သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အမျိုးသမီး ဖွံ့ဖြိုး တိုးတက်ရေး နိုင်ငံတော် အဆင့် ဆွေးနွေး


အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပစဉ်။
အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာ စီမံကိန်း ဆွေးနွေးပွဲ နေပြည်တော်တွင်ကျင်းပစဉ်။
အစိုးရရဲ့အမျိုးသမီးရေးကော်မတီကနေ ပွင့်လင်းမြင်သာမှုရှိရှိ၊ ထိထိရောက်ရောက်နဲ့ ကဏ္ဍပေါင်းစုံမှာ ရှိနေတဲ့ အမျိုးသမီး အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောင်ရွက်မှသာ မြန်မာအမျိူးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေး (၁၀)နှစ်။ စီမံကိန်းအောင်မြင်မှာဖြစ်တယ်လို့ အမျိုးသမီးပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောလိုက်ပါတယ်။ နေပြည်တော်မှာ ကြာသာပတေးနေ့က အမျိူးသမီးများ ဖွံဖြိုးတိုးတက်ရေး ဆိုင်ရာနိုင်ငံတော် အဆင့် မဟာဗျူဟာ စီမံကိန်းဆွေးနွေးပွဲ ကျင်းပရာမှာ အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပက အမျိုးသမီးရေး ကွန်ယက်အဖွဲ့တွေ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေနဲ့ အစိုးရ အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။ မအင်ကြင်းနိုင်က အကြောင်းစုံကိုပြောပြမှာပါ။

ဒီဆွေးနွေးပွဲရဲ့ ထူးခြားချက်က ဦးဆောင်စီစဉ်တဲ့ အစိုးရရဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီကနေ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ကဏ္ဍအသီးသီးမှာရှိနေတဲ့ အမျိုးသမီးရေး လှုပ်ရှားတက်ကြွသူတွေကို ဖိတ်ကြားခဲ့တာပါ။ အရင်ကဆိုရင် အခုလို နိုင်ငံတော် စီမံကိန်းတွေမှာ နိုင်ငံရေးနယ်ပယ်မှာ လှုပ်ရှားနေတဲ့ အမျိုးသမီးတွေကို ပါဝင်ဖို့ ဖိတ်ခေါ်တာမျိုး မရှိခဲ့ပါဘူး။

ကြာသာပတေးနေ့က ဆွေးနွေးပွဲကိုတော့ သမ္မတဦးသိန်းစိန်ရဲ့ ညွန်ကြားချက်နဲ့ မြန်မာအမျိူးသမီးတွေဖွံ့ဖြိုးရေး (၁၀)နှစ်စီမံကိန်းမှာ အားလုံးပူးပေါင်းပါဝင်နိုင်ဖို့အတွက် ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့
ပြည်ထောင်စုဝန်ကြီး ဒေါ်မြတ်မြတ်အုန်းခင်ကပြောသွားပါတယ်။ ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ အမျိုးသမီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း ကတော့ အခုလို ပူးပေါင်းဆောင်ရွက်လာတာကို ကြိုဆိုကြောင်းနဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအနေနဲ့ အမျိုးသမီးရေးတွေကို ထိထိရောက်ရောက်ဆောင်ရွက်ပေးဖို့
လိုတယ်လို့ ပြောပါတယ်။

" အမျိုးသမီးတွေနဲ့ပတ်သက်တဲ့ Violence ဖြစ်မှုတွေ၊ အမျိုးသမီးတွေနဲ့ ပတ်သက်တဲ့ မေးခွန်းတွေဆိုလို့ရှိရင် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီ အနေနဲ့ ကျမတို့ကို ပတ်သက်ဆောင်ရွက်ပြီးတော့ Supporting လုပ်ခြင်း ဘာမှ မရှိဘူး။ အပြင်က အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ကျမတို့ အားလုံး ပူးပေါင်းဆောင်ရွက်ပြီးတော့ လွှတ်တော်မှာ မေးခွန်းတွေမေးတာ၊ အမျိုးသမီးကဏ္ဍ တင်ပြတာ ရှိတယ်။"

မေး။ ။ အဲ့တာ ဘယ်နေရာက အားနည်းနေတယ်လို့ထင်လဲရှင့်။ မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးကော်မတီ၊ အစိုးရ က အမျိုးသမီးဝန်ကြီးနဲ့လည်း ကိုယ်တိုင်ဆွေးနွေးလိုက်ရတော့ ဘာအားနည်းချက်သွားတွေ့လဲရှင့်။

" တကယ်လို့ပေါ့နော်။ စိတ်ရင်းမှန်တွေနဲ့ ပွင့်လင်းမြင်သာမှုရှိမယ်ဆိုရင် ကျမတို့ ဘာလို့ မပူးပေါင်းမဆောင်ရွက်ပဲ နေမလဲ။ အစိုးရဝန်ထမ်းတွေ ပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေပဲဖြစ်ဖြစ် ဝင်ရောက်ဆောင်ရွက်ခွင့် ရှိတယ်ဆိုပြီးတော့ အခုအသင်းအဖွဲ့ဆိုင်ရာ စည်းမျဉ်း ဥပဒေမှာ တင်ထားလိုက်ပါတယ်။ သူတို့လည်း သူတို့တခုခုဖြစ်တယ်ဆိုရင် ကျမတို့နိုင်ငံရေးသမားတွေ သူတို့တွေနဲ့အခုဆိုရင် ပူးပေါင်းဆောင်ရွက်ခွင့်ရှိပြီလို့ ဥပဒေမှာလည်း ပြင်လိုက်ပြီဖြစ်တဲ့အတွက် လွတ်လွတ်လပ်လပ် Transparency ရှိစွာနဲ့ ပူးပေါင်းဆောင်ရွက်ခွင့်ရပြီလို့ ကျမထင်တယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှာပဲ သူတို့ရဲ့ ဆယ်နှစ်စီမံကိန်းဆိုတာ အောင်မြင်မှာ။"

အလားတူပဲ နိုင်ငံတကာ အမျိုးသမီးသတ္တိဆုရှင် မဇင်မာအောင်ကလည်း အစိုးရနဲ့အရပ်ဖက်အဖွဲ့အစည်းတွေပူးပေါင်းပြီး မြန်မာအမျိုးသမီးတွေ ဖွံဖြိုးတိုးတက်ရေးအတွက် မူဝါဒတွေချမှတ်ဆောင်ရွက်မယ်ဆိုရင် လုပ်ငန်းတွေပိုပြီးအောင်မြင်မှာဖြစ်တယ်လို့ဆိုပါတယ်။

"အခုအစိုးရအဖွဲ့အစည်းတွေနဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ၊ မူဝါဒတွေချမှတ်တဲ့ အခါမှာ ပိုမိုပြီးတော့ ချိတ်ဆက် လုပ်ဆောင် လာနိုင်တဲ့ ကောင်းမွန်တဲ့ခြေလှမ်းအစ လို့မြင်တယ်။ အထူးသဖြင့် ဒါဟာ Gender Equality Network နဲ့ ထူးခြားတာက လူမူဝန်ထမ်းနဲ့ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဝန်ကြီး ဒေါ်မြတ်မြတ် အုန်းခင်ကို လည်း အသိအမှတ်ပြုရလိမ့်မယ်။ အမျိုးသမီးတစ်ယောက် Decision Making အဆင့်မှာ ပါလာတာ။ ဒါဟာ ကျမတို့ ဒီလိုမျိုးတွေဖြစ်နိုင်ဖို့ဟာ ပိုပြီးတော့ အားကောင်းသွားစေတယ်လို့ ယူဆတယ်လေ။"

ဒီအစည်းအဝေးမှာ ၁၉၉၅ခုနှစ် ဘေဂျင်းအမျိုးသမီးညီလာခံက ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေ၊ CEDAW လို့ခေါ်တဲ့ အမျိုးသမီးများအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက်ရေး ကုလသမဂ္ဂက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေနဲ့ ကိုက်ညီအောင် ရေးဆွဲဖို့၊ တိုင်းပြည်ရဲ့ ကဏ္ဍပေါင်းစုံမှာ ရှိနေတဲ့ အမျိုးသမီးတွေရဲ့ ဘဝမြှင့်တင်ပေးဖို့ စတာတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ဒါ့အပြင် (၁၀)နှစ်စီမံကိန်းမှာ အဓိကအကောင်အထည်ဖေါ်မယ့် လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့လည်း ရှင်းလင်းတင်ပြခဲ့တယ်လို့ ဆွေးနွေးပွဲကို ဦးဆောင်စီစဉ်ခဲ့တဲ့ ကျားမတန်းတူညီမျှရေးကွန်ယက် အကြီးတန်းညှိုနှိုင်းရေးမှုး မမေစပယ်ဖြူက ပြောပါတယ်။

"စီမံကိန်းထဲမှာ အဓိကလုပ်ငန်းစဉ် ၁၂ရပ်ပါပါတယ်။ အဲ့တော့ အဓိက လုပ်ငန်းနယ်ပယ်၁၂ရပ်ကို သက်ဆိုင်ရာဝန်ကြီးဌာနတွေ၊ပြည်တွင်းပြည်ပက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ၊ ပြည်တွင်းက အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့ အလှူရှင်အဖွဲ့အစည်းတွေ ၊ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေက ဘယ်ဧရိယာတွေမှာ ဘယ်လို ပူးပေါင်းဆောင်ရွက်လို့ရတယ် ဆိုတာကို ကျမတို့ဝိုင်းဝန်းပြီး ဆွေးနွေးပါတယ်။"

ဒီစီမံကိန်းအကောင်အထည်ဖေါ်ဖို့ ဘတ်ဂျက်ငွေ အတည်အကျ မချမှတ်ရသေးပေမယ့် အစိုးရဘက်က သင်တင့်တဲ့ ဘတ်ဂျက်ငွေ လျာထားသတ်မှတ်ပေးဖို့လိုတယ်လို့ မမေစပယ်ဖြူကပြောသွားပါတယ်
XS
SM
MD
LG