတ်ပရကန်က မူးယစ်ရာဇာတွေကိုလည်း ဖမ်းဆီးနိုင်ခဲ့သလို သူတို့ရဲ့ပိုင်ဆိုင်မှုတွေကိုလည်း ထိုင်းအာဏာပိုင်တွေက လိုက်လံ သိမ်းဆည်းနိုင်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က နန်းမြင့်သိန်းအေးကို ကိုယ်တိုင်ဖမ်းခဲ့တဲ့ ထိုင်းမူးယစ်နှိမ်နင်းရေး ဒုရဲချုပ် စုန်မိုင်ကတော့ - “အခုလို တရားခံကို ဖမ်းဆီးနိုင်ခဲ့တာဟာ မူးယစ်ရာဇာတွေရဲ့ အဓိကသွေးကြောတခုကို ဖော်ထုတ်နိုင်ခဲ့တာဖြစ်ကြောင်းနဲ့ တရားခံဟာ တနှစ်ကို ဘတ်ငွေသန်းပေါင်း ၅၀၀ အထိ မူးယစ်ဆေးဝါးက ရတဲ့ ငွေမည်းတွေကို မြန်မာနိုင်ငံထဲ ပြန်လွှဲပေးနေသူဖြစ်”…ကြောင်းကိုလည်း ပြောသွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG