မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံကို တရားမဝင် တင်သွင်းလာတဲ့ စားကုန်အချို့ကို မစားသုံးကြဖို့ကို သတိပေးလာချိန်၊ ဒီအသင့်စားကုန်တွေမှာ သတိပြုကြည့်ရှု့စစ်ဆေးရမယ်ဆိုတာကို အာဟာရပညာရှင်၊ ကျန်းမာရေးပညာရှင်တွေက သတိပေးထောက်ပြနေကြပါတယ်။
မြန်မာနိုင်ငံက တင်သွင်းလာတဲ့ စည်သွပ်ဗူးနဲ့ မုန့်ဟင်းခါးအနှစ်တချို့ဟာ တရားမဝင်လို့ မစားသုံးကြဖို့ အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာန (USDA) လက်အောက် အစာဘေးကင်းရေးနဲ့ စစ်ဆေးရေးဌာန (FSIS) က ဩဂုတ်လလယ်နဲ့ အောက်တိုဘာလကုန်မှာပါ ဆက်တိုက်သတိပေး တားမြစ်လာနေခဲ့ပါတယ်။ အခုလိုအချိန်မှာ အမေရိကန်ကို ရောက်ရှိလာတာတင်မကဘဲ၊ ဒီအသင့်စား စားကုန်အားလုံးမှာ ကျန်းမာရေး ထိခိုက်နိုင်တာကို သတိပြုမိနိုင်ဖို့ ကြည့်ရှုစစ်ဆေးသင့်တာ ရှိပါတယ်။
ပထမ ကြည့်ရှု့စစ်ဆေးသင့်တာကတော့ ဗူးပုံစံ အနေအထား (ဖောင်းတာ ၊ ပိန်တာ၊ ချိုင့်တာ) နဲ့ သံချေးတက်တာတွေ ရှိမရှိ။ ဒီဗူးတွေက သံဖြူနဲ့ လုပ်ထားတာမို့ အထဲမှာပါတဲ့ အသား၊ ငါး၊ အသီးအရွက်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ပဲပြုတ် စတာတွေနဲ့ ဓာတ်ပြုပြီး ချိုင့်တာ ဖြစ်နိုင်သလို၊ တခြားတခုခု ဓာတ်ပြုပြီး ဘက်တီးရီယားပိုးမျိုး တွန်းကန်မှုရှိလာကာ ဖောင်းလာတာလည်းဖြစ်ကာ အဆိပ် ဖြစ်နိုင်ပါတယ်။ သံချေးတက်တာကလည်း အစာကို တိုက်ရိုက် အဆိပ်ဖြစ်စေနိုင်ပါတယ်။ ဒီအတွက် ဖြန့်ဖြူးရောင်းဝယ်သူအားလုံး သတိထားကြည့်ကာ၊ ပို့လာလျှင်လည်း ပြန်ပို့သင့်ပါတယ်။
နောက်သတိထား ကြည့်ရှုစစ်ဆေးသင့်တာက ဒီဗူးနဲ့အထုတ်တွေမှာ Label (စာညွှန်း) ထဲ၊ ဓာတ်မတဲ့မှု (Allergy) ဖြစ်စေတာတွေကို ဖော်ပြထားမှု ရှိမရှိပါ။ ဒီဓာတ်မတဲ့မှု ဖြစ်စေတတ်တာတွေကတော့ မြေပဲ၊ အစေ့ (ဘန်ဒါစေ့၊ သစ်ကြားစေ့၊ Pecan သစ်စေ့)၊ ပဲပုပ် (Soybean)၊ ဥ ၊ နို့နဲ့နို့ထွက်ပစ္စည်း၊ ပုဇွန် (ကဏန်း)၊ ငါး၊ ဂျုံ၊ နှမ်း တို့ဖြစ်ပြီး၊ တခုခု အနည်းငယ်မျှပါတာနဲ့ ဓာတ်မတဲ့ အန္တရာယ် ရှိနိုင်တာမို့ စာညွန်းမှာ ဖော်ပြဖို့လိုပါတယ်။ အရသာကောင်းအောင် (အချိုမှုန့်)၊ အသားအရောင်တင်အောင် (နိုက်တြိုဒ်ဓာတ်)၊ လတ်ဆတ်အောင် (ဆာလဖိုဒ်ဓာတ်) ထည့်တာမျိုးကိုလည်း ဒီအတွက် ဖော်ပြသင့်ပါတယ်။
ဒါ့အပြင် အစားအသောက် ဘေးအန္တရာယ်ကင်းရေး (Food Safety) အတွက် အစားအသောက်တွေရဲ့ တာရှည်ခံမူ (Shelf Life) ကိုလည်း ဂရုစိုက် ကြည့်ဖို့လိုပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့လည်း တာရှည်ခံမှုကို သေသေချာချာ သိပ္ပံနည်းကျ ဓာတ်ခွဲစမ်းသပ်ပြီးမှ တိတိကျကျ ဖော်ပြသင့်သလို၊ ရောင်းချမဲ့သူတွေကလည်း ဒါကို အတိအကျလိုက်နာပြီး သက်တမ်းကုန်မဲ့ရက် (Expiry Date) ကျော်လျှင် ဆက်မရောင်းသင့်တော့ပါဘူး။ စားသုံးသူတွေအနေနဲ့လည်း အသင့်စား အစားအသောက်တွေက သက်တမ်းလွန်သွားခဲ့လျှင် စားဖို့မသင့်တော်တော့တာမို့ လွှင့်ပစ်သင့်ပါတယ်။
ဒီအကြောင်း ပိုမိုသိရှိနားလည်နိုင်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့က အစာအာဟာရပညာရှင်နဲ့ အပြည်ပြည်ဆိုင်ရာ အစာအာဟာရဆိုင်ရာ ပါမောက္ခ ဒေါက်တာခင်မာချို ကို ဆက်သွယ်မေးထားပြီး တင်ပြလိုက်ပါတယ်။
Forum