သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်မြို့နယ်တွင်း တပ်စခန်းတခုကို KIA သိမ်းယူ


ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ စစ်ကြောင်း။
ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ စစ်ကြောင်း။

[[Zawgyi/Unicode]]

ကချင်ပြည်နယ် ဝိုင်းမော်- ကန်ပိုက်တီလမ်း ဆဒုံးမြို့နယ်ခွဲရှိ အင်ဝမ်းယန်ရွာနားက စစ်ကောင်စီရဲ့တပ်စခန်းကို ဩဂုတ်လ ၂ ရက်နေ့ အစောပိုင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA က တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။ ဒီလို သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့်တင်းတာတွေရှိနေပြီး တိုက်ပွဲထပ်မှာဖြစ်မှာ စိုးတာကြောင့် ဒေသခံ ပြည်သူတွေဟာ ဆဒုံးဘက်ကို တိမ်းရှောင်နေကြရပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့လဆန်းပိုင်းကစတင်ပြီး စစ်ရေးတင်းမာခဲ့သလို ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ဝါးရှောင်အနီးက နန်ဇော်ယန်မှာ တိုက်ပွဲတွေ စတင်ဖြစ်ခဲ့တာပါ။ အခု ဩဂုတ်လ ၂ ရက်နေ့ မနက် ၈ နာရီလောက်မှာတော့ ဝိုင်းမော်မြို့နယ် ဆဒုံးမြို့နယ်ခွဲအတွင်းက စစ်ကောင်စီရဲ့ တပ်စခန်းကို KIA က သိမ်းယူလိုက်ကြောင်း ဒေသခံတဦးက VOA ကို ပြောပါတယ်။

“မနေ့က ဖြစ်တဲ့နေရာက အင်ဝမ်းကောင် လို့ ခေါ်တယ်။ အင်ဝမ်းကောင်ဆိုတာ အင်ဝမ်းကုန်းပေါ့နော်။ စစ်တပ်က အဲဒီမှာ ရှိတယ်။ အဲဒါကို KIA တွေက လာသိမ်းလိုက်တာလေ။ လာထိုင်ပစ်လိုက်တာ မနေ့က။ သူတို့ စစ်ကား နှစ်စီးနဲ့ စစ်ကူပြန်ရောက်လာတယ်။ အခုတောင်မှ ဖြစ်နေတယ်လို့ ကြားတာ။”

တိုက်ပွဲဖြစ်ပွားရာအနီးက အင်ဝမ်းယန်ရွာက ရွာသားတွေဟာ စစ်ကောင်စီတပ်ဘက်က စစ်ကူတွေ ရောက်လာတဲ့နောက် တိုက်ပွဲဖြစ်ပွားမှာကို စိုးရိမ်ပြီး ဆဒုံးမြို့ ဘက်ကို တိမ်းရှောင်သွားကြောင်းလည်း ပြောပါတယ်။

“ အခုဖြစ်နေတဲ့နေရာပေါ့။ အင်ဝမ်းယန်ပေါ့။ အခု အဲဒီမှာရှိတဲ့ ရွာသူရွာသားတွေအားလုံးက ရှောင်နေကြတာ။ အခု ဆဒုံးဘက်ကို အကုန်လုံးရှောင်သွားပြီ။ လူကတော့အများကြီးတော့ မရှိပါဘူး။ အိမ်ခြေကတော့ ၄၀- ၅၀ တော့ရှိမယ်ထင်တယ်။ ”

အင်ဝမ်းယန်စခန်းကနေ KIA က စစ်လက်နက်ပစ္စည်းတွေ သိမ်းဆည်းခဲ့တာရှိကြောင်း နဲ့ ဩဂုတ်၂ ရက်နေ့ ညနေပိုင်းမှာတော့ တိုက်ပွဲမှာ ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်က ဒုတပ်ရင်းမှူးတဦး သေဆုံးသွားကြောင်းလည်း ပြောပါတယ်။

ကချင်သတင်းဌာနတခုဖြစ်တဲ့ The 74 Media သတင်းဌာနကတော့ ၂ ရက်နေ့ ညနေပိုင်းမှာစစ်ကူလာတဲ့ ကားနှစ်စီးကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဒုတပ်ရင်းမှူးအပါအဝင် ၁၀ ဦးခန့်သေဆုံးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီတိုက်ပွဲနဲ့ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ KIA ပြန်ကြားရေးတာဝန်ရှိသူကို ဆက်သွယ် ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့သလို တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုစာရင်းကိုတော့ သီးခြား အတည်ပြုနိုင်တာမရှိပါဘူး။

ဇူလိုင်လ ၂၈ ရက်နေ့ကလည်း ဝိုင်းမော်မြို့နယ်က ဝူယန်ပြည်သူ့စစ်စခန်းကို KIA က ဝင်ရောက်တိုက်ခိုက်တာရှိခဲ့သလို နန်ဇော်ယန်ရွာဘက်မှာလည်း နှစ်ဘက် တပ်တွေ အကြား တင်းမာမှုတွေ ရှိနေပါတယ်။

ဝိုင်းမော်မြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေတဲ့တချိန်တည်းမှာတော့ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာမှာ အဖွဲ့အစည်းအမည်မသိရတဲ့ သေနတ်သမားတွေက ပစ်ခတ်တာကြောင့် ဒုရဲမှူးတဦး သေဆုံးခဲ့တယ်လို့ ဖားကန့်ဒေသခံတဦးက ပြောပါတယ်။

“ မနက်က ဆိပ်မူမှာ ရဲမှူးတယောက်ကို ပစ်သွားတယ်လို့တော့ ကြားလိုက်တယ်။ ဘယ်သူပစ်သွားမှန်းတော့ မသိဘူး။”

အခြားဒေသခံတဦးကတော့ ပစ်ခတ်ခံရသူဟာ ဒုရဲမှူး ကိုကိုလှိုင်ဖြစ်ကြောင်း ပြောပါတယ်။

ဖားကန့်မြို့နယ် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်ဒေသက ဆယ်ဇင်းကျေးရွာ ဘက်မှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်ရှိနေပြီး ဒေသခံရွာသားအချို့ဟာ အင်းတော်ကြီးဒေသဘက်၊ ဟောင်ပါးနဲ့ တာမခန်ဘက်တွေကို တိမ်းရှောင်တာတွေ ရှိနေပါတယ်။

ဆယ်ဇင်းကျေးရွာဘက်မှာတော့ ဇူလိုင်လ ၁၆ ရက်ကနေ ၁၉ ရက်နေ့အထိ တိုက် ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းက ၃ ရက်ဆက် တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

==================

[[Unicode]]
















XS
SM
MD
LG