သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်ဓါတ် ဝန်အားလျှော့မယ့်ကြေညာချက် အများပြည်သူရှင်းရှင်းလင်းလင်းမရှိ 


လောပိတရေအားလျှပ်စစ် (ဓါတ်ပုံ MOEE Ministery of Electricity and Energy)
လောပိတရေအားလျှပ်စစ် (ဓါတ်ပုံ MOEE Ministery of Electricity and Energy)

[[Zawgyi/Unicode]]

LNG ဓာတ်ငွေ့ ဈေးတက်နေလို့ ဓာတ်အားပေးစက်ရုံကို ပိတ်လိုက်ရသလို တခြား ဓာတ်အားထုတ်လုပ်နေတဲ့နေရာတွေက လျှပ်စစ်အလုံအလောက် မပေးနိုင်တော့တဲ့အတွက် တချို့နေရာတွေကို ၂၄ နာရီ ဝန်အားလျှော့ချသွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဌာနက ကြေညာထားပါတယ်။ လူထုကြားမှာတော့ ၂၄ နာရီ ဝန်အားလျှော့ ချမယ်ဆိုတဲ့ ဒီကိစ္စကို ရှင်းရှင်းလင်းလင်းမရှိသလို တရက်ကို နာရီပေါင်းများစွာ မီးပျက်နေတဲ့အတွက်လည်း မေးခွန်းထုတ်နေကြပါတယ်။ ရန်ကုန်ပေးပို့တဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ဘီလူးချောင်း လောပိတကပို့တဲ့ လျှပ်စစ်ဓာတ်အားလိုင်းတချို့ ဖောက်ခွဲခံရတာ၊ ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်က ရေအောက်ပိုက်လိုင်း ပြုပြင်နေတာအပါအဝင် LNG ဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို ပိတ်လိုက်ရတာတွေကြောင့် လာမယ့် မတ်လ ၁၂ ရက်ကနေ ၁၈ ရက်အထိ တချို့ဒေသတွေကို ၂၄ နာရီ ဝန် အားလျှော့ချသွားမယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဌာနက ထုတ်ပြန်ထားတာပါ။ ဒါပေမယ့် ဘယ်နေရာတွေကို ဘယ်လိုအလှည့်ကျပေးမယ်၊ တရက်ကို အချိန်ဘယ်လောက်အထိ ပေးမယ်ဆိုတာတွေ တိတိကျကျ မထုတ်ပြန်တာကြောင့် လူထုကြားမှာ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဝန်အားလျှော့ချမယ်ဆိုတာက ၂၄ နာရီ မီးဖြတ်မယ်လို့ ဆိုလိုတာမဟုတ်ဘဲ မြို့ နယ်အလိုက် အလှည့်ကျမီးပေးတဲ့ အစီအစဉ်ဖြစ်တယ်လို့ လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင် ဦးအေးကျော်က ပြောပါတယ်။ ဘယ်မြို့နယ်တွေကို ဘယ်အချိန်ပေးမယ် ဆိုတာကတော့ သက်ဆိုင်ရာက ဒီရက်ပိုင်းထဲမှာ အသေးစိတ်ထုတ်ပြန်နိုင်တယ်လို့ သူက ဗွီအိုအေကို ပြောပါတယ်။

“ထုတ်ပြန်ပါလိမ့်မယ်ဗျ၊ ကျနော်တို့က အချိန်ပိုင်းလုပ်တယ်ဆိုတာက နာရီစဉ်အလိုက်ပေါ့နော် ထုတ်ပေးနိုင်တဲ့ ဓာတ်အားထုတ်လုပ်မှုနဲ့ အလှည့်ကျ မီးပိတ်တဲ့ဟာပါ။ နာရီလိုက်အလှည့်ကျ အချိန်ပိုင်း မီးပိတ်ပြီးတော့မှ ဓာတ်အားပေးမယ့် အစီအစဉ် ဆိုတာပါ။ ၂၄ နာရီလုံး မဟုတ်ပါဘူး။”

လာမယ့်တပတ်အတွင်းမှာ မီးအားလျှော့ချပြီး ပေးရတာကတော့ လျှပ်စစ်ထုတ်လုပ်တဲ့ ကုန်ကျစရိတ်က ကြီးလာသလို ဘီလူးချောင်း ရေအားလျှပ်စစ်ကလာတဲ့ ဓာတ်အားလိုင်းတချို့ ဖောက်ခွဲရတာကြောင့်လို့ သူကပြောပါတယ်။ မြန်မာ့အလင်း သတင်းစာမှာလည်း အခုနောက်ပိုင်း မီးပျက်ရတဲ့ အကြောင်းရင်းအဖြစ် ဒီကိစ္စတွေကို ထည့်သွင်းဖော်ပြ ထားပါတယ်။

“လက်ရှိ LNG ( ဓာတ်ငွေ့အရည်) ဂတ်စ်ကိုလေ ဈေးမြင့်တဲ့အတွက်ကြောင့် ဓာတ် အားထုတ်လုပ်မှုတွေ မြင့်တဲ့အတွက် ဝယ်ပြီးမသုံးနိုင်တာကြောင့် ကျနော်တို့ ထုတ်လုပ်မှုနည်းတာ တချက်ပါပါတယ်။ နောက်တခုက လောပိတ ဘီလူးချောင်းကနေ system ထဲသွင်းတဲ့ ဓာတ်အားလိုင်းတွေပေါ့။ မဟာဓာတ်အားလိုင်းကြီးတွေ ဖျက်စီးခံရတာပေါ့။ အဲဒါတွေပြင်ဆင်ဖို့ အချိန်မရသေးတဲ့အတွက် ဓာတ်အားထုတ် တာ အပြည့်မရောက်ဘူးပေါ့။ နောက်တခုက နွေရာသီ ကျတဲ့အခါကျတော့ ရေလှောင်ကန်ထဲက ရေလယ်ဗယ်ကလည်း ကျလာတယ်ဆိုတော့ လာမယ့် မိုးရာသီ မတိုင်ခင်ကို ထိန်းပြီးတော့မှ ရေလှောင်ကန်က ရေထုတ်လုပ်မယ့် ရေအားစက်တွေကို ထိန်းပြီးတော့ မောင်းနေရလို့ generation ကျသွားတာပါ။”

တနိုင်ငံလုံး အတိုင်းအတာနဲ့ အမြင့်ဆုံး ဓာတ်အားထုတ်လုပ်နိုင်မှုက ၄၂၀၀ မဂ္ဂါဝပ် ရှိပြီး အခုလို အခြေအနေတွေကြောင့် ၁,၃၀၄ မဂ္ဂါဝပ် လျော့ကျသွားတယ်ဆိုတဲ့ လျှပ်စစ်နှင့်စွမ်းအင်ဌာနရဲ့ ထုတ်ပြန်ပါတယ်။ တနိုင်ငံလုံးရဲ့ ပျမ်းမျှလျှပ်စစ်သုံးစွဲမှုက တရက်ကို ၂,၆၀၀ မဂ္ဂါဝပ်ပဲရှိတယ်လို့လည်း ဒီကြေညာချက်မှာဖော်ပြပါတယ်။ ဒီဖော်ပြချက်အတိုင်းဆိုရင် တနိုင်ငံလုံး ၈၀ ရာခိုင်နှုန်းမီးပေးနိုင်လျက်နဲ့ ဘာကြောင့် အလှည့်ကျမီးပေးမယ့်ကိစ္စဖြစ်လာသလဲဆိုပြီး မေးခွန်းထုတ် မကျေမနပ်ဖြစ်နေကြပါတယ်။

အခုတလော နာရီပေါင်းများစွာ မီးပျက်လာသလို မီးပေးချိန်လည်း မမှန်တော့တာကြောင့် မြို့နယ်အလိုက် မီးလာမယ့်အချိန် အတိအကျ ထုတ်ပြန်ပေးသင့်တယ် လို့ ရန်ကုန်က မုန့်လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

“အခုလက်ရှိကိုက ၂၄ နာရီမှာ တနာရီပဲ မီးလာရက်တွေရှိတယ်။ ၂ နာရီ ၃နာရီ မီးရတဲ့ရက်တွေလည်းရှိတယ်။ တချို့ရက်ကျရင်လည်း ၂၄ နာရီမှာ ၁၀ နာရီလောက် မီးရတာလည်းရှိတယ်။ အဓိကတော့ မမှန်တာပေါ့။ ဘယ်အချိန်လာလို့ ဘယ်အချိန် ပျက်မယ်ဆိုတဲ့အနေအထားမျိုးနဲ့ ၅၀ ရာခိုင်နှုန်းမက လျှော့ချနေတယ်ပေါ့ လက်ရှိအခြေအနေက။ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ဘယ်လောက်လျော့သွားတယ် ဘယ်လောက်ရာခိုင်နှုန်းပဲ ပေးနေတယ်၊ နောက်ထပ်ဘယ်လောက် လျော့ဦးမယ်၊ ဘယ်လောက်ကြာရင် ပြန်တိုးလာမယ်ဆိုတာကို သိပ်စိတ်မဝင်စားတော့ဘူး။ ကျမတို့က နဂိုကတည်းကမှ နည်းနည်းလေးပဲ ရနေတဲ့အတွက်ကြောင့် ကျမတို့ အတွက်က ဘာမှမထူးဘူး။”

မီးမလာတာကြောင့် လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာနေတယ်ဆိုတဲ့ အသံတွေလည်း ဒီရက်ပိုင်းထဲမှာ ကြားနေရတာပါ။ စက်သုံးဆီဈေးကလည်း တရှိန်ထိုး တက်နေပြီး မီးစက်နဲ့လည်ပတ်ရတဲ့ လုပ်ငန်းတွေဆိုရင် ရေရှည်တောင့်မခံနိုင်ကြဘဲ လုပ်ငန်းပိတ်သိမ်းတဲ့အထိ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]










=============

XS
SM
MD
LG