ဆေးလိပ်နဲ့ ဆေးရွက်ကြီးကြောင့် စီးပွားလူမှု ထိခိုက်ဆုံးရှုံးမူတွေ ဆက်ရှိလာချိန်၊ မြန်မာနိုင်ငံထဲမှာလည်း ကာကွယ်တားဆီးရေး စိန်ခေါ်ချက်တွေ ဆက်ရှိနေတယ်လို့ ကျန်းမာရေးပညာရှင်တွေက ထောက်ပြပါတယ်။
အဓိက စိန်ခေါ်ချက်ကတော့ ကြော်ငြာအားကောင်းတဲ့ ဆေးလိပ်နဲ့ ဆေးရွက်ကြီးကုမ္ပဏီတွေ၊ သုံးစွဲသူတွေနဲ့ စစ်ခင်းသလို ဖြစ်လာရတာပါ။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး တိုက်ဖျက်ရေးကို ကုမ္ပဏီတွေနဲ့ သုံးစွဲသူတွေဘက်က စီးပွားရေးနဲ့ လူ့အခွင့်အရေးအဖြစ် တန်ပြန်နေကြပါတယ်။ တဘက်မှာလည်း ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲသူတွေအပြင်၊ ဘေးပတ်ဝန်းကျင်ကတဆင့်ခံ အငွေ့ရှုမိသူ (Secondhand Smoker) ပါ၊ အလားတူ ကျန်းမာရေးဆိုးကျိုးတွေ ခံစားလာနေရတာမှာ၊ ထိခိုက်သူအားလုံးရဲ့ ရှစ်ပုံတစ်ပုံဝန်းကျင်အထိ ယေဘူယျအားဖြင့် ရှိလာနေပါတယ်။
အခုလို ဘေးကလူတွေရဲ့ ကျန်းမာရေးအခွင့်အရေးကို ထိခိုက်လာတာအတွက် ကာကွယ်တားဆီးမှုတွေကို လုပ်ပေးလာရပါတယ်။ ဒီအတွက် ဆေးလိပ်မသောက်ရ မရောင်းရ နယ်မြေ၊ ဆေးလိပ်ငွေ့ကင်းစင်ဇုံတွေကို အများသွားလာလှုပ်ရှားတဲ့ နေရာတွေမှာ သတ်မှတ်ပေးရတာပါ။ ကျောင်းတွေ၊ ရုံးဌာန၊ ဈေး၊ စားသောက်ဆိုင်၊ ရုပ်ရှင်ရုံ၊ ကဇာတ်ရုံ၊ အားကစားကွင်း၊ လမ်းပန်းဆက်သွယ်ရေးနေရာ စတာတွေမှာ သတ်မှတ်ပေးပေမဲ့၊ လိုက်နာဖို့ လိုနေပါသေးတယ်။ လူတွေ ပိုသိသာအောင် သတိပေး စာတမ်း/ပိုစတာ ပိုများများကပ်တာနဲ့ စောင့်ကြည့်ကြပ်မတ်မှုပါလုပ်ဖို့ လိုလာနေပါတယ်။
ဒါ့အပြင် ကလေးလူငယ်တွေကို ဆေးလိပ်ကုမ္ပဏီတွေ ပစ်မှတ်ထား ကြော်ငြာလာချိန်၊ ကျောင်းတွေမှာ အလေးပေး ကာကွယ်ဖို့လိုလာပါတယ်။ ကျောင်းအနား (ပေတစ်ရာအတွင်း) မှာ ဆေးလိပ်ဆိုင်နဲ့ တဦးချင်းရောင်းတာ ခွင့်မပြုတာ၊ ကျောင်းအဝေးက ရောင်းတဲ့နေရာတွေမှာလည်း ကျောင်းသားနဲ့ လူငယ်တွေဝယ်ရလွယ်နိုင်တဲ့ တစ်လိပ်ချင်းမရောင်းဘဲ ဗူးလိုက်သာရောင်းတာ၊ အသက် ၁၈ နှစ်အောက်အရွယ်တွေကို မရောင်းပေးတာတွေ လုပ်ပေးသင့်ပါတယ်။ ကျောင်းတွင်း ဝန်ထမ်းအိမ်နဲ့ တခြားနေရာတွေရှိလျှင်လည်း ဆေးလိပ်သောက်ခွင့် မပြုသင့်ပါဘူး။
တချိန်ထဲမှာ မြန်မာနိုင်ငံထဲ ဥပဒေကြောင်းအရ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု ထိန်းချုပ်ရေးဆိုင်ရာ ဥပဒေတွေ ပိုတင်းကြပ်ပြီး အရေးယူဖို့ လိုလာနေပါတယ်။ မြန်မာမှာ ဆေးလိပ်နဲ့ဆေးရွက်ကြီး သုံးစွဲမှုထိန်းချုပ်ရေး ဥပဒေပြဌာန်းပြီးဖြစ်ပေမဲ့၊ နောက်ပေါ် E-စီးကရက်ကို မထည့်ရသေးပါဘူး။ ဒါ့အပြင် ကျောင်းမှာ ဆေးလိပ်ခိုးရောင်းသူ၊ ခိုးသောက်သူတွေ ရှိလာနေတာအတွက်လည်း စောင့်ကြည့်စစ်ဆေး ဒဏ်ခတ်မှု တွေ သိပ်မရှိသေးပါဘူး။ လေဆိပ်နဲ့ ဘုရားတွေမှာ ဆေးလိပ်သောက်ဖို့ သီးသန့်နေရာ ဖန်တီးထားပေမဲ့၊ နောက်ပိုင်းမှာ လုံးဝကင်းစင်အောင်လုပ်ဖို့ လိုနေပါသေးတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်းက Health Digest ကျန်းမာရေးနှင့် ဆေးပညာဂျာနယ် အငြိမ်းစားအယ်ဒီတာချုပ်နဲ့ ပြည်သူ့ကျန်းမာရေး ဖေါင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာတင်မောင်ထွေး (ခေါ်) ဒေါက်ထွေး (ဆေး/မန်း) ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။
Forum