သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ လူသားချင်းစာနာမှုအ ကူအညီပေးရေး နယ်မြေ ၅ ခု ကနဦးသတ်မှတ်ခဲ့


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ (ယခင်မှတ်တမ်းဓာတ်ပုံ)
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ (ယခင်မှတ်တမ်းဓာတ်ပုံ)

[[Zawgyi/Unicode]]

မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ထဲမှာ တချက်ဖြစ်တဲ့ လူသားချင်းစာနာမှုအကူအညီပေးခွင့်ပြုရေးကိစ္စမှာ မြန်မာစစ်ကောင်စီဘက် က လက်ခံမယ်လို့ သဘောတူညီချက်ရခဲ့သလို အကူအညီတွေပေါ် အခွန်ကင်းလွတ်ခွင့်ပေးဖို့ကိုလည်း သဘောတူခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာကူညီမှုပေးရေး အာဆီယံညှိနှိုင်းဆွေးနွေးပွဲကို မေလ ၆ ရက်နေ့က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး အာဆီယံ အဆင့်မြင့်ခေါင်းဆောင်တွေ ပါဝင်ဆွေးနွေးခဲ့ကြတာပါ။ ဒီအကြောင်း မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံတွင်း လူသားချင်းစာနာကူညီမှုအကူအညီပေးရေး အာဆီယံဒေသညှိနှိုင်းဆွေးနွေးပွဲကို ဒီကနေ့ ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့မှာ ကျင်းပရာမှာ အကူအညီပေးရေးကိစ္စ အဟန့်အတားတွေအများကြီးကြုံနေရပေမယ့် တိုးတက်မှုတော့ရခဲ့ပါတယ်လို့ ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်လည်းဖြစ်သူ Prak Sokhonn က အစည်းအဝေးအပြီး သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်ဖြစ်တဲ့ ကမ္ဘောဒီးယား ဒုဝန်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ Prak Sokhonn က ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တော်မှာ ဒီနေ့ မေလ ၆ ရက်နေ့ ကျင်းပတဲ့ အစည်းအဝေးကို ပူးတွဲဦးဆောင်ခဲ့တာပါ။ မြန်မာနိုင်ငံကို လူသားချင်းစာနာတဲ့ အကူအညီတွေအမြန်ဆုံး ပို့ဆောင်ပေးဖို့ အာဆီယံ လူသားချင်းစာနာမှုနဲ့ ဘဘာဝဘေးဒဏ်စီမံဆောင်ရွက်ရေးဆိုင်ရာ ညှိနှိုင်းရေးရုံးက ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စည်းဝေးပွဲအပြီးပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ အထူးကိုယ်စားလှယ် Prak Sokhonn ကပြောကြားခဲ့ပါတယ်။ ဒီအကူအညီတွေကို မြန်မာနိုင်ငံတွင်းက ကရင်၊ ကယား၊ စစ်ကိုင်းအပါအဝင် ဒေသ ၅ ခုကို ပေးဖို့ ကနဦး လျာထားပါတယ်။ အဲဒီအထဲက ဒေသနှစ်ခုကိုတော့ ဦးစားပေး ဆောင်ရွက်မယ်လို့ အာဆီယံအထူးကိုယ်စားလှယ်က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

အိုးအိမ်စွန့်ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေရှိနေတဲ့ ဒေသတချို့ကို လူသားချင်းစာနာတဲ့ အကူအညီတွေပေးဖို့ မြန်မာဘက်က လက်ခံတယ်လို့ Sokhonn ကပြောပါတယ်။ လူသားချင်းစာနာတဲ့ အကူအညီတွေကို လိုအပ်နေသူတွေအားလုံး တယောက်မကျန်ပေးဖို့ဖြစ်တယ်လို့ ဆိုပါတယ်။

“လူသားချင်းစာနာမှုဆိုတဲ့ကိစ္စဟာ ကျနော်တို့အားလုံးနဲ့ပတ်သက်နေတဲ့ စိုးရိမ်မှုတရပ်ပါ။ ဒါကြောင့် မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး မြန်မာလူထုအကျိုးရှိစေဖို့ တဦးနဲ့တဦး ညှိုနှုင်းဆောင်ရွက်ဖို့လိုပါတယ်။”

မြန်မာပြည်သူတွေအတွက် ကိုဗစ်ကာကွယ်ဆေးအကူအညီတွေကို ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကြီးကြပ်မှုနဲ့ လက်ခံထိုးပေးသွားမယ့်ကိစ္စကိုလည်း မြန်မာဘက်က သဘောတူတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ကာကွယ်ဆေးထိုးအစီအစဉ်တွေ တိုးမြှင့်လုပ်သွားဖို့လည်း မြန်မာဘက်က ကတိပြုတယ်လို့ အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn က ပြောပါတယ်။

“လူသားချင်းစာနာကူညီမှုအထောက်အပံ့ပေးရေးလုပ်ငန်းစဉ်တွေ မြန်ဆန်လာအောင် မြန်မာဘက်က အကောင်းဆုံးလုပ်ပါလိမ့်မယ်။ အာဆီယံ လူသားချင်းစာနာကူညီမှုဗဟိုစင်တာနဲ့ အခြားသက်ဆိုင်ရာအဖွဲ့အစည်းတွေဖက်က လိုအပ်တဲ့အထောက်အထားတွေပေးပြီး အချိန်မီ လုပ်ငန်းဆောင်ရွက်သွားကြဖို့ တောင်းဆိုပါတယ်။”

ဒီနေ့စည်းဝေးပွဲဟာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ ဘုံသဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်တဲ့နေရာမှာ တိုးတက်မှုအဖြစ် မြင်နိုင်ပေမယ့် မြန်မာနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းနိုင်ဖို့တော့ အဝေးကြီးလိုသေးတယ်လို့ Royal Academy of Cambodia တက္ကသိုလ်က နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ကျွမ်းကျင်သူ Kin Phea ကသုံးသပ်ပါတယ်။

“အာဆီယံယန္တရားကနေ လူသားချင်းစာနာမှုလုပ်ငန်းတွေ အပြည့်အဝမလုပ်ဆောင်နိုင်သေးပါဘူး။ ဒါကြောင့် ဒီဆွေးနွေးပွဲက ရလဒ်ကောင်းတွေဖြစ်လာမယ်ဆိုရင်တော့ အာဆီယံဘုံသဘောတူညီချက်ငါးချက်အကောင်အထည်ဖော်ရေးအတွက် ခြေလှမ်းတလှမ်းဖြစ်လာမယ်လို့ ကျနော်ထင်တယ်။”

ဒီအစည်းအဝေးကို မြန်မာစစ်ကောင်စီဘက်က ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်တက်ရောက်ခဲ့ပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ အာဆီယံအထူးကိုယ်စားလှယ်ဘက်က သူတို့ကို ညှိနှိုင်းတိုင်ပင်တာမျိုးမရှိပေမယ့် ကုလသမဂ္ဂအေဂျင်စီတချို့က သူတို့ကို တွေ့ဆုံအသိပေးတာမျိုးရှိတယ်လို့ VOA ကို ပြောပါတယ်။

မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စဟာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ချက်ပါ အချက်တချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Noeleen Heyzer ကတော့ မြန်မာနိုင်ငံအတွင်း စာနာထောက် ထားမှု အကူအညီပေးရေး ပါဝင်ဆောင်ရွက်နေသူအားလုံး လုံခြုံစိတ်ချပြီး အဟန့်အတားမရှိ ဆောင်ရွက်နိုင်ဖို့ အရေးကြီးတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။

အမေရိကန် အာဆီယံထိပ်သီးစည်းဝေးပွဲကျင်းပပြီးချိန် မေလလယ်ပိုင်းကျရင် ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen မြန်မာနိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ ဝန်ကြီးချုပ်နဲ့အတူ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်း လိုက်ပါသွားမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]












================

XS
SM
MD
LG