သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်မြို့ပေါ် ရာဇဝတ်မှုတွေထူပြောလာ


နယ်စပ်ကုန်သွယ်ရေးအချက်အခြာကျတဲ့ မူဆယ်မြို့ မြင်ကွင်း
နယ်စပ်ကုန်သွယ်ရေးအချက်အခြာကျတဲ့ မူဆယ်မြို့ မြင်ကွင်း

[[Zawgyi/Unicode]]


ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးစခန်းဖြစ်တဲ့ မူဆယ်မြို့မှာ ဒီရက်ပိုင်းအတွင်း ပစ်ခတ်တာတွေ၊ လုယက်တာတွေ မကြာခန ဖြစ်နေပြီး မူးယစ်ဆေးကြောင့် သေဆုံးမှုတွေလည်း မြင့်တက်နေပါတယ်။ ဒီလို ဖြစ်ပွားလာတာဟာ နယ်စပ်ဂိတ်ပိတ်လို့ အလုပ်အကိုင်ခက်ခဲတာနဲ့ လောင်းကစားဝိုင်းတွေ၊ လက်နက်ကိုင် ပြည်သူ့စစ်တွေနဲ့ ဆက်စပ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ ရန်ကုန်ကလာတဲ့ တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့အခြေအနေကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မြို့မှာ ပစ်ခတ်တာ၊ ဓါးပြတိုက်တာ၊ ခိုးဆိုးလုယက်တာတွေဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလလောက်ကစပီး ပိုမိုမြင့်တက်ခဲ့ရာက လက်ရှိအချိန် အထိလည်း ဆက်လက်ဖြစ်ပွားနေတာပါ။

ဒီရက်ပိုင်းအတွင်း အခြေအနေကို ဒေသခံတဦးက VOA ကို အခုလို ပြောပါတယ်။

“မနေ့က ည ၁၁ နာရီ ဝန်းကျင်လောက်ပေါ့နော်။ စွမ်စော်ဘက်မှာ ဘယ်အဖွဲ့ အစည်းလဲတော့ မသိဘူးပေါ့ဗျာ။ ပစ်ခတ်ကြတယ်လို့တော့ ကြားတယ်။ လူတယောက် ထိတယ်လို့တော့ ပြောတာပဲ။ သေလား ရှင်လားတော့ မသေချာသေးဘူးပေါ့။ အုပ်ချုပ်ရေးမှုးတွေလည်း ဖုန်းပိတ်ထားတော့ ကျနော်တို့ မေးရင်လည်း မရလို့လေ။ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတော့ မန်ဝိန်း၊ ပန်လုံဘက်က နေအိမ်တအိမ်မှာ လူတဖွဲ့က ၃ ယောက် ရွှေငါး (Toyota Maark II) နဲ့လာပြီးတော့မှ ဒမြ (ဓါးပြ) တိုက်တာပေါ့။ အခုတလော အဲလို အများအားဖြင့် ဖြစ်လာတယ်ဗျ။”

ဓါးပြတိုက်တဲ့အဖွဲ့ဟာ မီးခံသေတ္တာ၊ ငွေသား ၅ သိန်းကျော်နဲ့ အိမ်ရှင်တွေဆီက တယ်လီဖုန်းတွေကို သိမ်းယူပြီးအပြန်မှာ လမ်းမှာ ယာဉ်မတော်တဆတိုက်မှုဖြစ်ပြီး ထွက်ပြေးသွားတာကြောင့် မီးခံသေတ္တာတော့ ပြန်လည်ရရှိခဲ့ကြောင်း ပြောပါတယ်။

အခြားမူဆယ်မြို့ခံတဦးကလည်း ဒီလ ၈ ရက်နေ့က ပြည်သူ့စစ်တွေ ပစ်ခတ်တာကြောင့် ဆိုင်ကယ်စီးလာတဲ့ လူငယ် ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

“ပြီးခဲ့တဲ့ ၈ ရက်နေ့ကလည်း ဖြစ်တယ်။ အဲဒါက ဘယ်သူမှ မသိလိုက်ဘူး။ သူတို့ တားပြီး စစ်လိုက်တာ။ တားတဲ့ ပြည်သူ့စစ်တွေကလည်း ထိုင်နေတာ။ လူမမြင် တဲ့နေရာ လှမ်းတားလိုက်တာ။ ကလေးတွေကလည်း ဘယ်သိမလဲဗျ။ ဆိုင်ကယ် စီးဖြတ်သွားတော့ ပစ်လိုက်တာ သေသွားတယ်လို့ ပြောတယ်။ သူတို့ ယူသွားတယ်ပြောတာပဲ ဘယ်သူမှန်းကို မသိလိုက်ဘူး။”

မူဆယ်မြို့က လောင်းကစားရုံတွေမှာ လုံခြုံရေးယူထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက အနည်းဆုံး ၂၀ ကျော်အထက် ရှိနေကြောင်း ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ကလည်း မင်္ဂလာမူဆယ်မှာ ဒေသခံ ၂ ဦးကို ရဲဝတ်စုံ ဝတ်ဆင် ထားသူတွေက ဓါးပြတိုက်ခဲ့ကြောင်း ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။

ရှမ်းပြည်နယ်ကအခြေစိုက် ရွှေဖီမြေသတင်းဌာနရဲ့ အယ်ဒီတာ မိုင်းအနိုင်က လက်ရှိဖြစ်ပေါ်နေတဲ့ ပစ်ခတ်တာတွေ၊ လုယက်တာတွေ တိုးမြင့်လာတဲ့အပေါ် အခုလို သုံးသပ်ပြောဆိုပါတယ်။

“မူဆယ်က အရင်ကတည်းက လောင်းကစားနယ်မြေဖြစ်တယ်ပေါ့။ နောက်ပိုင်းမှာကျတော့ တရုတ်နယ်စပ်ကလည်း ပိတ်တယ်။ အလုပ်အကိုင်တွေကလည်း မရှိတော့ဘူး။ နောက်တခုက လောင်းကစားဝိုင်းတွေဆိုလည်း ဆယ်ချီပေါ့နော်။ ပေါ်ပေါ်ထင်ထင်ကို လုပ်လာကြတယ်။ ပိုဆိုးလာတယ်။ ဆိုတော့ လူတွေက အလုပ်လက်မဲ့ဖြစ်တဲ့အခါကျတော့ တရုတ်ပြည်လည်း ထွက်လို့မရတဲ့အခါကျတော့ လောင်းကစားရုံမှာ လောင်းကစားတွေ လုပ်ကြတယ်။ ရှုံးတဲ့အခါကျတော့ အလွယ်လမ်းနည်းကို ပိုလိုက်လာကြတယ်။ ပိုက်ဆံရှာဖို့အတွက်လည်း တရုတ်ပြည်ဘက်ကို သွားလို့ မရတဲ့အခါကျတော့ ဓါးပြတိုက်မှုတွေ ပိုပြီးတော့ ဖြစ်လာတယ်ပေါ့။ နောက်တခုက ဓါးပြတိုက်မှုမှာ သုံးနေတဲ့ ပစ္စည်းတွေဆိုလည်း မူဆယ်မှာဆို ပြည်သူ့ စစ်တွေ လက်နက်ကိုင်ပေါင်းစုံ လှုပ်ရှားတဲ့နယ်မြေလည်း ဖြစ်တဲ့အခါကျတော့ လက်နက်ကို အလွယ်တကူ ရတဲ့နေရာလည်းဖြစ်တယ်ပေါ့နော်။”

ဒါ့အပြင် မူဆယ်အပါဝင် ရှမ်းပြည်နယ်ဒေသအတော်များများမှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ၊ သုံးစွဲတာတွေလည်း မြင့်တက်လာနေကြောင်း ပြောပါတယ်။

ဧပြီလ ၂၀ ရက်နေ့ကတော့ မူဆယ်မြို့အတွင်း လုယက်သူ ၂ ဦးကို ပြည်သူ့စစ်က လိုက်လံဖမ်းဆီး ပစ်ခတ်ရာမှာ အသက် ၁၇ နှစ်အရွယ် အမျိုးသမီး သေဆုံးခဲ့သလို ငွေလဲဆိုင်တွေမှာ လုယက်တာ၊ ဓါးပြတိုက်တာတွေ မကြာခန ဖြစ်ခဲ့ပါတယ်။

မူဆယ်မြို့မှာ ဖြစ်ပွားတဲ့ ရာဇဝတ်မှုအတော်များများဟာ လောင်းကစားရုံတွေ၊ ကာရာအိုကေ ခမ်းမတွေရှိရာ ကောင်းမှုတုံ၊ စွမ်စော်၊ မင်္ဂလာမူဆယ်ဘက်အခြမ်းနဲ့ စီမံကိန်းဇုံ လမ်းတလျောက်မှာ အဖြစ်များနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Zawgyi/Unicode]]


မူဆယျမွို့ပေါျ ရာဇဝတျမှုတှထေူပွောလာ















===============

XS
SM
MD
LG