သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေကိုကျူးလွန်မှု လူမျိုးတုန်း သတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရသတ်မှတ် ကြေညာ


ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ထားတဲ့ ဂျူးလူမျိုးတွေအစုအပြုံလိုက်သတ်ဖြတ်ခံရတဲ့အောက်မေ့ဖွယ်ပြတိုက်မှာ ဖော်ပြထားတဲ့ မြန်မာပြည်က ရိုဟင်ဂျာတွေကို အစုလိုက်သတ်ဖြတ်မှု ပြခန်းကို သွားရောက်ကြည့်ရှုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မတ်လ ၂၁၊ ၂၀၂၂)
ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ထားတဲ့ ဂျူးလူမျိုးတွေအစုအပြုံလိုက်သတ်ဖြတ်ခံရတဲ့အောက်မေ့ဖွယ်ပြတိုက်မှာ ဖော်ပြထားတဲ့ မြန်မာပြည်က ရိုဟင်ဂျာတွေကို အစုလိုက်သတ်ဖြတ်မှု ပြခန်းကို သွားရောက်ကြည့်ရှုနေတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken (မတ်လ ၂၁၊ ၂၀၂၂)


[[Zawgyi/Unicode]]

ရိုဟင်ဂျာတွေကိုကျူးလွန်မှု လူမျိုးတုန်းသတ်ဖြတ်မှုအဖြစ် အမေရိကန်အစိုးရသတ်မှတ်ကြေညာ

မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ်တရပ်လုံးအပေါ် ရာဇဝတ် မှုကျူးလွန်ခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကြေညာလိုက်ပါတယ်။ ဝါရှင်တန် ဒီစီမှာ ဖွင့်လှစ် ထားတဲ့ ဂျူးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့မှု အောက်မေ့ဘွယ်ပြတိုက်မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ခုလို ပြောခဲ့တာဖြစ်ပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ပြတိုက်မှာ ပြထားတဲ့ မြန်မာနိုင်ငံက လူမျိုးတုန်းသတ်ဖြတ်မှုသို့ သွားရာလမ်း ပြပွဲကိုလည်း ကြည့်ရှုခဲ့ပြီးတဲ့နောက် ပြောခဲ့တာပါ။

အမေရိကန်ပြည်ထောင်စုရဲ့ကိုယ်စား ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်ခဲ့သလားဆိုတာကို အချက် အလက် အရ၊ ဥပေဒေကြောင်းအရဆန်းစစ်ရတာဟာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးရဲ့ တာဝန်တရပ်ဖြစ်ပါတယ်။ သူဟာ ဒီအလုပ်ကို အလေးအနက်ထား လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအနေနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု ခုနစ်ခုကို ဆုံးဖြတ် ကြေညာခဲ့ပြီးပါပြီ။ ဒီကနေ့ ရှစ်ခု မြောက်ပါ။ မြန်မာစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်ခဲ့တယ်လို့ ကျနော် ဆုံးဖြတ်လိုက်ပါတယ်” လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အင်ထော်နီ ဘလင်ကန်က ပြောသွားပါတယ်။

အထောက်အထားအချက်အလက်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ဥပဒေရေးဌာနရဲ့ သုံးသပ်ချက်တွေကို အခြေခံပြီး ဒီလို ဆုံးဖြတ်တာဖြစ်တယ်လို့ သူကဆိုပါတယ်။ အဲဒီလို ဆန်းစစ်ကြတဲ့အခါမှာ သီးခြားလွတ်လပ်တဲ့အဖွဲ့တွေရဲ့ တွေ့ရှိချက်တွေကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြပါတယ်။ ဒီပြတိုက်ရဲ့သီးခြားလွတ်လပ်တဲ့ ဆန်းစစ်သုံးသပ်ချက်ကလည်း မြန်မာစစ်တပ်ဟာ လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ လူသားမျိုးနွယ် တရပ်လုံးအပေါ် ရာဇဝတ်မှုကျူးလွန်ကြောင်း ၂၀၁၈ မှာ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီလို အဖွဲ့အစည်းအသီးသီးရဲ့ တွေ့ရှိဆုံးဖြတ်ချက်တွေ ရှိပေမယ့် လက်ရှိအစိုးရကိုယ်တိုင်က အချက်အလက်နဲ့ ဥပဒေတွေကို စုဆောင်း သုံးသပ်ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အဲဒီလို နိုင်ငံခြားရေးဝန်ကြီးဌာနကလေ့လာခဲ့ရာမှာ ရိုဟင်ဂျာလူမျိုး ဒုက္ခသည်တွေကို ထောင်ချီပြီး တွေ့ဆုံ ‌မေးမြန်းခဲ့ပါတယ်။ စစ်တပ်က တယောက်ယောက်ကို သတ်ဖြတ်ခဲ့တာ တွေ့မြင်ခဲ့တယ်လို့ ၄ ပုံ ၃ ပုံ က ပြောကြပါတယ်။ တဝက်ကျော်က လိင်အကြမ်းဖက်မှု ရှိတာကို တွေ့မြင်ခဲ့ကြတယ်လို့ စစ်တမ်းက ဆိုပါတယ်။ ဖြစ်ရပ်တခုတည်းမှာ လူ ၁၀၀ အထက် သတ်ဖြတ်ခဲ့တာမျိုးကို ငါးယောက်မှာ တယောက်က တွေ့ခဲ့ရတယ်လို့ ပြောကြပါတယ်။ ဒီလို အချက်တွေက ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တာဟာ စနစ်တကျ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်ခဲ့တာ ဖြစ်ကြောင်း ပြသနေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။

တခုလုံးဖြစ်စေ၊ အစိတ်အပိုင်းအားဖြင့် ဖြစ်စေ ရည်ရွယ်ချက်ရှိရှိကျူးလွန်တာ ဟုတ်မဟုတ်ကိုလည်း ကြည့် ခဲ့တယ်လို့ ဝန်ကြီးဘလင်ကန်က ပြောပါတယ်။ မြင်သမျှလူကို “ပစ်” လို့ အမိန့်ပေးခဲ့တာကိုလည်း ထွက်ပြေးလာကြတဲ့ စစ်သားတယောက် ရဲ့ ပြောဆိုချက်ကိုကိုးကားပြီး ဝန်ကြီးက တင်ပြပါတယ်။ ရွာတွေကို မီးတင်ရှို့၊ မိန်းမတွေကို မုဒိန်းကျင့်”လို့လည်း အဲဒီ ထွက်ပြေးလာခဲ့တဲ့ စစ်သားရဲ့တပ်ဖွဲ့ကို အမိန့်ပေးခဲ့ကြောင်း ဝန်ကြီးက ကိုးကား ပြောဆိုပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးရေးအရ ခွဲခြားပြောဆိုတာတွေက မြန်မာ စစ်တပ်အတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ရှိခဲ့ပြီး ၂၀၁၇ ခုနှစ်က တပ်မတော်သားတယောက် တင်ထားတဲ့ ဖြေဘွတ်ခ် စာမျက်နှာမှာ “ဘင်္ဂါလီဆိုရင်သတ်” လို့ ရေးထားကြောင်း သူ့မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုထားပါတယ်။

စက်တင်ဘာလ ၁ ရက် ၂၀၁၇ ခုနှစ်မှာ စစ်သားတွေက ရွာတွေကို ဝင်ရောက်စီးနင်း တိုက်ခိုက်နေချိန်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘင်္ဂါလီ ပြဿနာဟာ နှစ်ရှည်ကြာစွာရှိခဲ့တဲ့ပြဿနာဖြစ်တယ်။ မပြီးနိုင်တဲ့ ပြဿနာ ဖြစ်လာတယ်။ အစိုးရဟာ ဒီ ပြဿနာကို ဖြေရှင်းဖို့ အထူး အလေးထားတယ်လို့ ပြောခဲ့တာကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ကိုးကားသွားပါတယ်။ အဲဒီလို ပြောခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဒီမိုကရေစီအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဆီကနေ အာဏာသိမ်းလိုက်တာကိုလည်း အထူးအလေးထား ပြောသွားပါတယ်။ လူမျိုး သန့်စင်ရှင်းလင်း‌ရေးထက်မက လူမျိုးတုန်း သတ်ဖြတ်မှု ဖြစ်စေတဲ့ အထောက်အထားတွေ အများကြီး တွေ့ရတယ်လို့ ဆိုပါတယ်။

တကယ်တော့ ခုလို လူမျိုးတုန်းသတ်မဖြတ်မှုမတိုင်မီကတည်းက နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့တာဖြစ်တယ် လို့လည်း လူမျိုးတုန်းသတ်ဖြတ်မှုဆီသို့ လှမ်းခဲ့တဲ့ မြန်မာရဲ့လမ်း ပြပွဲကို ကိုးကားပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

==========
[[Unicode]]










==========

XS
SM
MD
LG