သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပဋိပက္ခအဆုံးသတ်ရေး အာဆီယံအရေးတကြီးဆုံးဖြတ်ဖို့ မလေးရှားတိုက်တွန်း


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah 
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah 

[[Zawgyi/Unicode]]

အာဆီယံအနေနဲ့ မြန်မာနိုင်ငံပဋိပက္ခအဆုံးသတ်ရေး အရေးကြီးတဲ့ ဆုံးဖြတ်ချက် တခု ချမှတ်ဖို့လိုအပ်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကတိုက်တွန်းလိုက်ပါတယ်။ ဒီနေ့အထိ အာဆီယံဘုံသဘောတူညီချက် ၅ ခုလုံး စစ်မှန်တဲ့တိုးတက်မှုမရှိသေးတဲ့အပြင် အကြမ်းဖက်မှုတွေ ပိုဆိုးလာပြီး အာဆီယံနဲ့ စစ်ကောင်စီဆွေးနွေးပွဲတွေမှာ အဓိကသက်ဆိုင်နေသူတွေ မပါသလို လိုအပ်တဲ့ဆွေးနွေးတိုင်ပင်မှုတွေလည်း မရှိဘူးလို့ ဝန်ကြီး Saifuddin Abdullah ကသဘောထားကို သူ့ရဲ့Facebook စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။

လူသားချင်းစာနာတဲ့ အကူအညီတွေကိုလည်း စစ်ကောင်စီက လက်ဝါးကြီးအုပ်ပြီး နိုင်ငံရေးအရ အသုံးချနေတယ်လို့ ပြောထားပါတယ်။ အာဆီယံဝန်ကြီးအဆင့် ဆွေးနွေးပွဲအားလုံးမှာ မြန်မာကိုယ်စားလှယ်ကို တက်ရောက်ခွင့် မပြုဖို့နဲ့ နိုဝင် ဘာမှာကျင်းပမယ့် အာဆီယံ ထိပ်သီးစည်းဝေးပွဲမတိုင်ခင် ဘုံသဘောတူညီမှု အကောင်အထည်ဖော်ရေး မူဘောင်ချမှတ်ဖို့ ကမ္ဘောဒီယားနိုင်ငံ၊ ဖနွမ်းပင်မြို့တော်မှာ နိုင်ငံခြားရေးဝန်ကြီးတွေ သြဂုတ်လ ၃ ရက်မှာ ဆွေးနွေးကြတဲ့အခါ မလေးရှားနိုင်ငံဘက်ကတင်ပြဖို့ July လ ၂၂ ရက်က မလေးရှား Cabinet ဝန်ကြီးအဖွဲ့အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တယ်လို့ သူကပြောထားပါတယ်။

ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်တို့အပါအဝင် ဒီမိုကရေစီရေးလှုပ်ရှားသူ ၄ ယောက်ကို ကွပ်မျက်လိုက်တာဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုဖြစ်တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဖော်ပြပြောဆိုပါတယ်။ စစ်ကောင်စီက အာဆီယံဘုံသဘောတူညီချက်ကို လှောင်ပြောင်လိုက်တဲ့ လုပ်ရပ်ဖြစ်တယ်လို့သူကမြင်ပြီး နိုဝင်ဘာ အာဆီယံထိပ်သီးအစည်းအဝေးကျရင် ဒီဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်စွဲကိုင်မလား၊ ပိုတိုးတက်အောင်လုပ်မလား၊ အသစ်တခုနဲ့အစားထိုးမလားဆိုတဲ့ ဆုံးဖြတ်ချက်ကြီးကို ချမှတ်ဖို့လိုအပ်တယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကထောက်ပြထားပါတယ်။

NUG အစိုးရနဲ့ NUCC အကြံပေးကောင်စီတို့ကို မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တွေ့သင့်တယ်လို့ သူအရင်က အကြံပြုခဲ့သလို အခုအချိန်ဟာ တွေ့ဆုံဆွေးနွေးသင့်တဲ့အချိန်ဖြစ်ပြီး ဆွေးနွေးမှုတွေကိုလည်း လူသိရှင်ကြားထုတ်ပြန်သင့်တယ်လို့ သူက အကြံပြုပါတယ်။ NUG၊ NUCC အပါအဝင် မြန်မာ့အရေးမှာ အဓိက သက်ဆိုင်နေသူတွေနဲ့ မလေးရှားအစိုးရက တွေ့ဆုံအဖြေရှာမှုတွေ ဆက်လုပ်နေတယ်လို့လည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေ အဆုံးသတ်စေမယ့် မူဘောင်တခုနဲ့ ဒီမူဘောင်တွေ အောင်မြင်အောင်လုပ်ရမယ့် လုပ်ငန်းစဉ်တွေကို ASEAN က ချမှတ်သင့်နေပြီလို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က သူ့ရဲ့သဘောထားကို ဒီနေ့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ အာဆီယံဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံသမန် Dr Noeleen Heyzer နဲ့အတူ မြန်မာ့အရေးကို နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ပါဝင်ပံ့ပိုးမှုနဲ့ အောင်မြင်အောင် ဖြေရှင်းပေးသူအနေနဲ့ ဆောင်ရွက်သင့်တယ်လို့သူက ပြောပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]







XS
SM
MD
LG