သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာရေးရော ရှင်ရေးအတွက်ပါ လူမှုကူညီရေးအဖွဲ့တွေအခက်ကြုံ


Volunteers wearing personal protective suits prepare to bury a body of a person who died from the coronavirus disease (COVID-19), at a cemetery in Yangon, Myanmar, October 17, 2020. REUTERS/Shwe Paw Mya Tin
Volunteers wearing personal protective suits prepare to bury a body of a person who died from the coronavirus disease (COVID-19), at a cemetery in Yangon, Myanmar, October 17, 2020. REUTERS/Shwe Paw Mya Tin

Zawgyi/Unicode

ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေများလာနေတဲ့အတွက် နာရေးမီးသင်္ဂြိုဟ်တဲ့နေရာနဲ့ လူနာတွေအတွက် အောက်ဆီဂျင်ရရှိနိုင်ဖို့ အခက်အခဲတွေကို အကြီးအကျယ်ရင်ဆိုင်နေရတယ်လို့ နိုင်ငံတဝန်းက လူမှုကူညီရေးအသင်းအဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ကိုဗစ် ၁၉တတိယလှိုင်းအတွင်း ရောဂါကူးစက်မှုတွေနဲ့ သေဆုံးမှုတွေများလာနေတာနဲ့အမျှ လူမှုကူညီရေး ပရဟိတအဖွဲ့တွေ အတော်များများလည်း အရင်ကထက် အခက်အခဲတွေရှိလာနေပါတယ်။ ရန်ကုန်မှာဆိုရင် ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ရောဂါကူးစက်ခံရသူတွေအတွက် ဆေးရုံတက်ခွင့်ရဖို့၊ အောက်ဆီဂျင်ရဖို့ အခက်အခဲတွေ အကြီးအကျယ်ရှိနေသလို တဘက်မှာလည်း ဗိုင်းရပ်စ်ကူးစက်မှုတွေကြောင့် သေဆုံးသွားတဲ့သူတွေကို သဂြိုဟ်ဖို့ နာရေးအကူအညီပေးတဲ့နေရာမှာလည်း အခက်အခဲတွေ ဖြစ်လာနေတာပါ။ ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေက များလာနေတဲ့အတွက် သုဿန်တွေမှာလည်း သေဆုံးတဲ့ရုပ်အလောင်းတွေကို ပို့ဆောင်တဲ့ကားတွေ အရင်ကထက် ပိုများလာတာကြောင့် ပို့ဆောင်တဲ့နေရာမှာ ကြန့်ကြာမှုတွေရှိလာနေတယ်လို့ လှိုင်သာယာမြို့နယ်က မေတ္တာအလင်းရောင် ပရဟိတအသင်းရဲ့ ဥက္ကဋ္ဌ ကိုကျော်ဦးမောင်က ပြောပါတယ်။

“တခါတလေ ထိန်ပင် (သုဿန်) မှာ အချိန်နည်းနည်း ကြန့်ကြာပြီး တန်းစီပြီး စောင့်ရတာတွေရှိပါတယ်။ အဲဒါမျိုးဆိုရင် ကျနော်တို့ ဒီဘက်က အလောင်းသယ်တဲ့နေရာမှာ နည်းနည်းလေးကြန့်ကြတာတွေရှိပါတယ်ဗျ။ အဲဒီတော့ ကာယကံရှင်တွေကို ပြန်ပြောရပါတယ်။ ဒီနေ့ မသယ်နိုင်တဲ့အတွက် နောက်နေ့မှာ သယ်ပေးပါ့မယ်ဆိုပြီး ဒါမျိုးလေးတွေပေါ့။ အရင်တုန်းကဆိုရင် မနက်ပိုင်းတင် ၄၊ ၅၊ ၁၀ ခေါက်လောက် အကူအညီတောင်းသမျှကို အကူအညီပေးနိုင်တယ်။ အခုဒီကိုဗစ်လှိုင်းမလာခင်ကပေါ့။ အခုကျတော့ အဲဒီလိုမဟုတ်ဘဲနဲ့ ဒီကနေသယ်သွားတယ်။ ဟိုရောက်တော့ နည်းနည်းလေးတန်းစီရတဲ့အခါကျတော့ အချိန်က နာရီဝက်၊ တနာရီ ကြာသွားတယ်။ အဲဒီလိုကြာသွားတဲ့အခါကျတော့ ၃-၄ ခေါက်ရမယ့် နေရာက ၁ ခေါက်ပဲ ရတယ်။ ၂ ခေါက်ပဲရတယ်။ ဒီလောက်ပါခင်ဗျ။”

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်က ကိုဗစ်-၁၉အရေးပေါ်တုံံ့ပြန်မှုအဖွဲ့ကတော့ ဗိုင်းရပ်စ်ကူးစက်ခံရတဲ့ ရောဂါဝေဒနာရှင်တွေအတွက် ဗိုင်းရပ်စ်ကူးစက်ခံရခြင်းရှိ မရှိ စစ်ဆေးတာ၊ ဆေးရုံပို့ဆောင်ပေးတာ၊ အောက်ဆီဂျင်တွေ ဖြည့်ပြီး လိုအပ်နေတဲ့သူတွေကို ပေးနေတာဖြစ်ပါတယ်။ လူနာတွေကို ဆေးရုံပို့တဲ့အခါမှာ ဆေးရုံက လက်မခံနိုင်လို့ စောင့်ဆိုင်းရတာတွေအပြင် အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲကတော့ အောက်ဆီဂျင်ရဖို့အခက်အခဲဖြစ်တယ်လို့ အဲဒီအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။

“အကူအညီပေးတာကတော့ ကျနော်တို့ လှိုင်သယာလူဦးရေအနေအထားနဲ့ဆိုရင် နိုင်တာလည်း မတွေ့ရဘူး။ ကျနော်တို့ ကူညီပေးတာက အရင်တုန်းကဆိုလိုရှိရင် စက်ရုံတွေမှာ ညလုံးပေါက်တွေ သွားတိုးတယ်။ ညလုံးပေါက်တိုးပေးပြီး ရလာတဲ့ အောက်ဆီဂျင်တွေကို ကျနော်တို့ကနေ လူတဦးလျှင် ၁၀ လီတာ သို့မဟုတ် ၁၅ လီတာအထိ တအိုး၊ တအိုးဆီ ကျနော်တို့ ဖြည့်ပေးပါတယ်။ အဓိကအခက်အခဲကတော့ စက်ရုံတွေမှာ တချို့လူပုဂ္ဂိုလ်တွေက မိမိရဲ့မလိုအပ်ဘဲနဲ့ ဆောင်ထားတဲ့ အတိုင်းအတာတွေရှိပါတယ်။ နောက်တခါ ဈေးကွက်မှာဆိုလို့ရှိရင်လည်း မလိုအပ်ဘဲ လူတွေက အတင်းဝယ်တဲ့ဟာလေးတွေလည်း တွေ့ရပါတယ်။ တချို့ဆောင်ထားတာပေါ့နော်။ ကြိုတင်ဆောင်ထားတဲ့ ပုံစံလေးတွေလည်း တွေ့ရတယ်။ ကျနော်တို့ထင်ထားတာကတော့ မပေးနိုင်တာလည်း မပေးနိုင်တာတကြောင်း၊ အဲဒီလိုလေးတွေလည်း ဆောင်ထားတာလေးတွေ တွေ့ရတဲ့အတွက် လိုအပ်နေတဲ့ ညီအစ်ကို မောင်နှမတွေ၊ မိသားစုတွေမှာ အခက်အခဲပိုရှိလာတယ်လို့ ကျနော်တို့ထင်ပါတယ်။”

အခုအခါမှာ ရောဂါကူးစက်မှုတွေအပြင် ပြည်သူတွေဘက်မှာလည်း စီးပွားရေးအခက်အခဲတွေနဲ့ အထွေထွေအကြပ်အတည်းတွေကြောင့် PPE ဝတ်စုံအပါအဝင် ရောဂါကာကွယ်ရေးပစ္စည်းတွေ၊ လူနာတင်ယာဉ်အတွက် ဓါတ်ဆီ စတာတွေအတွက် ရံပုံငွေ အခက်အခဲတွေလည်း အနည်းငယ်ရှိလာနေတယ်လို့ သူကဆက်ပြောပါတယ်။

ရောဂါကူးစက်မှုတွေများနေတဲ့ မွန်ပြည်နယ် မော်လမြိုင်မြို့မှာလည်း ကိုဗစ် ၁၉နဲ့ ပတ်သက်ပြီး အကူအညီပေးနေတဲ့ ပရဟိတအသင်းတွေ အဓိကရင်ဆိုင်နေရတာကတော့ ရောဂါကူးစက်ခံနေရတဲ့ လူနာတွေအတွက် အောက်ဆီဂျင်ရရှိဖို့ အခက်အခဲဖြစ်နေတာပါ။ မော်လမြိုင်ဆေးရုံအပြင် မြို့မှာ နောက်ထပ် အောက်ဆီဂျင်ထုတ်ယူနိုင်တဲ့ နေရာ ၂ နေရာပဲရှိတာကြောင့် လူနာတွေအတွက် အောက်ဆီဂျင်အလုံအလောက်ရဖို့ အခက်အခဲရှိတယ်လို့ မော်လမြိုင်လူမှုကယ်ဆယ်ရေးအသင်းက ကိုကျော်စွာဟိန်းက ပြောပါတယ်။

“အခုဟာက- အောက်ဆီဂျင်လေး ဒီထက်နည်းနည်းပို လွယ်လွယ်ကူကူရလို့ရှိလျှင် ပိုအဆင်ပြေတယ်ဗျ။ သူများကို ဖြန့်ဖြူးတာဖြစ်တဲ့အတွက် ကျနော်တို့လည်း တန်းသွားစီရတာ။ များသောအားဖြင့် ကျနော်တို့ရွာကကလေးတွေက ညနေ ၄ နာရီလောက်က တန်းစီလိုက်ရင် မနက် ၄ နာရီခွဲ ၅ နာရီလောက်မှ ပြန်ရောက်တယ်ဗျ။ အောက်ဆီဂျင်တခါရဖို့အတွက်ပေါ့။ ကျနော်တို့ကို အပြင်မှာပေးတာက အတ္တရံ တံတားကိုကူးပြီးသွားတဲ့ စက်မှုဇုန်အဟောင်းမှာ ဖြည့်တဲ့စက်ရုံနဲ့ ဒီဘက်စက်မှုဇုန်ဘက်မှာ အသစ် သံလွင်ဆိုတဲ့ ၂ ရုံရှိပါတယ်ခင်ဗျာ။ ကျနော်တို့အဲဒီမှာ တလှည့်စီတန်းစီရပါတယ်ဗျ။”

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ တိုင်းပြည်တွင်းမှာ လူနာတွေကိုပေးဖို့အတွက် အောက်ဆီဂျင်တွေ အလုံအလောက်ရှိတယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ပြောထားပါတယ်။ NLD အစိုးရလက်ထက် ကိုဗစ် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းမှာ ရောဂါကူးစက်မှုတွေကို အတိုင်းအတာတခုအထိ အတော်လေး ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုတကြိမ် ကိုဗစ် တတိယလှိုင်းမှာတော့ ကူးစက်မှုတွေနဲ့ သေဆုံးမှုတွေအလွန်များလာနေပြီး မနေ့စနေနေ့ကအထိ ဗိုင်းရပ်စ်ကူးစက်သူ ၂ သိန်း ၆ သောင်းကျော်နဲ့ သေဆုံးသူ ၆,၇၀၀ ကျော်ရှိသွားပြီဖြစ်တယ်လို့ စစ်ကောင်စီရဲ့ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်


======

Unicode











#MyanmarCovid #Covid19 #MyanmarVolunteers #VOABurmese

XS
SM
MD
LG