သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တဲ့ အနေအထား စုံစမ်းဖို့ ယန်ဟီလီ တိုက်တွန်း


မြန်မာနိုင်ငံတွင်း ရခိုင်မြောက်ပိုင်းအခြေအနေဟာ Genocide မျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ရာရောက်တဲ့အနေအထားအထိ မြင်လာရတာကြောင့် ဒါကို စုံစမ်းအရေးယူကိုင်တွယ်သွားဖို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ်က ကုလသမဂ္ဂကို တိုက်တွန်းသွားပါတယ်။ လွတ်လပ်တဲ့တရားစီရင်ရေးတရပ်ဖြစ်လာဖို့ ကုလသမဂ္ဂ စုံစမ်းရေးအဖွဲ့တဖွဲ့ကို ဘင်္ဂလားဒေ့ရ်ှမှာထားပြီး အချက်အလက်တွေ စုဆောင်း စီစစ် သုံးသပ်ဖိုကကိုလည်း အကြံပြုတိုက်တွန်းသွားပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ကိုသားညွန့်ဦးက ပြောပြမှာပါ။

ရခိုင်မြောက်ပိုင်းဒေသထဲမှာ ကျန်နေသေးတဲ့မွတ်ဆလင်အသိုင်းအဝိုင်းကိုပါ စားဝတ်နေရေးကြပ်တည်းပြီးနေထိုင်လို့မရအောင်ဆောင်ရွက်နေပြီး၊ ဒါဟာ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်လို့မဖြစ်နိုင်အောင်လို့ မူဝါဒချ ပြင်ဆင်ဆောင်ရွက်မှုဖြစ်တယ်ဆိုပြီး Ms.Yahee Lee က စွပ်စွဲသွားခဲ့ပါတယ်။

၂၀၁၆ နဲ့ ၂၀၁၇ မှာ ဖြစ်ခဲ့တဲ့ ရခိုင်မြောက်ပိုင်းဖြစ်ရပ်တွေဟာ Genocide မျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့အနေအထားအထိ မြင်တွေ့လာရတာကြောင့် ဒါကို အပြင်းထန်ဆုံးကိုင်တွယ်အရေးယူဖို့ကိုလည်း ဒီကနေ့လုပ်တဲ့ လူ့အခွင့်အရေးကောင်စီအစည်းအဝေးမှာ ကုလ ကိုယ်စားလှယ်က တိုက်တွန်းသွားပါတယ်။ ဒီလို လူမျိုးနွယ်စု ဘာသာတရားအုပ်စုတစုကို ပစ်မှတ်ထားပြီး အကြမ်းဖက်ဆောင်ရွက်နေတာကို အစိုးရခေါင်းဆောင်ပိုင်းကလည်း ဘာမှ ဟန့်တားတာမျိုး မရှိခဲ့ဘူးလို့လည်း Ms. Yanhee Lee က ပြောသွားပါတယ်။

ဒါကြောင့်လည်း ဒီအဖြစ်အပျက်မှာ တာဝန်ရှိတဲ့သူတွေကို အရေးယူအပြစ်ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂအချက်အလက်စုဆောင်းအဖွဲ့တခုကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံမှာ အခြေပြုပြီး ဖွဲ့စည်းသွားဖို့ လူ့အခွင့်အရေးကိုယ်စားလှယ်က ကုလ လူ့အခွင့်အရေးကောင်စီကို အကြံပြုသွားပါတယ်။

“ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်တဲ့ အချက်အလက် အထောက်အထားတွေ မြေပုံတွေကို စုဆောင်း စီစစ် စုံစမ်း သုံးသပ်နိုင်ဖို့ ကုလသမဂ္ဂလုပ်ငန်းအဖွဲ့တခုကို ဘင်္ဂလားဒေ့ရ်ှနိုင်ငံ ကော့ဆက်ဘဆားမှာ အခြေချပြီး ကုလသမဂ္ဂရဲ့ကြီးကြပ်မှုအောက် အဖွဲ့လုပ်ငန်းတခု ထားဖို့ အကြံပြုချင်ပါတယ်။ နိုင်ငံတကာပြစ်မှုဆိုင်ရာဥပဒေတွေနဲ့အညီ ပြည်တွင်းတရားစီရေးဖြစ်ဖြစ် နိုင်ငံတကာခုံရုံးမှာဖြစ်ဖြစ် ဒီကိစ္စကို လွတ်လပ်တဲ့ တရားစီရင်ရေးလုပ်နိုင်ဖို့အတွက် ဒီအဖွဲ့အနေနဲ့ အချက်အလက်တွေ ပံ့ပိုးအထောက်အကူပေးရပါမယ်။ ၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုတွေမှာ ARSA အဖွဲ့နဲ့ ရခိုင်ဗုဒဘာသာဝင်တွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့၊ ဖြစ်ပြီးတဲ့နောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့တွေရဲ့အကြမ်းဖက်ကိုင်တွယ်မှုတွေအားလုံးကို စုံစမ်းစစ်ဆေးရပါမယ်။”

ရခိုင်မြောက်ပိုင်းအခြေအနေတင်မကပဲ မြန်မာနိုင်ငံအရှေ့ဖက်နဲ့ မြောက်ပိုင်း တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်က စစ်အင်အားသုံးပြီး တိုင်းရင်းသားလက်နက်ကိုင်တွေကို ဖိအားပေးလာတာမျိုး ရှိလာတယ်လို့လည်း Ms.Yanhee Lee က ပြောသွားပါတယ်။ အထူးသဖြင့်တော ကချင်နဲ့ ရှမ်းပြည်ဖက်မှာ မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ရှိလာတဲ့အခြေအနေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်မှုရှိလာတွေကို ထောက်ပြခဲ့ပါတယ်။ တဖက်မှာတော့ မြန်မာနိုင်ငံတွင်းမှာ အရပ်ဖက်အဖွဲ့တွေ သတင်းထောက်တွေ တတ်ကြွလှုပ်ရှားသူတွေအပေါ် ဖိနှိပ်မှုတွေတိုးလာပြီး၊ ဒီမိုကရေစီလွတ်လပ်မှုတွေဟာ ဘောင်ကျဉ်းလာတယ်လို့ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်က ဝေဖန်ခဲ့ပါတယ်။

“NLD အစိုးရဖြစ်လာပြီး နှစ်နှစ်အတွင်းမှာ အစိုးရအနေနဲ့ ဥပဒေပိုင်းနဲ့တရားစီရင်ရေးပြုပြင်ပြောင်းလဲမှုတွေကို ဘာမှ တိုးတက်လာအောင်မလုပ်နိုင်သေးပါဘူး။ ကိုလိုနီခေတ်တုန်းက ဖိနှိပ်ရေးဥပဒေတွေနဲ့ မကြာခင်ကပြဌန်းတဲ့ ဥပဒေတွေကို သုံးပြီး အတိုက်အခံတွေကို ပစ်မှတ်ထားကိုင်တွယ်လာပါတယ်။ ဒီမိုကရေစီလွတ်လပ်မှုတွေလည်း ကျဉ်းမြောင်းလာပါတယ်။”

ရခိုင်မြောက်ပိုင်းကိစ္စနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရ်ှမှာရှိတဲ့ ဒုက္ခသည်စခန်းကို ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေက သွားရောက်စစ်ဆေးကြည့်ရှုကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့်တော့ လာမယ့် အထွေထွေညီလာခံအတွက် သူ့အစီရင်ခံစာရေးသားဖို့ တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို တရားဝင်ခရီးသွားရောက်နိုင်ဖို့လည်း မျှော်လင့်ထားတယ်လို့ ပြောပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း သူ့ကို ပြည်ဝင်ခွင့်မပေးတာ ပြန်စဉ်းစားဖို့ တိုက်တွန်းခဲ့ပါတယ်။

မြန်မာအစိုးရကိုယ်စားလှယ် သံအမတ်ကြီး ဦးထင်လင်းကတော့ ရခိုင်မြောက်ပိုင်းအရေးနဲ့ပတ်သက်လို့ Ms.Yanghee Lee နဲ့ နိုင်ငံတကာရဲ့ စွပ်စွဲချက်တွေကို ပယ်ချပါတယ်။ စွပ်စွဲပြောဆိုကြသလို လူမျိုးနွယ်စုလိုက်ဖယ်ရှားတယ်ဆိုတဲ့ ပြစ်မှုမျိုးတွေကို မြန်မာအစိုးရအနေနဲ့ လက်ခံမှာမဟုတ်ပဲ၊ သက်သေအထောက်အထားအခိုင်အမာပြနိုင်ရင် အရေးယူဖြေရှင်းဖို့အသင့်ရှိတယ်လို့လည်း တုံ့ပြန်သွားပါတယ်။ ပြဿနာတွေ ဖြေရှင်းရေး ကုလသမဂ္ဂနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပေမယ့်၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် အစားထိုးခန့်အပ်ဖို့ တိုက်တွန်းပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG