သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအခြေအနေ ဒေသတွင်းတည်ငြိမ်ရေး ခြိမ်းခြောက်ဟု ကန်-စင်ကာပူ ထုတ်ပြန်


စင်ကာာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ အမေရိကန်သမ္မတ Joe Biden တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (မတ်လ ၂၉ ၊ ၂၀၂၂)  
စင်ကာာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ အမေရိကန်သမ္မတ Joe Biden တို့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ်။ (မတ်လ ၂၉ ၊ ၂၀၂၂)  

[[Zawgyi/Unicode]]

မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေဟာ ဒေသတွင်း တည်ငြိမ် အေးချမ်းရေးကို ခြိမ်းခြောက်လာနေတဲ့အတွက် ဒါကို အမေရိကန်ပြည်ထောင်စုနဲ့ စင်ကာပူနိုင်ငံတို့က အထူးစိုးရိမ်ကြောင်း မတ်လ ၂၉ ရက်နေ့က ပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။ ဒါ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့် ပြီး ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံခြားသားတွေအပါအဝင် ဖမ်းဆီးခံထားရသူ ပြန်လွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ စင်ကာပူခေါင်းဆောင်တွေရဲ့ တွေ့ဆုံမှုအကြောင်း အပြည့်အစုံ ကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံကို ရောက်နေတဲ့ စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong နဲ့ သမ္မတ Joe Biden တို့ ဝါရှင်တန် ဒီစီက သမ္မတအိမ်ဖြူတော်မှာ တွေ့ဆုံပြီး လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအပါအဝင် အာဆီယံ-အမေရိကန် ဆက်ဆံရေးနဲ့ ဒေသတွင်း အခြေအနေတွေကို မနေ့ မတ်လ ၂၉ ရက်နေ့က ဆွေးနွေးခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေ ခံစားနေရတဲ့ အခြေအနေတွေအပေါ် အထူးစိုးရိမ်ကြောင်း တွေ့ဆုံမှုအပြီး အိမ်ဖြူတော်မှာ ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ Biden က ပြောကြားလိုက်ပါတယ်။

“မြန်မာနိုင်ငံမှာ စစ်တပ်က မနှစ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက်ပိုင်းဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုတွေနဲ့ ပြည်သူတွေ ခံစားနေကြရတဲ့ အခြေအနေတွေအပေါ် ကျနော်တို့ နှစ်ယောက်စလုံးက အထူးပဲ စိုးရိမ်ပူပန်ကြပါတယ်။ ဒီအာဏာသိမ်းမှုက စာနာမှုဆိုင်ရာ ကြီးမားတဲ့ အခက်အခဲတွေ ဖြစ်ပေါ်စေပြီး မြန်မာပြည်သူတွေအတွက် ဆယ်စုနှစ်နဲ့ချီ ဒီမိုကရေစီနဲ့ စီးပွားရေးဆိုင်ရာ တိုးတက်ခဲ့မှုတွေကို နောက်ပြန်လှည့်သွားစေပါတယ်။”

ဒါ့အပြင် အာဆီယံ ဘုံသဘောတူညီချက်ကို စစ်ကောင်စီက အမြန်ဆုံး အကောင်အထည် ဖော်ဖို့အတွက်လည်း သမ္မတ Biden က သတင်းစာရှင်းလင်းပွဲအတွင်း တောင်းဆိုလိုက်ပါတယ်။

“မြန်မာစစ်ကောင်စီအနေနနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာနိုင်ငံကို ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး လုပ်ဆောင်ဖို့ စင်ကာပူနဲ့ အမေရိကန်ပြည်ထောင်စုတို့က သဘောတူခဲ့ကြပါတယ်။”

တွေ့ဆုံမှုအပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်က ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်မှာတော့ - မြန်မာ့အရေး ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေးအတွက် စင်ကာပူနဲ့ အာဆီယံအဖွဲ့တို့က အပြုသဘောဆောင်ပြီး ကြားဝင် ဆောင် ရွက်ပေးနေတဲ့အပေါ် ကျေးဇူးတင်ကြောင်း၊ စာနာမှုဆိုင်ရာ အကူအညီတွေ အဟန့်အတားမရှိ ပေးနိုင်ရေးအတွက် တောင်းဆိုပါကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် မကြာခင်မှာ အာဆီယံခေါင်းဆောင်တွေကို အမေရိကန်ပြည်ထောင်စုကို ဖိတ်ကြားပြီး ထိပ်သီးစည်းဝေးပွဲ ကျင်းပသွားဖို့ စီစဉ်နေတယ်ဆိုတာကိုလည်း သမ္မတ Biden က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံစဉ် လက်ရှိဖြစ်ပေါ်နေတဲ့ ယူကရိန်းအရေးနဲ့ ဒေသတွင်း တခြားကိစ္စရပ်တွေကိုလည်း ထည့်သွင်း ဆွေးနွေး ခဲ့ကြပါတယ်။ ဥရောပတိုက်မှာ ဖြစ်နေတဲ့ကိစ္စရပ်တွေက စင်ကာပူလို နိုင်ငံငယ်လေးကိုပါ ရိုက်ခတ်လာနေတာကြောင့် ယူကရိန်းအရေးမှာ ယူကရိန်းဘက်က ထောက်ခံကြောင်း စင်ကာပူဝန်ကြီးချုပ် Lee Hsien Loong က သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

“ယူကရိန်းမှာဖြစ်နေတဲ့ စစ်ပွဲတွေက အာရှ-ပစိဖိတ်ဒေသကို သက်ရောက်မှုတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ဒေသအတွင်းမှာလည်း ပဋိပက္ခဖြစ်နိုင်တဲ့အခြေအနေ ၊ အလားအလာတွေ ရှိနေပါတယ်။ ဒါတွေကို အသေအချာ မကိုင်တွယ်နိုင်ရင် စစ်ပွဲတွေ ဖြစ်လာနိုင်ပါတယ်။ ဒီပဋိပက္ခတွေ နောက်ကြောင်းပြန်လှည့်လို့ မရတဲ့ အခြေအနေကို ဆိုက်သွားခဲ့တာမျိုး မဖြစ်ရလေအောင် ဒေသတွင်းက ကိစ္စရပ်တွေအပေါ် စိတ်ပါဝင်စားမှုရှိတဲ့နိုင်ငံတွေက ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းနိုင်ဖို့ အားလုံး ဝိုင်းဝန်း လုပ်ဆောင်သင့်ပါတယ်။”

သမ္မတ Biden ကတော့ - လွတ်လပ်ပြီး ကြွယ်ဝချမ်းသာတဲ့ အင်ဒို-ပစိဖိတ်ဒေသဟာ ပိုပြီး အရေးပါကြောင်း၊ ယူကရိန်းအရေးဟာ လစ်ဘရယ် ဒီမိုကရေစီနဲ့ အာဏာရှင်စံနစ်အကြား လွန်ဆွဲတဲ့ပွဲဖြစ်ကြောင်း ပြောပါတယ်။

Lee Hsien Loong ဟာ Joe Biden သမ္မတဖြစ်လာပြီးနောက်ပိုင်း သမ္မတအိမ်ဖြူတော်ကို လာရောက်လည်ပတ်တဲ့ အာဆီယံနိုင်ငံတွေထဲက ပထမဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ သူဟာ သမ္မတ Biden နဲ့ ဒုသမ္မတ Kamala Harris တို့အပြင် အမေရိကန်ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့လည်း အင်္ဂါနေ့က တွေ့ဆုံခဲ့ပါတယ်။

လူဦးရေ ၅ သန်းသာရှိပေမယ့် ကမ္ဘာ့စီးပွားရေးမှာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေတဲ့ စင်ကာပူနိုင်ငံအနေနဲ့ ကမ္ဘာ့စီးပွားအင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်က ထိပ်တန်းခေါင်းဆောင်တွေနဲ့ တန်းတူ တွေ့ဆုံခွင့်ရတဲ့အပေါ် တန်ဖိုးထားလိမ့်မယ်လို့ American Enterprise Institute က သုတေသီ Zack Cooper က ပြောပါတယ်။

“စင်ကာပူနိုင်ငံအနေနဲ့ နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းတွေကို လိုက်နာဆောင်ရွက်တယ်ဆိုတာကို ပြသဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လည်း သမ္မတအိမ်ဖြူတော်ကိုရောက်လာပြီး အခုလို ထိပ်တန်း ခေါင်းဆောင်တွေက တွေ့ဆုံတာဟာ လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း စင်ကာပူနိုင်ငံရဲ့ ရပ်တည် လုပ်ဆောင်မှုတွေကို အမေရိကန်က အသိအမှတ်ပြု လေးစားတယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ အမေရိကန်က စီးပွားရေးဆိုင်ရာ ကိစ္စရပ်တွေမှာ ဦးဆောင်မှုပေးတာကို စင်ကာပူက လိုလားတယ်ဆိုတာမျိုး လာမယ့် လအနည်းငယ်အတွင်းမှာ ကြားရနိုင်ပါတယ်။ ဒီကိစ္စကို အိမ်ဖြူတော် ဆွေးနွေးပွဲမှာ ထည့်ဆွေးနွေးခဲ့ကြပြီး ဖြစ်မှာပါ။”

စင်ကာပူနိုင်ငံဟာ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့အပြင် အမေရိကန်နဲ့ လွတ်လပ်တဲ့ကုန်သွယ်ဘက်နိုင်ငံဖြစ်တာနဲ့အညီ မနှစ်က ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ အမေရိကန်အတွက် ၁၈ နိုင်ငံမြောက် အကြီးဆုံး စီးပွားကုန်သွယ်ဘက်နိုင်ငံဖြစ်တယ်လို့ အမေရိကန်-အာဆီယံ စီးပွားရေးကောင်စီက ဒုတိယအကြီးအကဲ Marc Mealy က ပြောပါတယ်။

သမ္မတ Biden က သူ့အစိုးရအနေနဲ့ အာရှိတိုက်ကို အာရုံစိုက်ပြီး ဦးစားပေး ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပြီး မနှစ် ဇန်နဝါရီ ၂၀ ရက်နေ့မှာ သမ္မတရာထူးတာဝန် မထမ်းဆောင်ခင်ကတည်းက သူ့အစိုးရအတွက် “Asia Czar” အာရှတိုက်ဆိုင်ရာ ကိစ္စရပ်တွေကို အလေးပေးဆောင်ရွက်မယ့် ဝါရင့် သံတမန်တဦးဖြစ်သူ Kurt Campbell ကို ခန့်အပ် တာဝန် ပေးထားပြီး ဖြစ်ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]


















===========

XS
SM
MD
LG