သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ EU သံအမတ်ကြီးကို ပြန်ခေါ်ဖို့ အလုပ်သမားအဖွဲ့များ တောင်းဆို


လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
လှိုင်သာယာစက်မှုဇုန်က အထည်ချုပ်စက်ရုံအလုပ်သမားများ။ (ယခင်မှတ်တမ်းဓာတ်ပုံ)


[[Zawgyi/Unicode]]


မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂသံအမတ်ကြီးဟာ မြန်မာစစ်ကောင်စီကို သွယ်ဝိုက်တဲ့နည်းတဲ့ ပံ့ပိုးကူညီနေတယ်ဆိုပြီး သူ့ကို တာဝန်က ပြန်လည်ခေါ်ယူပေးဖို့ မြန်မာအလုပ်သမားအဖွဲ့အစည်းတွေက အီးယူ ဥရောပသမဂ္ဂကို တောင်းဆိုလိုက်ပါတယ်။ EU သံအမတ်ကြီးဟာ မြန်မာအလုပ်သမားတွေရဲ့ဆန္ဒနဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေရဲ့ တောင်းဆိုချက်ကိုလည်း လျစ်လျှူပြုနေတယ်ဆိုပြီးတော့လည်း မြန်မာအလုပ်သမားတွေက စွပ်စွဲခဲ့ပါတယ်။ ဒီအကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

အထည်ချုပ်လုပ်ငန်းကနေ အလုပ်ပြုတ်ပြီးနောက်မှာ မိန်းကလေးငယ်တချို့ဟာ ပြည့်တန်ဆာအဖြစ် အသက်မွေးနေရတယ်ဆိုတဲ့ အီးယူရုံးရဲ့ ဖေ့စ်ဘွတ်ပေါ်က ၂ မိနစ်စာ ဗွီဒီယိုဖိုင်ကြောင့် ပြည်တွင်းအလုပ်သမား အဖွဲ့အစည်းတွေကြားမှာ အငြင်းပွားစရာတခု ဖြစ်ခဲ့ပါတယ်။ "တာဝန်သိ၊ တာဝန်ယူမှုရှိပြီး ပွင့်လင်းမြင်သာမှုကို တန်ဖိုးထားတဲ့ စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံမှာရှိနေခြင်းက ဒီလိုဆိုးကျိုးရလဒ်တွေကို လျော့ပါးစေတယ်" ဆိုတဲ့အီးယူဘက်က တင်ပြချက်ကို မြန်မာအလုပ်သမားအဖွဲ့အစည်းတွေက ရှုတ်ချလိုက်တာပါ။

တကယ်တော့ သင့်တင့်လျှောက်ပတ်တဲ့ အလုပ်အကိုင်ဆိုတာဟာ လွတ်လပ်စွာသင်းပင်းဖွဲ့စည်းခွင့်အပါအဝင် လုပ်ငန်းခွင်မှာ အလုပ်သမားအခွင့်အရေးရှိဖို့၊ အလုပ်အကိုင် အာမခံချက်ရှိဖို့နဲ့ ကျန်းမာရေးနဲ့ အန္တရာယ်ကင်းတဲ့ လုပ်ငန်းခွင်ဖြစ်ဖို့လိုတယ်လို့ အလုပ်သမားအဖွဲ့တွေက တုံ့ပြန်ပါတယ်။ မြန်မာနိုင်ငံတွင်း ရာနဲ့ချီတဲ့ အထည်ချုပ်လုပ်ငန်းတွေမှာ ဒီလိုအခွင့်အရေးတွေဆုံးရှုံးနေတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ထောက်ပြပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အီးယူရုံးဟာ စစ်တပ်နဲ့ အပေါင်းအပါ စီးပွားရေးလုပ်ငန်းရှင်တွေ ကျူးလွန်ထားတဲ့ လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေကို မျက်ကွယ်ပြုပြီး ဥရောပနဲ့ အနောက်နိုင်ငံတွေက ဖက်ရှင်ကုန်အမှတ်တံဆိပ်တွေ ဆက်ပြီးရင်းနှီးမြှုပ်နှံအောင် လှုံ့ဆော်နေတယ်လို့ မြန်မာအလုပ်သမားရေးရာ အဖွဲ့အစည်းတွေက ပြောပါတယ်။

အီးယူရုံးအနေနဲ့ မြန်မာပြည်သူတွေရဲ့အသံကိုကိုယ်စားပြုတဲ့ ကြားကာလအစိုးရ NUG အပါအဝင် နိုင်ငံတကာအသိအမှတ်ပြု အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်တွေနဲ့ တခြားမတူညီတဲ့ အစုအဖွဲ့က အသံတွေကိုနားထောင်ဖို့ လိုတယ်လို့ အလုပ်သမားတပ်ပေါင်းစု (Myanmar Labour Alliance) ရဲ့ ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင်က ဗွီအိုအေကို ပြောပါတယ်။

" ဒီအင်အားစုတွေအားလုံးကို ဂရုမစိုက်တဲ့ သံအမတ်တယောက်ဟာ မြန်မာပြည်ရဲ့ရုံးမှာ ထိုင်ဖို့မသင့်ပါဘူး။ ဒါကြောင့်သူ့ကို လက်ရှိတာဝန်ကနေ ခေါ်ယူသင့်တယ် လို့ ကျမတို့အလုပ်သမား အဖွဲ့အစည်းတွေက တောင်းဆိုတာပါ။ အီးယူရဲ့ စီးပွားရေးဆိုင်ရာ အကျိုးစီးပွားပေါ့ ရှိနေတယ်၊ အဲဒါကိုကျမတို့က သူတို့ကျင့်ဝတ်နဲ့အညီလုပ်ဖို့ စည်းကြပ်ခဲ့ပါပြီ ပြီးခဲ့တဲ့နှစ်က။ မလုပ်ခဲ့ပါဘူးသူတို့။ မလုပ်ခဲ့တဲ့အတွက် အဲလိုမျိုး ထွက်သွားဖို့ပြောတာ ဖြစ်ပါတယ်။ အလုပ်အကိုင်တွေက အထည်ချုပ်လုပ်ငန်းတွေ ထွက်သွားမှ ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး ကျမတို့ ဆုံးရှုံးသွားပြီးပြီ။ အခုလည်း အထည်ချုပ်မှာရှိတဲ့ အလုပ်သမားတွေက အလုပ်အကိုင် အာမခံချက် လုံးဝမရှိပါဘူး။ နေ့စားအလုပ်သမားအဖြစ် ခိုင်းခံရတယ်၊ မေးခွန်းမေးလို့မရဘူး၊ ခိုင်းတာလုပ်၊ ကျွေးတာစား၊ ပြန်မပြောနဲ့၊ နောက်နေ့မလာနဲ့- အဲလိုမျိုးဖြစ်နေတာ။ အဲဒါအလုပ်အကိုင်မဟုတ်ဘူး။ အဲဒါကို ကျမတို့က သိစေချင်ပါတယ်။ တကယ်အလုပ်သမားတွေရဲ့အသံကို နားထောင်ဖို့လိုတယ်။ သူတို့ထမင်းစားဖို့ အလုပ်ရှိရမှာပေါ့။ အလုပ်ပြုတ်သွားရင် ပြည့်တန်ဆာတွေ ဖြစ်သွားမယ်၊ အဲဒါတွေက မဟုတ်ပါဘူး။"

အလုပ်သမားအဖွဲ့အစည်းတွေရဲ့ အခုလို ကန့်ကွက်မှုနဲ့ပတ်သက်လို့ မေးမြန်းဖို့ မြန်မာနိုင်ငံက EU ရုံးကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် တုံ့ပြန်ချက်မရပါဘူး။

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာ ကုန်အမှတ်တံဆိပ် ၂၀ နဲ့စုဖွဲ့ထားတဲ့ Action Collaboration Transformation- ACT အဖွဲ့က မြန်မာပြည်တွင်းမှာ သူတို့ရင်းနှီးမြှုပ်နှံထားတာတွေကို ရပ်နားတော့မယ်ဆိုပြီး ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ကြေညာခဲ့တာပါ။ ဒါပေမယ့် အဲဒီအဖွဲ့ထဲက နာမည်ကြီး ကုန်အမှတ်တံဆိပ်တချို့ဆိုရင် ပြည်တွင်းမှာ လုပ်ငန်း လည်ပတ်နေဆဲဖြစ်ပြီး ပေါ်ပေါ်ထင်ထင် မလုပ်တော့တဲ့အတွက် ဒီလုပ်ငန်းတွေမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာတွေ ပိုများလာတယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် STUM ဥက္ကဋ္ဌက ဗွီအိုအေကို ပြောပါတယ်။

"ကမ္ဘာ့မျက်နှာစာမှာ စားသုံးသူတွေကို Brand တွေက လိမ်တာ။ ငါတို့တွေတော့ မြန်မာနိုင်ငံမှာ မချုပ်တော့ပါဘူး၊ အထူးသဖြင့် ACT ပေါ့ ACT ဆိုရင်ထွက်သွားပြီလို့ပြောတယ်၊ အခု Primark ဆိုရင် ဒီမှာချုပ်နေတာပဲ Primark ဆို ACT ထဲပါတယ်။ တကယ့်ကမ္ဘာ့ပြည်သူလူထုက သိနေတာက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ သူတို့ကဒီမှာ ရင်းနှီးမြှုပ်နှံမှုမလုပ်ဘူး၊ မချုပ်ဘူး၊ ဒီ brand တွေနောက် ဆုတ်သွားတယ်။ မဟုတ်ဘူးရှင့်။ ပိုပြီးတောင်ဆိုးနေတယ်။ ပုန်းလျှိုးဝှက်လျှိုး လုပ်တဲ့အခါကျတော့ သူတို့က ကြီးကြီးကျယ်ကျယ်ကြီး အပြင်မှာမပေါ်နေဘူး၊ ညလုံးပေါက် overtime ခေါ်တာတို့၊ သမဂ္ဂတွေဖြိုခွဲတာတို့၊ သူတို့လုပ်ချင်တာကို လုပ်ဖို့အတွက် စည်းဝါးရိုက်တာတို့၊ စစ်တပ်ကိုငွေပေးပြီး တဘက်လှည့်နဲ့ အဆင်ပြေအောင်လုပ်တာတို့ အဲဒါမျိုးချိုးဖောက်မှုတွေက အကြီးကြီးတွေဖြစ်နေတယ်။"

အာဏာသိမ်းပြီးတဲ့နောက်မှာ အလုပ်သမားအဖွဲ့ချုပ်တွေ အပါအဝင် အလုပ်သမားသမဂ္ဂတွေကို တရားမဝင်ကြောင်း စစ်ကောင်စီက ကြေညာပြီးတဲ့နောက်မှာ အလုပ် သမားအခွင့်အရေး ချိုးဖောက်ခံရမှုတွေက ပိုပြီးများခဲ့တာပါ။ ဒါတွေကို အလုပ်သမားတပ်ပေါင်းစုက EU မြန်မာရုံးကို တိုင်ကြားခဲ့ဖူးတယ်လို့ ပြောပါတယ်။ အပြည် ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ ILO ကတော့ လွတ်လပ်စွာ သင်းပင်းဖွဲ့စည်းခွင့်နဲ့ လုပ်အား အဓမ္မစေခိုင်းခံရတဲ့ ပြည်တွင်းက အခြေအနေတွေကို စုံစမ်းဖို့အတွက် ၂၀၂၂၊ မတ်လ ၂၅ရက်မှာ ကော်မရှင်တခု ဖွဲ့စည်းတာဝန်ပေးခဲ့ပါတယ်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံကိုပေးထားတဲ့ အထူးကုန်သွယ်ရေး အခွင့်အရေးကိုလည်း ဆက်ပြီးမပေးဖို့ အလုပ်သမားအဖွဲ့တွေက တောင်းဆိုနေပါတယ်။ အကြောင်းကတော့ ဒီအခွင့်အရေးဟာ လာရောက်ရင်းနှီးမြှုပ်နှံ့တဲ့ စက်ရုံ၊ အလုပ်ရုံတွေကိုပဲ ပိုပြီးအကျိုးရှိနေပြီး အလုပ်သမားအခွင့်အရေးမှာတော့ ပိုပြီးကောင်းမွန်လာတာ မရှိဘူးလို့ သူတို့ကထောက်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

============
[[Unicode]]














XS
SM
MD
LG