သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်စကားစာမေးပွဲလျှောက်လွှာဝယ်မှု လူစုလူဝေးရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့


ဂျပန်ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲ JLPT လျှောက်လွှာဝယ်ယူဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ မနက်အစောပိုင်းကတည်းက စောင့်ဆိုင်းနေသူများ။ (သြဂုတ် ၅၊ ၂၀၂၂/ ဓာတ်ပုံ Kyaw Nyi Nyi Lwin's fb)
ဂျပန်ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲ JLPT လျှောက်လွှာဝယ်ယူဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ မနက်အစောပိုင်းကတည်းက စောင့်ဆိုင်းနေသူများ။ (သြဂုတ် ၅၊ ၂၀၂၂/ ဓာတ်ပုံ Kyaw Nyi Nyi Lwin's fb)

[[Zawgyi/Unicode]]

ဂျပန်ဘာသာစကားကျွမ်းကျင်မှု စာမေးပွဲ JLPT လျှောက်လွှာဝယ်ယူဖို့ ရန်ကုန်ပညာရေးတက္ကသိုလ်မှာ မနက်အစောပိုင်းကတည်းက စောင့်ဆိုင်းနေသူတွေကို စာမေးပွဲကျင်းပရေးကော်မတီဘက်က လျှောက်လွှာရောင်းချတာ ရပ်ဆိုင်းလိုက်တဲ့အကြောင်း အွန်လိုင်းကနေစာထုတ်ခဲ့ပါတယ်။ အဲဒီနောက်မှာပဲ လူစုလူဝေးနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့လို့ ရဲနဲ့စစ်ကားတွေရောက်လာပြီး လူငယ်တချို့ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဒီအကြောင်း ရန်ကုန်ပေးပို့တဲ့သတင်း မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ ပြည်လမ်းမပေါ်မှာရှိတဲ့ ရန်ကုန်ပညာရေးတက္ကသိုလ် ဂိတ် ၄ မှာ ဒီကနေ့မနက်အစောပိုင်းကတည်းက လူ ၅ ထောင်ဝန်းကျင်ဟာ JLPT စာမေးပွဲလျှောက်လွှာ ဝယ်ယူဖို့အတွက် တန်းစီစောင့်ဆိုင်းခဲ့ကြတာပါ။ JLPT စာမေးပွဲကျင်းပရေး ကော်မတီဘက်က အခုလို လူစုလူဝေးဖြစ်တယ်ဆိုတဲ့အကြောင်းပြပြီး JLPT စာမေးပွဲကျင်းပရေး ကော်မတီက လျှောက်လွှာရောင်းချတာကို ရပ်ဆိုင်းလိုက်တယ်လို့ အွန်လိုင်းကနေ ကြေညာခဲ့ပါတယ်။ စာမေးပွဲလျှောက်လွှာဝယ်ယူဖို့အတွက် ညအိပ်ညနေ လာရောက်ပြီး စောင့်ဆိုင်းခဲ့ရသူတွေလည်းရှိတယ်လို့ JLPT N4 လျှောက်လွှာဝယ်ယူဖို့ တန်းစီခဲ့သူ လူငယ်တဦးက ပြောပါတယ်။

"ကျနော်က ၄ နာရီထိုးမှ သွားတာဗျ။ နယ်ကလာတဲ့သူတချို့ဆို အဲဒီနားမှာ ဟိုတယ်ငှားပြီး စောင့်နေရတာရှိတယ်ဗျ။ မနက်ကကျတော့ လူဦးရေအရမ်းများတယ်။ လူဦးရေ ၅,၀၀၀ လောက်ရှိတဲ့အတွက် လူစုလူဝေးဖြစ်လို့ အွန်လိုင်းကနေပဲရောင်းမယ်လို့ ပြောတယ်ဗျ။ အဲလို ကြေညာချက်ထုတ်ပြီးတော့ သူတို့ စာတင်တာက ၅ နာရီ ၄၃ မိနစ်မှာ စပြီးတော့တင်တယ်။ ကျနော်က ၆ နာရီကျော်ကျော်မှာ ပြန်လာတယ် ဗျ။ အဲဒီအချိန်ထိတော့ ဘာမှတော့မဖြစ်ဘူး။ ဒါပေမယ့် အရှေ့မှာတော့ ကျနော့်သူငယ်ချင်းတွေပြောတာက ရုန်းရင်းဆန်ခတ်တွေဖြစ်တယ်လို့တော့ ပြောသံကြားတယ်ဗျ။ လူငယ်တွေကျတော့ နစ်နာတာပေါ့ဗျာ။ အစကတည်းက ပြောတာမဟုတ်ဘဲ ကျနော်တို့က မိုးထဲရေထဲမှာစောင့်ပြီးတော့ တချို့ဆို မူးလဲတဲ့သူတွေရှိတယ်။ ဟိုတယ်ငှားပြီး လာရတဲ့သူတွေရှိတယ်။ အဲလိုကျ အရမ်းနစ်နာတယ်ဗျ။"

စာမေးပွဲလျှောက်လွှာဝယ်ယူဖို့အတွက် တန်းစီစောင့်ခဲ့သူ နောက်ထပ်လူငယ်တဦးကလည်း လျှောက် လွှာဖောင်ရောင်းချတာ ရပ်ဆိုင်းလိုက်တဲ့ကြေညာချက်ကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တဲ့ အခြေအနေကို အခုလိုပြောပါတယ်။

"၄ နာရီထိုးလောက်မှာ စီရင်းနဲ့ အတန်းကြီးက ရှေ့ကိုတိုးတိုးသွားတာ။ ညီမတို့စိတ်ထဲမှာ ထင်လိုက်တာက ဖောင်များအစောကြီးကတည်းက ကြိုပေးလိုက်တာလား၊ ဒါမှမဟုတ်ရင် အရှေ့ကလူတွေကပဲ မစောင့်နိုင်လို့ ပြန်လာကြတာလား။ အဲလိုပဲ စိတ်ကထင်လိုက်တာ။ ညီမဘေးနားက တန်းစီနေတဲ့တဖွဲ့ကို အရှေ့မှာပွဲတွေဖြစ်နေပြီ မကောင်းဘူး ပြန်ကြမယ်ဆိုပြီးတော့ ကားဆရာလာခေါ်တာ။ ညီမလည်းသိချင်တာနဲ့ ကျောင်းပေါက်ဝရှေ့နားထိ ရောက်အောင်သွားတယ်။ အဲဒီမှာ လူတွေကတံခါးတွေကို ဆွဲဖွင့်နေကြတာ။ ရေဘူးနဲ့ပေါက်တာ၊ ခဲနဲ့ထုတာဆိုတော့ မိန်းတံခါးနဲ့ အတွင်းတံခါး နှစ်ထပ်ရှိတာမှာ အရှေ့ကမိန်းတံခါးကြီးကတော့ ပျက်သွားတယ်။"

မြန်မာနိုင်ငံ ဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) ဦးဆောင်တဲ့ JLPT စာမေးပွဲကျင်းပရေးကော်မတီက လူစုလူဝေးဖြစ်ခဲ့လို့ စာမေးပွဲလျှောက်လွှာ ရောင်းချတာရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့ပြီး စောင့်ဆိုင်းခဲ့သူတွေအပေါ် အနူးအညွှတ်တောင်းပန်တယ်လို့ စာထုတ်ပေမယ့် နောက်ပိုင်း လျှောက်လွှာပြန်ဝေပေးမယ်ဆိုပြီး လိမ်ညာခဲ့တာလည်း ရှိခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့သူတဦးက ပြောပါတယ်။

"အဲဒီ MAJA ကလေ အရမ်းမိုက်ရိုင်းတယ်။ Page မှာတင်ထားတော့သာ ဒီနေ့မရတော့တာ အနူးအညွှတ်တောင်းပန်ပါတယ် ရေးထားတာ အပြင်မှာက မာမာထန်ထန်ပဲ။ ငါတို့ ဖောင်ဝေပေးမယ် ပြန်တန်းစီကြဆိုပြီးတော့ တန်းစီပြီးမကြာဘူး၊ သူတို့ခေါ်လိုက်လို့ စစ်ကားတွေရောက်လာကြတာ။ မီးလောင်တဲ့ပြဿနာကတော့ ညီမတို့နားမှာဖြစ်တာ မဟုတ်ဘူး။ ညီမတို့က ဂိတ် ၄ မှာ ဖောင်ဝေမှာဆိုတော့ အဲဒီနားမှာရပ်တာပေါ့။ မီးလောင်တာက ဘယ်သူလုပ်တာလဲဆိုတာလည်း မသိကြဘူး။ အဲဒီအချိန်မှာ ရဲကားတွေရောက်လာကြရော အကုန်လုံးက ဝရုန်းသုန်းကားနဲ့ ညီမဆိုလည်း ခုံတွေကျိုး ချော်လဲလို့ တံတောင်ဆစ်တွေမှာ ဒဏ်ရာတွေလည်းဖြစ်။ အဲဒီအချိန်မှာ ရဲတွေနဲ့ စစ်သားတွေကနေပြီးတော့ မိတဲ့ ၁၀ ယောက်လောက်ကို ဖမ်းပြီးတော့ခေါ်သွားတာ။"

စာမေးပွဲလျှောက်လွှာ ပြန်လည်ရောင်းချမယ်လို့ ပြောခဲ့ပြီးတဲ့နောက်မှာပဲ လူငယ်တချို့ အဖမ်းခံလိုက်ရတယ်လို့ သိရပါတယ်။ သူတို့ကို ယာယီထိမ်းသိမ်းတဲ့သဘောလား၊ ဖမ်းဆီးခေါ်ဆောင်သွားသလားဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိသေးပါဘူး။ လူစုလူဝေးဖြစ်နေချိန် အင်းယားလမ်းနဲ့ သထုံလမ်းထောင့်မှာရှိတဲ့ ပညာရေးအဆောက်အဦးတခုမှာလည်း မီးလောင်တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်းခံထားရတဲ့ အခုကာလမှာ အခြေခံကုန်ဈေးနှုန်းတွေက တနေ့ထက်တနေ့ တိုးလာနေသလို အဖက်ဖက်မှာ အခက်အခဲတွေရှိနေသလို၊ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်းက ပိုပြီးရှားပါးလာတယ်လို့ ပြည်ပမှာအလုပ်လုပ်ဖို့ ပြင်ဆင်နေသူတဦးက ပြောပါတယ်။

"၅ နှစ်ဗီဇာအတွက်ဆိုရင် အခု JLPT က ပိုပြီးတော့လိုကို လိုတယ်ပေါ့နော်၊ ကျွမ်းကျင်ဗီဇာပေါ့။ ထရိန်နင်ဗီဇာကျ ရိုးရိုးအလုပ်သင်ပေါ့။ ထရိန်နင် ၃ နှစ်ဗီဇာနဲ့ အခု Tokutei Ginou ၅ နှစ်ဗီဇာနဲ့က အစိုးရကိုဆောင်ရတဲ့ ဒေါ်လာ ကွာတယ်ဗျ။ ထရိန်နင်ဗီဇာက ဒေါ်လာ ၂,၈၀၀ ဆောင်ရတယ်ဗျ။ Tokutei ဗီဇာကကျတော့ ဒေါ်လာ ၁,၅၀၀ ပဲဆောင်ရတယ်ဗျ။ နောက်ပြီးတော့ ဂျပန်ရောက်ရင် ခံစားခွင့်က ထရိန်နင်ထက် Tokutei က လစာပိုကောင်းတယ်ပေါ့။ အဲဒါကြောင့် တော်တော်များများတိုးကြတာလည်း ဖြစ်နိုင်ပါတယ်ဗျ။ ကျနော်ကတော့ အခု JLPT ဖောင်မရတာကို သိပ်တော့မမျှော်တော့ဘူးဗျ။ အဓိက က ဒီနိုင်ငံကနေ မြန်မြန်ထွက်ဖို့ပါပဲ။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့နိုင်ငံမှာက လူငယ်တွေအတွက် အလုပ်လခစား မရှိဘူးဗျ။ ရန်ကုန်မှာ အခြေခံလစာဆိုရင် အလွန်ဆုံး ၁ သိန်းကျော်လောက်ပဲ ရှိတယ်ဗျာ။ အခု နိုင်ငံရေးအခြေအနေနဲ့ ရတဲ့ဝင်ငွေနဲ့က ဘယ်လိုမှအဆင်မပြေဘူးဗျ။ အဲဒါကြောင့် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်ဖြစ်တာပါဗျ။"

N4 စာမေးပွဲအတွက် လျှောက်လွှာရောင်းချတာကို အွန်လိုင်းစနစ်နဲ့သာ လက်ခံသွားတော့မယ်လို့ MAJA က ကြေညာထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မန္တလေးမြို့မှာ JLPT စာမေးပွဲလျှောက်လွှာဝယ်ယူဖို့ တန်းစီခဲ့သူတွေဟာ လူကိုယ်တိုင်သွားရောက် စောင့်ဆိုင်းပြီးမှ လျှောက်လွှာရောင်းချတာကို MAJA ဘက်က ရပ်ဆိုင်းကြောင်း အွန်လိုင်းကနေ ကြေညာခဲ့ပါတယ်။ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ MAJA ဘက်ကို မေးမြန်းဖို့ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]











XS
SM
MD
LG