သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံက NUG နဲ့ထိတွေ့ဆက်ဆံဖို့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ တိုက်တွန်း


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet 


[[Zawgyi/Unicode]]

အာဆီယံက NUG နဲ့ထိတွေ့ဆက်ဆံဖို့ ကန်နိုင်ငံခြားရေးအတိုင်ပင်ခံ တိုက်တွန်း

အမေရိကန်ပြည်ထောင်စုဟာ NUG - ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ ထိတွေ့ဆက်ဆံဖို့ ဆုံးဖြတ်ထားသလို အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေအားလုံးကလည်း NUG နဲ့ လူသိရှင်ကြား ထိတွေ့ဆက်ဆံကြဖို့ တိုက်တွန်းကြောင်း အရှေ့တောင်အာရှ ၃ နိုင်ငံကို ခရီးထွက်နေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Straits Times သတင်းမှာ ဖော်ပြထားပါတယ်။

“လွန်ခဲ့တဲ့ (၈) လ၊ (၉) လအတွင်း အွန်လိုင်း ဗွီဒီယို ဆက်သွယ်မှုကတဆင့် NUG နဲ့ အမေရိကန်ပြည်ထောင်စုက ပုံမှန် ထိတွေ့ဆက်ဆံနေခဲ့တာမှာ NUG ရဲ့ စွမ်းဆောင်ရည် မြင့်တက်လာရေး၊ အဖွဲ့အစည်း စည်းစံနစ်ကျပြီး ပိုမို ထိရောက်စွာ မြန်မာပြည်သူတွေကို ကူညီပေးနိုင်ရေး စတာတွေကို ဆောင်ရွက်နေခဲ့ကြောင်း” – Derek Chollet ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Straits Times သတင်းက ရေးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ပဋိပက္ခပြေလည်ရေးအတွက် စစ်တပ်တခုတည်းနဲ့ ထိတွေ့ ဆက်ဆံနေလို့မရနိုင်ကြောင်း၊ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေနဲ့ပါ ထိတွေ့ ဆက်ဆံဖို့ လိုအပ်ကြောင်းလည်း Derek Chollet ပြောပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sakhonn အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မြန်မာနိုင်ငံထဲမှာ သူတွေ့လိုတဲ့လူပုဂ္ဂိုလ်အားလုံးနဲ့ တွေ့ဆုံနိုင်လိမ့်မယ်လို့ အမေရိကန်က မျှော်လင့်ကြောင်းလည်း သူက ပြောပါတယ်။

Derek Chollet ဟာ ထိုင်း၊ စင်္ကာပူနဲ့ ဘရူနိုင်း ၃ နိုင်ငံခရီးစဉ်ကို မနေ့ ဇွန်လ ၇ ရက်နေ့က စတင်ခဲ့တာပါ။ သူ့ခရီးစဉ်အတွင်း မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ရရှိရေးကိစ္စတွေအပါအဝင် ပြီးခဲ့တဲ့ အာဆီယံအမေရိကန် ထိပ်သီးအစည်းအဝေး ဆုံးဖြတ်ချက်တွေကို ဆက်လက်အကောင်အထည်ဖေါ်ဖို့ကိစ္စတွေ ဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့မှာ ပြောထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ Derek Chollet ဟာ ဒီရက်သတ္တ ပတ်အတွင်းအမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sherman နဲ့အတူ ဗီယက်နမ်၊ လာအိုနဲ့ ဖိလစ်ပိုင်နိုင်ငံတွေသွားရောက်ခဲ့ပြီး နှစ်နိုင်ငံခြင်းစီဆက်ဆံရေးအပြင် အာဆီယံတခုလုံးနဲ့ပါ ဆက်ဆံရေးနဲ့ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့အလေးအနက်ထားမှု တွေကိုဖေါ်ပြဆွေးနွေးခဲ့ကြပါတယ်။

တက်ကြွလှုပ်ရှားသူတွေနဲ့ လွှတ်တော်အမတ်တချို့ တောင်းဆိုနေပေမယ့် NUG ကို သံတမန်ရေးအရ တရားဝင် အသိအမှတ်ပြုခြင်းတော့ မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

=============


[[Unicode]]







=============

XS
SM
MD
LG