သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဆန္ဒပြမှုကြောင့် မြန်မာအလုပ်သမားတချို့ အလုပ်ပြုတ်


ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများ။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမားများ။
ထိုင်းနိုင်ငံတွင်း နိုင်ငံရေးအကြပ်အတည်းဖြစ်ပြီး အစိုးရအဖွဲ့လုပ်ငန်းတွေ ရပ်ဆိုင်းနေတာကြောင့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ အနေနဲ့ နေထိုင်ခွင့်နဲ့အလုပ်ကိုင်ခွင့် ဗီဇာသက်တမ်းတိုးရေးမှာ အခက်အခဲတွေ ကြုံနေရ ပါတယ်။ ဗီဇာသက်တမ်းကုန်တာကြောင့် ထိုင်းအလုပ်ရှင်တွေဘက်က အလုပ်ဆက်ခန့်ဖို့ တွန့်ဆုတ်ပြီး အချို့ အလုပ်ပြုတ်တာတွေအထိပါ ဖြစ်လာပါ တယ်။ ရန်ကုန်ရုံးခွဲကနေ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း တင်ပြပေးထားပါတယ်။
ဘန်ကောက်တရားရုံးချုပ် ဝန်ထမ်းတွေကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ထွက်ခွာသွားဖို့ ပြောတဲ့အတွက် ထွက်ခွာသွားရစဉ်။
ဘန်ကောက်တရားရုံးချုပ် ဝန်ထမ်းတွေကို အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ထွက်ခွာသွားဖို့ ပြောတဲ့အတွက် ထွက်ခွာသွားရစဉ်။


ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေ တရားဝင် ကိုင်ဆောင်ထားတဲ့ စာအုပ်နှစ်မျိုးရှိပါတယ်။ တခုက မြန်မာနိုင်ငံကနေ နိုင်ငံကူးလက်မှတ်နဲ့ ထိုင်းမှာ လာရောက်အလုပ်လုပ်ကိုင်သူတွေဖြစ်ပြီး နောက်တမျိုးကတော့ ထိုင်းနိုင်ငံထဲမှာ တရားမဝင် ရှိနေသူတွေကို ထိုင်းနဲ့မြန်မာသဘောတူညီချက်အရ ယာယီနိုင်ငံကူးလက်မှတ်တွေထုတ်ပေးခဲ့ပြီး တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရထားသူတွေ ဖြစ်ပါတယ်။ သူတို့ကိုတော့ ၂၀၀၉ ခုနှစ်မှာ စပြီး ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးခဲ့တာဖြစ်ပြီး လေးနှစ်သက်တမ်းပဲ ရှိတာမို့ အခု ၂၀၁၄မှာ သက်တမ်းပြည့်ကုန်တာပါ။ အဲဒီအချိန်တွေမှာ ယာယီနိုင်ငံကူးလက်မှတ်တွေ ထုတ်ပေးခဲ့တာ စုစုပေါင်းသောင်းနဲ့ ချီရှိတာကြောင့် အခု သက်တမ်းပြည့်လို့ ဒုက္ခတွေ့နေရတဲ့ မြန်မာတွေဟာ သောင်းဂဏန်းလောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ထိုင်းနိုင်ငံ အထူးသဖြင့် ဘန်ကောက်တဝိုက်မှာ အစိုးရလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းသလိုဖြစ်နေတာကြောင့် နေထိုင်ခွင့်နဲ့ အလုပ် လုပ်ကိုင်ခွင့်ရထားတဲ့ အဲဒီ နိုင်ငံကူးလက်မှတ်ကို သက်တမ်းတိုးဖို့ အခက်တွေ့နေကြပါတယ်။ ယာယီနိုင်ငံကူးလက်မှတ် သက်တမ်းပြည့်လို့ အလုပ်ရှင်တွေဖက်က အလုပ်ဆက်ခန့်ဖို့ တွန့်ဆုတ်လာသလို ဒေသခံ ရဲအာဏာပိုင်အချို့ကလည်း ဒီအခြေအနေအပေါ်မှာ အခွင့်ကောင်း ယူပြီး အလုပ်သမားတွေကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။ ဘန်ကောက်အနီးမှာ အလုပ်လုပ်ကိုင်နေတဲ့ ဦးတိုးကတော့ ထိုင်းနိုင်ငံရေးအခြေအနေကြောင့် မြန်မာအလုပ်သမားတွေအပေါ် အကြီးအကျယ်သက်ရောက်နေတဲ့ ဂယက်လို့ပြောရင် အခု ဒီဗီဇာသက်တမ်းတိုးရေးဖြစ်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“အခု ဗီဇာတိုးပေးတဲ့အချိန်ရောက်နေပြီ။ သို့သော် ထိုင်းနိုင်ငံရေး အခြေအနေကြောင့်မို့လို့ အခု ပတ်စ်ပို့နဲ့ပတ်သက်တဲ့ ရုံးလုပ်ငန်းတွေကို သူတို့ဘက်က ဘာမှ မစဉ်းစားသေးဘူး။ ပြဿနာတွေ အခု အကြီးမားဆုံး ဖြစ်နေတယ်ခင်ဗျ။”

မေး။ ။ အခု မြန်မာနိုင်ငံဘက်ကနေပြီးတော့ သံရုံကလည်း ဒီ မြန်မာ အလုပ်သမားတွေကိစ္စကို ညှိနှိုင်းဆောင်ရွက်ပေးတဲ့ သံအရာရှိတွေ ထားထားတော့ သူတို့ကိုရော မပြောပြဘူးလား။

“ပြောပြတယ်၊ ပြောပြတယ်၊ ပြောပြတယ်။ ပတ်စ်ပို့လုပ်ငန်းဆိုတာက ဗမာဘက်ကချည့် လုပ်ပေးလို့ ရတာမဟုတ်ဘူးလေ။ ဗီဇာပေးရမှာက ထိုင်းဘက်က ပေးရမှာဆိုတော့ ထိုင်းဘက်က မလှုပ်ရှားရင် ဗမာဘက်ကလည်း ဘာမှ လုပ်ပေးလို့မရသေးဘူးခင်ဗျ။ တချို့အလုပ်သမားတွေ ဆိုလို့ရှိရင် ဗီဇာကုန်သွားတဲ့အတွက်ကြောင့် အလုပ်ရှင်တွေက လုပ်ငန်းတွေက ရပ်ခိုင်းထားခံရတဲ့အလုပ်သမားတွေ တော်တော်များနေပြီ။ အဲဒီတော့ ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ အလုပ်သမားတွေက ဗီဇာရှိမှသာ အလုပ်လုပ်ပိုင်ခွင့်ရှိတာလေ။ အဲဒီဥပဒေနဲ့ငြိနေတဲ့အတွက် ကျနော်တို့ အလုပ်သမားတွေ အလုပ်ပြုတ်နေတဲ့၊ အလုပ်လက်မဲ့ဖြစ်နေတဲ့ အလုပ်သမားတွေ တော်တော်များတယ်ခင်ဗျ။ ဒါက ဒုတိယ ပြဿနာ။”

မေး။ ။ မြန်မာသံရုံးဘက်ကရော အဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့ မညှိနှိုင်းပေးဘူးလား။

“ညှိနှိုင်းပေးတယ်၊ ညှိနှိုင်းပေးတယ်။ ဒါပေမယ့် တိကျတဲ့အဖြေ မရသေးဘူး။ လုပ်ငန်းရှင်တွေကို၊ အစိုးရဘက်ကို ဆိုင်းငံ့ဥပဒေအနေနဲ့တော့ ခွင့်ပေးထားဖို့ သူက တောင်းဆိုထားပေးတယ်လေ။ ဒါပေမယ့် ထိုင်းဘက်ကလည်း တရားဝင် ကြေညာတာမျိုး မရှိသေးဘူး။ အဲဒီအချိန်မှာ နယ်မြေခံ အာဏာပိုင်တွေပေါ့- ရဲတွေက စစ်ဆေးတာ၊ မေးမြန်းတာတွေ လုပ်နေကုန်ပြီ။”

မေး။ ။ လုပ်နေပြီဆိုတော့ အဖမ်းဆီးခံရတာတွေရော ရှိပါလား။

“အဲလိုတော့ အတိအကျ အဖမ်းဆီးခံရတာတော့ မရှိသေးဘူး၊ ကျနော်မြင်တာတော့ အောက်လမ်းနည်းနဲ့ ဖြေရှင်းနေတာတော့ တွေ့ ကြားနေရတယ်။ နေရ ထိုင်ရတာ နည်းနည်း အခက်အခဲ ရှိတာပေါ့ဗျာ။ တချို့လုပ်ငန်းရှင်တွေက ဗီဇာကုန်တဲ့အတွက်ကြောင့် လုပ်ငန်းရပ်ခိုင်းတဲ့အတွက်ကြောင့် နံပါတ် (၁)၊ စား ဝတ် နေရေး ပြဿနာဖြစ်ပြီ။”

မြန်မာသံရုံးဘက်ကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သက်ဆိုင်ရာ အလုပ်ရှင်တွေနဲ့ မြန်မာအလုပ်သမားတွေအကြား ညှိနှိုင်းပေးဖို့ ကြိုးစားမှုတွေ ရှိတယ်လို့တော့ သိရပါတယ်။ တဖက်မှာလည်း ထိုင်းနိုင်ငံတွင်း နိုင်ငံရေး အကြပ်အတည်းကနေ အကြမ်းဖက်မှုတွေဖြစ်လာရင် အန္တရာယ်မဖြစ်အောင် မြန်မာသံရုံးက ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကို သတိပေးထားပြီး ဖြစ်ပါတယ် ဒါပေမယ့်လည်း လက်ရှိ အခြေအနေအထိတော့ လုံခြုံရေးအရဆိုရင် ကြီးကြီးမားမား စိုးရိမ်စရာတော့ မတွေ့ရသေးဘူးလို့ ဘန်ကောက် မြန်မာသံရုံးက အလုပ်သမား ရေးရာ သံအရာရှိ ဦးကျော်ကျော်လင်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီအရေးအခင်းတွေမှာ မပါနဲ့လို့၊ သွားမကြည့်နဲ့လို့ ကျနော်တို့ သံရုံးကနေ ကြေညာချက် နှစ်ခါတောင် ထုတ်ထားပြီးပြီလေ။”

မေး။ ။ လတ်တလော ဒီကိစ္စတွေနဲ့ပတ်သက်လို့ သံရုံးအနေနဲ့ ဘာများ ထပ်ဆောင်ရွက်ပေးထားတာ ရှိပါသလဲခင်ဗျ။ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ပတ်သက်လို့။

“ကျနော်တို့ အခြေအနေကို အမြဲ စောင့်ကြည့်နေပါတယ်။ စောင့်ကြည့်နေပြီးတော့ အဓိက ကတော့ မပါဘို့ လိုတာပေါ့။ မပါရင်တော့ ဘာမှ အန္တရာယ်မရှိပါဘူး။ ဒါက သူတို့နိုင်ငံရေးကိစ္စပဲ။ ကျနော်တို့က စီးပွားရေးအတွက် လာတဲ့လူတွေပဲဟာ၊”

မေး။ ။ စိုးရိမ်ရတဲ့အနေအထား ရှိတယ်လို့ရော ပြောနိုင်ပါလားခင်ဗျ။

“မစိုးရိမ်ရပါဘူး။ သူတို့ဟာသူတို့ နိုင်ငံရေးအရ စိုးရိမ်ရရင်တော့ ကျနော်မသိဘူးလေ။ ကျနော်တို့က ဒီဘက်က စီးပွားရေးအရပဲ ကြည့်တာလေ။”

ထိုင်းနိုင်ငံတွင်းမှာတော့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းရတဲ့အထိဖြစ်နေတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုကို ကိုင်တွယ်ဖို့ ဘန်ကောက်မြို့နဲ့ အနီးတဝိုက်မှာ အရေးပေါ်အခြေအနေကြေညာထားပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ စီးပွားရေးလုပ်ငန်းအတော်များများကတော့ ပုံမှန်လို လည်ပတ်ဆဲရှိပါတယ်။ ဒါကြောင့်လည်း မြန်မာအလုပ်သမားတွေအနေနဲ့ ဗီဇာပြဿနာကြောင့် အလုပ်ထိခိုက်ရတာပဲရှိပြီး စီးပွားရေးလုပ်ငန်းတွေ ရပ်ပြီး သူတို့အလုပ် ထိခိုက်တာမျိုးတော့ မရှိသေးပါဘူ။ ဒါပေမယ့်လည်း မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေကြောင့် အကြမ်းဖက်မှုတွေ ပိုဆိုးလာမလားဆိုပြီး ထိုင်းနိုင်ငံသားတွေ စိုးရိမ်ကြောင့်ကျမှုနည်းတူ၊ ထိုင်းနိုင်ငံတွင်းက မြန်မာအလုပ်သမားတွေမှလည်း စိုးရိမ်မှုတွေရှိတာတော့ တွေ့ရပါတယ်။
ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှုအပြီး ကျောင်းတခုအတွင်းဝင်ရောက်ဖို့ ကြိုးားကြတဲ့ ဆန္ဒပြသူတွေ မဝင်နိုင်အောင် ရဲတွေက ကျောင်းတံခါးကို ပိတ်ထားစဉ်။
ဗုဒ္ဓဟူးနေ့ ပစ်ခတ်မှုအပြီး ကျောင်းတခုအတွင်းဝင်ရောက်ဖို့ ကြိုးားကြတဲ့ ဆန္ဒပြသူတွေ မဝင်နိုင်အောင် ရဲတွေက ကျောင်းတံခါးကို ပိတ်ထားစဉ်။
XS
SM
MD
LG