သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအမျိုးသမီးအရေး ဆောင်ရွက်စရာ လိုသေး


မြန်မာအမျိုးသမီးအရေး ဆောင်ရွက်စရာ လိုသေး
မြန်မာအမျိုးသမီးအရေး ဆောင်ရွက်စရာ လိုသေး

ဒီနေ့ မြန်မာနိုင်ငံရဲ့ လူမှုရေးနဲ့ စီးပွားရေး ကဏ္ဍတွေမှာ အမျိုးသမီးတွေ ပါဝင်လာမှု အရင်ကထက် အားကောင်းလာတယ်လို့ ဆိုနိုင်ပေမဲ့ နိုင်ငံရေးကဏ္ဍမှာတော့ အားနည်းချက် ရှိသေးတယ်လို့ ဒီကနေ့ ကျရောက်တဲ့ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့မှာ ပြည်တွင်း အမျိုးသမီးရေးရာ လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံထဲမှာ အမျိုးသမီးရေးရာ ကိစ္စတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာက ဆောင်ရွက်ပေးမှုတွေကလည်း အားနည်းသေးတယ်လို့ ဆိုကြပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံထဲက အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ အခြေအနေ အမျိုးမျိုးပေါ်မှာ အဖွဲ့အစည်းတွေက တာဝန်ယူ ဆောင်ရွက်ပေးမှုအပိုင်း အလွန် အားနည်းနေသေးသလို နိုင်ငံရေး ပါဝင်ပတ်သက်မှု ကဏ္ဍမှာလည်း အတော်အားနည်းတာ တွေ့ရတယ်လို့ ပြည်တွင်း အမျိုးသမီးရေးရာ အဖွဲ့တွေက အဓိက သုံးသပ်ပါတယ်။

ကျပ်တည်းတဲ့ စီးပွားရေးကြောင့် အခြေအနေ အမျိုးမျိုးနဲ့ ရုန်းကန်နေရတဲ့ မိန်းကလေးငယ်တွေဟာ သူတို့ရဲ့ အလုပ်အကိုင်တွေက တရားဝင် မဟုတ်တာကြောင့် သူတို့မှာ ကြုံလာရတဲ့ အကြမ်းဖက်မှုတွေ၊ မတရား အနိုင်ကျင့်ခံရမှုတွေဟာ ပိုပိုပြီး ကြားလာရတယ်လိ့ု ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက ပြောပါတယ်။

“စားသောက်ဆိုင်တွေ၊ အနှိပ်ခန်းတွေမှာကတော့ မိန်းကလေးတွေက တော်တော်များတာပဲ၊ ကြာလေ များလေ ဖြစ်လာတာပဲ။ ဒါတွေအကုန်လုံးက စီးပွားရေး ကျပ်တည်းမှုကြောင့် စားစရာ၊ သောက်စရာ မရှိလို့ လုပ်ကိုင်စားနေရတဲ့ အနေအထားမျိုးပဲ ဖြစ်နေရတယ်။ နှိပ်စက်ညှင်းပန်းခံရလို့ သွားတိုင်တယ် ဆိုရင်တောင်မှ ပိုက်ဆံထိုးနိုင်တဲ့လူက အနိုင်ရနေတဲ့ခေတ်ကြီး ဖြစ်နေတာကိုး။ အမှန်တရားဘက်မှာ ရပ်တည်တဲ့ ဝန်ထမ်းက တော်တော်လေး ရှားပါးနေတဲ့ အခါကျတော့ နှိပ်စက်ညှင်းပန်းသမျှကို ခံနေကြရတာပါပဲ။”

မြန်မာနိုင်ငံမှာ စစ်ခေါင်းဆောင်တွေရဲ့ ဇနီးတွေ စုပေါင်း ဖွင့်လှစ်ထားတဲ့ အမျိုးသမီးရေးရာ အဖွဲ့ချုပ်လိုမျိုး၊ တခါ စီးပွားရေး လုပ်ငန်းရှင် အမျိုးသမီးတွေ စုပေါင်း ဖွဲ့စည်းထားတဲ့ အမျိုးသမီး စွမ်းဆောင်ရှင်လို အဖွဲ့တွေအပြင် တခြား အမျိုးသမီးရေးရာ လူမှုရေး အဖွဲ့တွေ ရှိပါတယ်။ အရင်က အမျိုးသမီးရေးရာ အဖွဲ့ချုပ်ဟာ အကြမ်းဖက် အနိုင်ကျင့်ခံရတဲ့ အမျိုးသမီးတွေရဲ့ ကိစ္စတွေကို ကူညီပေးပေမဲ့ အခုနောက်ပိုင်း အဖွဲ့အစည်း ထင်ပေါ်မှုသာ ဦးစားပေးလာတယ်လို့လည်း သူက သုံးသပ်ပါတယ်။

“အရင် စတည်ထောင်တုန်းကတော့ သူတို့က ကြိုးကြိုးစားစား လုပ်ပေးတယ်ပေါ့။ လာတိုင်ကြားတဲ့လူရှိရင် ထိထိရောက်ရောက် လုပ်ဆောင်ပေးတယ်။ အဲဒီအခါကျတော့ ကျမတို့ အမျိုးသမီးတွေ အနေနဲ့တော့ နည်းနည်းလေး အားကိုးစရာလေး မြင်လာပြီဆိုပြီး ဝမ်းသာတာပေါ့။ ဒါပေမဲ့ တဖြည်းဖြည်းနဲ့ နောက်ပိုင်းမှာကျတော့ သူတို့က အဖြစ်သဘောလောက်ပဲ လုပ်ဆောင်ပေးတဲ့ အခါကျတော့ တော်တော်လေး စိတ်ပျက်စရာ ကောင်းလာတာပေါ့။ သူတို့ ထင်ပေါ်မှုတွေကိုပဲ ဦးစားပေးလာတယ်။ ပွဲလမ်းသဘင်၊ ဒါမျိုးတွေမှာပဲ နာမည်ကောင်း လိုချင်တော့တယ်။ တကယ် ထိထိရောက်ရောက် လာတိုင်ကြားတဲ့သူဆိုရင် သေချာမလုပ်ပေးတော့ဘူး။”

ရန်ကုန်မြို့ခံ အမျိုးသမီးတဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ကျရောက်တဲ့ နှစ် ၁၀၀ ပြည့် နိုင်ငံတကာ အမျိုးသမီးများနေ့ အခမ်းအနားကို ရန်ကုန်က ယုဒဿာန်ခန်းမမှာ မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံတကာ အမျိုးသမီးရေးရာ အဖွဲ့တွေ၊ ပြည်တွင်းထဲမှာ လှုပ်ရှားနေတဲ့ အမျိုးသမီး အဖွဲ့တွေအပြင် တိုင်းရင်းသား အမျိုးသမီး အဖွဲ့တွေနဲ့ စုပေါင်းပြီး အခမ်းအနားတခု ကျင်းပခဲ့တဲ့အထဲ လက်ရှိ မြန်မာနိုင်ငံ အမျိုးသမီးတွေရဲ့ အခြေအနေတွေဟာ လူမှုရေး၊ စီးပွားရေးထက် နိုင်ငံရေး ပါဝင်ပတ်သက်မှုတွေမှာ အားနည်းနေတာ တွေ့ရတယ်လို့ သုံးသပ်ခဲ့တဲ့အကြောင်း အမျိုးသမီးရေးရာ လှုပ်ရှားနေသူ တဦးက ပြောပါတယ်။

“ပြောမယ်ဆိုရင်တော့ ပညာရေး၊ ကျန်းမာရေးတွေမှာတော့ သိပ်မသိသာပေမဲ့ နိုင်ငံရေး ပါဝင်မှုမှာတော့ တော်တော်လေး အားနည်းနေတယ်လို့ ကျမတို့ သုံးသပ်ပါတယ်။ ဘာလို့လဲဆိုတော့ National Assembly မှာဆိုရင် အမျိုးသမီးက ၄.၁% ပေါ့၊ ပြီးတော့ State Level မှာလည်း နည်းတယ်လေ၊ ၄.၃ လောက်ပဲ ရှိတယ်။ Member of Parliament မှာလည်း နည်းသေးပါတယ်။ ဒါပေမဲ့လည်း ဘာပဲဖြစ်ဖြစ် အရင်ကထက်စာရင်တော့ Stage လေးတခု ရှိလာပြီ။ အဲဒါကိုလည်း ကျမတို့ အမျိုးသမီးတွေက ဆက်လက်ပြီးတော့ ကြိုးကြိုးစားစား လှုပ်ရှားရမယ်လို့ မြင်ပါတယ်။”

ဒါပေမဲ့ မြန်မာ့နိုင်ငံရဲ့ နိုင်ငံရေးရာတွေမှာ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထင်ရှားမှုနဲ့အတူ လူ့အခွင့်အရေး လှုပ်ရှားမှုကြောင့် ထောင်ချခံထားရတဲ့ မစုစုနွေး၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းချက်တွေကြောင့် အကျဉ်းချခံထားရတဲ့ မနီလာသိန်း၊ မမီးမီးတို့အပြင် ယုံကြည်ချက်ကြောင့် အကျဉ်းချခံထားရသူ အမျိုးသမီးပေါင်း ၅၀ ကျော် ထောင်ထဲမှာ ရှိနေပါတယ်။

ဒါ့အပြင် နောက်ပိုင်းကနေ နိုင်ငံရေးကို ပံ့ပိုးနေကြတဲ့ အမျိုးသမီးထုတွေလည်း ရှိသလို နိုင်ငံရေးမှုနဲ့ အကျဉ်းကျနေတဲ့ ခင်ပွန်းသည်တွေ အပေါ်မှာ အားပေးမှုနဲ့အတူ ဘဝကို ရုန်းကန် ကြိုးစားနေတဲ့ အမျိုးသမီးထုရဲ့ ရပ်တည်ချက်ဟာလည်း ဒီကနေ့မှာ ကျေနပ်အားရစရာ ဖြစ်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာ ဒေါ်မေဝင်းမြင့်က ပြောပါတယ်။

“ပေါ်ပေါ်ထင်ထင် လုပ်တဲ့သူတွေ ရှိသလို အနောက်ကနေ အားပေးတဲ့သူတွေလည်း ရှိတာပေါ့။ သူတို့ ယုံကြည်ချက်ကြောင့် နိုင်ငံရေးလုပ်ပြီးတော့ အကျဉ်းထောင် အသီးသီးမှာ ကျနေတဲ့ အမျိုးသမီးတွေကတော့ အကျဉ်းသားပေါင်း ၂,၁၀၀ ကျော်မှာ ကျမတို့ အမျိုးသမီးတွေက အကျဉ်းထောင် အသီးသီးမှာ ၅၀ ကျော် ရှိပါတယ်။ အားရစရာ ရှိလားဆိုတော့ ကျမတို့ တိုင်းပြည်ကတော့ အခုချိန်အထိ စနစ်ပြောင်းဖို့က လိုအပ်နေသေးတယ်။ ကြာလာတဲ့အခါ တဖြည်းဖြည်းနဲ့ လူတွေက စားဝတ်နေရေးကြောင့်ပေါ့ အဓိကတော့၊ စိတ်ရှိပေမဲ့လည်း မပါဝင်နိုင်တဲ့ အမျိုးသမီးတွေ အများကြီး ရှိပါတယ်။

“ဒါပေမဲ့ ကိုယ်တိုင် မပါဝင်သော်လည်းပဲ အနောက်ကနေ အားပေးနေကြတဲ့ ညီမတွေရှိတယ်၊ အမေတွေလိုဟာမျိုး ရှိတယ်၊ အဒေါ်တွေလိုမျိုး ရှိတယ်။ အလွှာအသီးသီးက လူတွေက အကုန်လုံး ပါဝင်နေကြတာကို တွေ့ရတဲ့အတွက် ကျမတော့ အားရ ကျေနပ်ပါတယ်။”

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသမီးရေးရာ တာဝန်ခံ ဒေါက်တာ ဒေါ်မေဝင်းမြင့် သုံးသပ်ခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG