သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီသံရုံးအကြီးအကဲနဲ့ WFP စစ်ဘေးရှောင်စခန်းတချို့သွားရောက်


ဂျာမနီသံရုံးအကြီးအကဲနဲ့ WFP စစ်ဘေးရှောင်စခန်းတချို့သွားရောက်ခဲ့စဉ်။ (ဓာတ်ပုံ-မြန်မာဆိုင်ရာ ဂျာမနီသံရုံး ဖဘ)
ဂျာမနီသံရုံးအကြီးအကဲနဲ့ WFP စစ်ဘေးရှောင်စခန်းတချို့သွားရောက်ခဲ့စဉ်။ (ဓာတ်ပုံ-မြန်မာဆိုင်ရာ ဂျာမနီသံရုံး ဖဘ)


[[Zawgyi/Unicode]]

မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီနိုင်ငံသံရုံးအကြီးအကဲ York Schuegraf ဟာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) နဲ့အတူ စစ်ဘေးရှောင်စခန်းတွေကို သွားခဲ့တယ်လို့ ဂျာမနီသံရုံးရဲ့ဖေ့စ်ဘုတ်မှာ ဒီကနေ့ ရေးသားဖော်ပြထားပါတယ်။

အကြမ်းဖက်မှုနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို တွေ့ကြုံခံစားနေရတဲ့ ဘာသာပေါင်းစုံက စစ်ဘေးရှောင်ပြည်သူတွေအတွက် သွားရောက်လေ့လာခဲ့တယ်လို့ သံရုံးကရေးထားပေမယ့် ဘယ်နေ့ကသွားခဲ့တယ်၊ ဘယ်ဒေသတွေက ဘယ်စခန်းတွေကို သွားခဲ့တယ်ဆိုတာကိုတော့ အတိအကျ ဖော်ပြမထားပါဘူး။

ခရီးစဉ်အတွင်း မြန်မာနိုင်ငံက စစ်ဘေးရှောင်ပြည်သူတွေ တွေ့ကြုံနေရတဲ့ အခက်အခဲတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

“ပြည်သူတွေ ကြုံတွေ့ခံစားနေရတာတွေကို ကျနော်တို့ခရီးစဉ်အတွင်း နားထောင်ခဲ့ပါတယ်။ သူတို့ရဲ့ အတွေ့အကြုံဖြစ်ရပ်တွေကို ကြားသိရတာဟာ ကျနော်တို့ရဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆောင်ရွက်ချက်တွေကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်း ဆောင်ရွက်ဖို့အတွက် အလွန်ပဲ အရေးကြီးပါတယ်။ ဒါနဲ့စပ်လျဉ်းပြီး တနိုင်ငံလုံးက မြန်မာပြည်သူတွေအတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေပေးနေတဲ့ WFP ရဲ့ လုပ်ဆောင်ချက်တွေကို ကျနော်တို့ အလေးအနက် အသိအမှတ်ပြုပါတယ်” လို့ Mr. Schuegraf က ပြောတာကိုလည်း သံရုံးဖေ့စ်ဘုတ်မှာ ပြန်ဖော်ပြထားပါတယ်။

ဂျာမနီနိုင်ငံဟာ မြန်မာနိုင်ငံက WFP အကူအညီပေးလုပ်ငန်းတွေအတွက် ပြီးခဲ့တဲ့နှစ်က ယူူရိုငွေ ၅ သန်း လှူဒါန်းခဲ့ပြီး နောင်မှာလည်း ဆက်ပြီး ပံ့ပိုးသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဂျာမနီသံရုံးရဲ့ ဖေ့စ်ဘုတ်ရေးသားချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

============
[[Unicode]]







============

XS
SM
MD
LG