ထိုင်းနိုင်ငံမြောက်ပိုင်း လာအိုနယ်စပ် ခွန်ကယ်မြို့ ဒေချားဖန်းနစ် ပိုက်ကွန်စက်ရုံမှာ အလုပ်သမား ရပိုင်ခွင့်တွေ တောင်းဆိုနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမား ၆၀၀ ခန့်ကို အလုပ်ကထွက်ဖို့ အလုပ်ရှင်က ဖိအားပေးခံရပြီး ဒီနေ့မှာတော့ အမည်မသိ သေနတ်သမားတွေက လာရောက်ပစ်ခတ် ခြိမ်းခြောက်ခဲ့ပါတယ်။ ဒါကို အလုပ်သမားတွေက ၀ိုင်းဝန်းဖမ်းဆီးရာမှာ သေနတ်သမားတွေရဲ့ ဆိုင်ကယ်တစီးကို ရမိလိုက်ပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
ထိုင်း ငါးဖမ်းပိုက်ကွန်စက်ရုံက အလုပ်သမား ၅၆၉ ယောက်ကို ထိုင်းအလုပ်ရှင်က ဒီလ ၆ ရက်နေ့က လစာမပေးဘဲ အလုပ်က ထုတ်လိုက်တဲ့အတွက် အလုပ်သမားတွေက လုပ်ခလစာ ရရှိရေး ဆက်တောင်းဆိုနေတာပါ။ ဒီအလုပ်သမားတွေကို အမည်မသိ သေနတ်သမားတွေက ခြိမ်းခြောက် ပစ်ခတ်ခဲ့ရပါတယ်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ တာဝန်ခံ ဦးကျော်သောင်းက အဖြစ်အပျက်ကို အခုလို ပြောပြပါတယ်။
“အလုပ်သမားတွေနဲ့ မနီးမဝေး အဲဒီခြံဝင်းထဲမှာ မော်တော်ဆိုင်ကယ် ၂ စီးနဲ့လာပြီး သေနတ်သမားတွေက သေနတ်နဲ့ ပစ်တယ်။ အလုပ်သမားတွေက မကြောက်ဘဲ ၀ိုင်းပြီးလိုက်တော့ တစီးက မော်တော်ဆိုင်ကယ်နဲ့ ထွက်ပြေးသွားတယ်။ ၂ ယောက်ကတော့ ဆိုင်ကယ်ကိုထားပြီး ထွက်ပြေးတယ်။ ခြံစည်းရိုးနဲ့ ကပ်နေတဲ့နေရာက ထိုင်းရွာရှိတယ်ဆိုတော့ အလုပ်သမားတွေက ၀ိုင်းမလိုက်တော့ဘဲ အနီရောင် မော်တော်ဆိုင်ကယ်တစီးကို အလုပ်သမားတွေ ယူလာတယ်။”
အလုပ်သမားတွေက ဒီဆိုင်ကယ်ကို သက်သေခံအဖြစ် ယူဆောင်ထားပေမဲ့ ဒါကို ထိုင်းရဲ ၂၀ လောက်က လာရောက် ယူဆောင်သွားပါတယ်။
“နေ့လယ်ဘက် ၂ နာရီဝန်းကျင်လောက်မှာ အရပ်ဝတ်နဲ့ ပုလိပ် ၄ ယောက်လာတယ်။ အဲဒီ မော်တော်ဆိုင်ကယ်ကို တောင်းတယ်။ တောင်းတော့ ယူနီဖောင်း မပါတဲ့အတွက် မပေးဘူး။ ၁၉ နှစ်အရွယ်လောက် ကလေးတယောက် လာတယ်။ ကျနော်တို့ဆိုင်ကယ် ပေးပါဆိုတော့ အလုပ်သမားတွေက မပေးဘူး။ ပြီးခဲ့တဲ့ ၆ နာရီက အချုပ်ကားလို ကားအကြီးကြီး တစီးနဲ့ ပုလိပ်အရေအတွက် ၂၀ ပါတယ်။ လာပြီးတော့ ယူတယ်။”
သက်သေခံ ဆိုင်ကယ်ကို လာရောက် ယူဆောင်သွားပေမဲ့ ရဲတွေဘက်က ပစ်ခတ်မှုနဲ့ ပတ်သက်ပြီး ဘာမှ ဆောင်ရွက်မပေးခဲ့ပါဘူး။
“မြန်မာအုပ်ချုပ်ရေး အဖွဲ့ဆိုတာ ရှိတယ်။ အတွင်းရေးမှူး ကိုနိုင်ဦးက သက်သေခံပြီးတော့ ပုလိပ်တွေ ယူသွားတယ်။ မော်တော်ဆိုင်ကယ်၊ ဒါ ဒီနေ့ ထူးခြားမှုပေါ့။ ညနေဘက်ကတော့ ခင်ဗျားတို့ ယူသွားတယ်ဆိုတာ လက်မှတ်ထိုးပေးပါလို့ အလုပ်သမားတွေဘက်က တောင်းဆိုပေမဲ့ ရဲတွေဘက်က ဘာမှ လုပ်မပေးသွားဘူး။ ကျနော်တို့ဘက်က ရလိုက်တာတခုက လုပ်ငန်းရှင်ကိုယ်တိုင် ခန့်ထားတဲ့ မြန်မာအုပ်ချုပ်ရေး အဖွဲ့က အတွင်းရေးမှူးရှေ့မှာ သက်သေထားပြီး ယူသွားတာတခုပဲ ရှိတယ်။”
ဒီအလုပ်သမား ၅၆၉ ယောက်ကို ထိုင်းအလုပ်ရှင်က လုပ်ခလစာ မပေးဘဲ ဒီလ ၆ ရက်နေ့က အလုပ်ထုတ်လိုက်တာ ဖြစ်ပါတယ်။ ဒါကို အလုပ်သမားတွေက လုပ်ခလစာ အပါအ၀င် အလုပ်သမား အခွင့်အရေးရဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။