သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ဒုက္ခသည်များ ရိက္ခာချို့တဲ့


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ ယခင်ပုံဟောင်း။  (ဓာတ်ပုံ - CJ)
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က ညောင်ချောင်းစစ်ရှောင်စခန်း မြင်ကွင်း။ ယခင်ပုံဟောင်း။  (ဓာတ်ပုံ - CJ)

[[Zawgyi/Unicode]]

ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ နည်းပါးလာနေတာကြောင့် စစ်ဘေးဒုက္ခသည်တွေ စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည်တွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ နေရပ်ပြန်ဖို့ခက်ခဲနေတဲ့အပြင် အစိုးရရဲ့ ထောက်ပံ့မှုတွေလည်း ပုံမှန်မရှိဘူးလို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်း ကိုစံကျော်က တင်ပြပေးထားပါတယ်။

ရခိုင်မြောက်ပိုင်းမှာ ကျန်သေးတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ မရှိသလောက်နည်းပါးလာနေတာကြောင့် စားဝတ်နေရေး အခက်ကြုံ နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။

ရသေ့တောင်မြို့နယ်၊ ကန်ပြင် စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း လူကယ်ပြန်က ထောက်ပံ့တဲ့ ဆန်ရိက္ခာတွေလည်းမရတော့သလို အဖွဲ့အစည်းတွေ လာရောက် ထောက်ပံ့တာတွေလည်း မရှိတော့တာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ရသေ့တောင်မြို့နယ် လူမှုကူညီရေးသမား ကိုကျော်မင်းခိုင်ကပြောပါတယ်။

“ ကန်ပြင်ဒုက္ခသည်စခန်းမှာဆိုရင်လည်း အစိုးရက ထောက်ပံ့တဲ့ တနေ့ ဆန် နို့ဆီဗူး နှစ်လုံးကိုလည်း မရတာကြာပြီ။ နောက်ပိုင်း ICRC ကလည်း စားနပ်ရိက္ခာ ထောက်ပံ့တာတွေမရတော့ ကိုယ့်ဖာသာကိုယ် ရုန်းကန်နေကြရတယ်။ အခုက ကုန်ဈေးနှုန်းတွေလည်း တက်နေတာဆိုတော့ သူတို့ အပြင်မှာ ထွက်ရှာတဲ့ ငွေလောက်နဲ့ အဆင်မပြေကြဘူး။ အတော်ခက်ခဲနေကြတယ်။”

လက်ရှိအချိန်ထိ ရသေ့တောင်မြို့နယ်မှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည် ၂ သောင်းဝန်းကျင်ရှိနေသေးသလို ပြီးခဲ့တဲ့ လကုန်ပိုင်းလောက်က စစ်ဘေးဒုက္ခသည်တွေ နေထိုင်တဲ့ စခန်းအနီးဝန်းကျင်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေ လာရောက်နေ ထိုင်နေကြ တာကြောင့် စစ်ဘေးဒုသည် ၃,၀၀၀ ထက်မနည်း တခြားနေရာတွေကို ပြောင်းရွှေ့နေထိုင်နေကြရတယ်လို့လည်း ဒုက္ခသည်တွေ ကပြောပါ တယ်။

ဒါ့အပြင် ပုဏ္ဏားကျွန်းမြို့နယ်က စက်မှုဇုန် စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း ထောက်ပံံ့ငွေ တနေ့ကို လူတယောက်အတွက် ၈၀၀ ကျပ်သာရရှိတာကြောင့် လက်ရှိကုန်ဈေးနှုန်းနဲ့ နေထိုင်စားသောက်ဖို့ ခက်ခဲနေကြတယ်လို့လည်း စခန်းတာဝန်ခံ ဦးကျော်သန်းကပြောပါတယ်။

“ နောက်အဖွဲ့အစည်းတွေကပေးတာလည်းမရှိဘူး။ ကြားဝင်လာတဲ့အဖွဲ့တွေကလည်း ပေးတာ မရှိဘူးဆိုတော့ ကျနော်တို့ဟာ WFP က ပေးတဲ့ ငွေနဲ့ပဲ လောက်ငှအောင် စားနေရတာဆိုတော့ ကျနော်တို့ တော်တော်အခက်အခဲဖြစ်နေပါတယ်။”

ဒါ့အပြင် မြေပုံမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေဟာလည်း အစိုးရ အသိအမှတ်ပြုထားတဲ့ စစ်ဘေးဒုက္ခသည်စခန်းမဟုတ်တာကြောင့် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေ မရတာ နှစ်နဲ့ချီရှိနေပြီလို့ စညှင်းစစ်ရှောင်စခန်း တာဝန်ခံ ကိုရွှေစိုးကပြောပါတယ်။

“ကျနော်တို့ စစ်ရှောင်စခန်းမှာ စားနပ်ရိက္ခာ လုံးဝအဆင်မပြေတာ ၂ နှစ်ကျော်လောက်ရှိပြီဗျာ၊ ကျနော်တို့ စညှင်းရယ်၊စိတ္တရရယ်၊ ကုန်သွားတဲ့ ကိုင်းကြီးရယ် တခါမှ အဖွဲ့အစည်းတွေရဲ့ ထောက်ပံ့တာမရှိဘူး။ နိုင်ငံခြားက အလှူရှင်တွေရယ် ပြည်တွင်း အရပ်ဖက်အဖွဲ့တွေရဲ့ အလှူတွေနဲ့ ရပ်တည်နေရတာ၊ အစိုးရကလည်း အသိအမှတ်မပြုဘူး ပယ်ထားတယ်။ အဲတော့ ကိုယ့်ဖာသာကိုယ် ရှာကြံစားပြီးတော့ ရပ်တည်နေရတယ်။”

လက်ရှိရခိုင်ပြည်နယ်မှာ လုံခြုံရေးစိုးရိမ်ရတာကြောင့် နေရပ်ပြန်ဖို့ ခက်ခဲနေတဲ့ စစ်ပြေးဒုက္ခသည် ၇ သောင်း နီးပါးရှိနေပါသေးတယ်။ ဒါပြင် ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့စစ်ကောင်စီကြား စစ်ရေးတင်းမာနေသလို အချိန်မရွေးတိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေရှိနေတာကြောင့်ဒေသခံတွေနဲ့ အဖွဲ့အစည်းတွေရဲ့ ခရီးသွားလာရေးတွေကို ကန့်သတ်မှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]












XS
SM
MD
LG