[[Zawgyi/Unicode]]
မြန်မာစစ်ကောင်စီအနေနဲ့ မြန်မာ့အရေး အာဆီယံသဘောတူညီချက်ကို အကောင်အထည်ဖော်မှုပိုင်း နှောင့်နှေးနေတဲ့အပေါ် အင်မတန်စိတ်ပျက်မိတယ်လို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ အတိုက်အခံလှုပ်ရှားသူလေးဦး ကွပ်မျက်သတ်ခံရတာအပါအဝင် မြန်မာအကျပ်အတည်းအခြေအနေတွေကို စိုးရိမ်တကြီးဆွေးနွေးခဲ့ကြတယ်လို့ အခု ဇူလိုင် ၅ ရက် သောကြာနေ့မှာထုတ်ပြန်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများပူးတွဲကြေညာချက်မှာဖော်ပြပါတယ်။ ပြီးခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးဆုံးဖြတ်ချက်ပါ မြန်မာ့အရေးအာဆီယံသဘောတူညီမှု ငါးချက်ကို လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာပြန်လည်သုံးသပ်ပြီး ရှေ့နောက်တဆင့် ဘာလုပ်မလဲဆိုတာ ဆုံးဖြတ်ဖို့လည်း အဲဒီ ထုတ်ပြန်ချက်မှာ အကြံပြုတိုက်တွန်းပါတယ်။
ဒါ့အပြင် မြန်မာ့အရေးဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာ့အရေးသက်ဆိုင်သူအားလုံးကို ထိတွေ့ဆက်ဆံသွားဖို့ကိုလည်း သဘောတူတယ်လို့ ဖော်ပြပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ မြန်မာစစ်ကောင်စီအပြင် NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေးအတိုင်ပင် ခံကောင်စီတို့နဲ့ပါ ထိစပ်ဖို့ မလေးရှားနိုင်ငံက အဆိုပြုထားတာဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများပူးတွဲထုတ်ပြန်ချက်မှာတော့ NUG/NUCC ကို ရည်ညွှန်းဖော်ပြတာမျိုးတော့မရှိပါဘူး။
မြန်မာစစ်ကောင်စီဥက္ကဋ္ဌရဲ့ တလောက မိန့်ခွန်းထဲမှာတော့ ပြည်တွင်းမငြိမ်သက်မှုတွေကြောင့် အာဆီယံသဘောတူညီချက်ကိုအကောင်အထည်ဖော်ဖို့ အခက်အခဲရှိခဲ့တယ်လို့ ပြောထားပါတယ်။ မြန်မာ့အရေး အာဆီယံ သဘောတူညီချက် ချမှတ်ခဲ့စဉ် အာဆီယံအစည်းအဝေးမှာတော့ စစ်ကောင်စီအကြီးအကဲကိုယ်တိုင်ရှိခဲ့ပြီး လိုက်နာဆောင်ရွက်မယ်လို့ ကတိပြုထားပါတယ်။
အတိုက်အခံ လှုပ်ရှားသူတွေကို ကွပ်မျက်သတ်ဖြတ်မှုမလုပ်ဖို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ကမ္ဘောဒီယားဝန်ကြီးချုပ်ဟွန်ဆင်ကိုယ်တိုင် မေတ္တာရပ်ခံထားပေမယ့် တလောက ထင်ရှားတဲ့တတ်ကြွလှုပ်ရှားသူနှစ်ဦးအပါအဝင် လေးဦးကို စစ်ကောင်စီက ကွပ်မျက်ခဲ့တာကြောင့် အာဆီယံအပါအဝင် နိုင်ငံတကာရဲ့ ပြစ်တင်ဝေဖန်မှုတွေခံခဲ့ရပါတယ်။ အာဆီယံအသင်းအနေနဲ့ နိုင်ငံတွေရဲ့ပြည်တွင်းရေးဝင်မစွက်ရဘူးဆိုတဲ့ အခြေခံမူရှိပေမယ့် အခု မြန်မာကိစ္စမှာတော့ ဒီ သဘောတူညီချက်ဟာ အာဆီယံခေါင်းဆောင်အားလုံးရဲ့ တညီတည်းသဘောထားဖြစ်တယ်ဆိုပြီး ပဋိညာဉ်အပိုဒ် ၂၀ ကို အခု ထုတ်ပြန်ချက်မှာ ပြန်ထောက်ပြထားပါတယ်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ ပူးတွဲထုတ်ပြန်ချက်မှာတော့ မြန်မာအပြင် အခြားကမ္ဘာ့အရေးပြဿနာတွေဖြစ်တဲ့ တောင်တရုတ်ပင်လယ်ပြင်အရေး၊ ကိုရီးယားကျွန်းဆွယ်အရေးနဲ့ ယူကရိန်းအကျပ်အတည်းတို့ကိုလည်း ထည့်သွင်းဖော်ပြပါတယ်။
#MyanmarASEAN #VOABurmese #အာဆီယံ #မြန်မာ့အရေးအာဆီယံသဘာတူညီချက်
===========
[[Unicode]]
===========