သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခြေခံစားကုန်ဈေးနှုန်းများတက်လို့ ရောင်းသူဝယ်သူအခက်ကြုံ


Myanmar Daily Life
Myanmar Daily Life


[[Zawgyi/Unicode]]


မြန်မာနိုင်ငံမှာ အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ တရိပ်ရိပ်တက်နေပြီး သင်္ကြန်အပြီးမှာ ဈေးနှုန်းတွေပိုတက်လာတာကြောင့် အိမ်ရှင်မတွေရော စားသောက်ကုန်ရောင်းသူတွေပါ အခက်တွေ့နေကြပါတယ်။ အသား၊ ငါးဈေးတင်မက အသီးအရွက်နဲ့ ကြက်ဥဈေးတွေပါ ဈေးကြီးနေတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က တင်ပြပေးထားပါတယ်။

အခြေခံကုန်စိမ်းနဲ့ စားသောက်ကုန်ဈေးနှုန်းတွေ ပိုပိုတက်နေတဲ့ မြန်မာနိုင်ငံမှာ သင်္ကြန်ပြီးချိန်မှာ အရင်ထက် ဈေးပိုကြီးသွားတယ်လို့ တော်တော်များများ ပြောပြကြပါတယ်။ နိစ္စဓူဝ စားသောက်ဖို့အတွက် မဖြစ်မနေသုံးရတဲ့ မီးဖိုချောင်အသုံးစရိတ်ဟာ အရင်ကထက်ပိုပြီး များလာတယ်လို့ အိမ်ရှင်မတွေက ပြောနေပါတယ်။ အသားနဲ့ ငါးဈေးတင်မကဘဲ အသီးအရွက်နဲ့ ကြက်ဥ၊ ဘဲဥဈေးတွေက အစတက်နေတာပါ။

"ဈေးတွေ ခါတိုင်းထက်ဈေးကြီးတယ်။ ဘဲဥတောင် အရင်က ၂၂၀ ၊ အခု ၂၇၀ ။ ဘူးသီးတောင်မှ တလုံးကို အရင်က ၁ ထောင်ကျော်၊ အခု ၂ ထောင်ကျော်။"

စားကုန်တွေ ဈေးကြီးနေတာကြောင့် စီးပွားရှာဖို့ပါ အခက်အခဲဖြစ်နေတယ်လို့ စားသောက်ဆိုင်ဖွင့်ထားသူတဦးကလည်း ခုလို ပြောပြပါတယ်။

"ကုန်ဈေးတွေကတော့ တက်တယ် အကုန်လုံး။ ဝယ်ရတာ ခါတိုင်းနဲ့ကို မတူဘူး။ အသီးအရွက်ဈေးကအစ တက်တာ။ အခုဆိုရင် ဆီဈေးတွေရော၊ ကုန်စိမ်းတင်မဟုတ်ဘူး၊ ကုန်ခြောက်တွေပါ ဈေးကတက်နေတော့လေ။ ညီမတို့ဆိုရင် ဈေးရောင်းတာ တရက်တရက်ကို မနည်းမြတ်အောင်တောင် လုပ်နေရတယ်။ တခါတလေ အရင်းတောင် မရချင်ဘူး၊ အဲလိုဖြစ်နေတယ်။ သင်္ကြန်ပြီးတော့ ပစ္စည်းဈေးတွေက ပိုပြီးတော့တက်လာတယ်။ အရင်တုန်းကဆိုရင် ကုန်စိမ်းကတက်ရင် ကုန်ခြောက်ဈေးကကျတယ်။ ကုန်ခြောက်ကတက်ရင် ကုန်စိမ်းဈေးကျတယ် ဆိုတော့ နည်းနည်းတော်သေး။ အခုဟာက ၂ ခုလုံးက တပြိုင်တည်းတက်နေတော့ သိပ်ပြီးအဆင်မပြေဘူးပေါ့နော်။"

ဈေးတွေကြီးလာတဲ့အတွက် ရန်ကုန်မြို့ထဲမှာတောင် အသားစားသုံးသူ နည်းလာတယ်လို့ မင်္ဂလာတောင်ညွှန့် အသားလက်ကားဈေးကွက်က လုပ်ငန်းရှင်တဦးက ပြောပါတယ်။ အထူးသဖြင့် ဆိတ်သားဈေးက အရင်ကထက် အဆမတန်တက်နေပြီး ရန်ကုန်မှာ ဆိတ်သားထုတ်လုပ်တဲ့ စည်ပင်သားသတ်ရုံငါးခုကနေ တရက်ကို အကောင်ရေ ၁,၄၀၀ ဝန်းကျင်ပဲ ဖြန့်ဖြူးနိုင်တယ်လို့ သူကပြောပါတယ်။

"ဆိတ်ကတော့ တပိဿာကို ၅၀၀ လောက်တက်တယ်၊ ပေါင်သားကို ၂၅,၀၀၀။ မနှစ်က နှစ်ကုန်တုန်းက သင်္ကြန်မှာကို ၁၈,၀၀၀၊ ၁၉,၀၀၀ အဲလောက်ပဲရှိတာ။ အမဲသားကတော့ ဒီအတိုင်းပဲ နည်းနည်းငြိမ်နေတယ်။ စီပီ (ကြက်) က အဆမတန်တက်တယ်။ စည်ပင်သာယာနဲ့ ပူးပေါင်းရောင်းတဲ့ ဈေးကားတွေမှာဆိုရင် ဆိတ်သား စားလိုမှုအားလည်းနည်းတယ်။ အမဲသား စားလိုအားလည်းနည်းတယ်။ ငါးစားလိုအားလည်းနည်းတယ်၊ ဝက်စားလိုအားလည်း နည်းတယ်။ တော်တော်နည်းတယ်။"

အသား၊ ငါး၊ ဟင်းသီးဟင်းရွက်နဲ့ ကုန်ခြောက်ဈေးတွေအားလုံး တက်နေလို့ လက်လီ လက်ကားရောင်းချသူတွေ အရောင်းအဝယ်အေးနေပါတယ်။ နိုင်ငံရေး စီးပွားရေးအခြေအနေတွေကြောင့် ပြည်သူအများစုက ဝင်ငွေနည်းပါးနေချိန်မှာ အခုလို မဖြစ်မနေ ဝယ်ဖို့လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေ ဈေးတွေကြီးနေတာကြောင့် အများစုအခက်ကြုံနေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]










==============

XS
SM
MD
LG